အတွင်းဝန် သည် ဗြဲတိုက်တွင် ထမ်းရွက်ပြီး မင်းဧကရာဇ်၏ အတွင်းရေးကိစ္စ ၊ နန်းတွင်းအမှုကိစ္စနှင့် နိုင်ငံကိစ္စများကို ချောမောအောင်မြင်အောင် မင်းဧကရာဇ်နှင့် လွှတ်တော်အကြား ဆက်စပ်ညှိနှိုင်းပေးရသောအရာထမ်း ဖြစ်သည်။[၁]

တာဝန် ဝတ္တရားများပြင်ဆင်

သံတော်ဆင့်များမှတဆင့် ရောက်လာသော မင်းမိန့်တို့ကို မှတ်သားချက်ထားသင့်သည် သို့ လွှတ်တော်သို့ အမိန့်ပြန်သင့်သည်ကို ခွဲခြားရသည်။ လွှတ်တော်သို့ အမိန့်ပြန်ရမည်ဆိုလျှင်လည်း ဝိဝါဒကွဲပြားစရာရှိပါက သံတော်ဆင့်တို့ကို လွှတ်၍ အမိန့်ပြန်ခံရသည်။

မင်းမိန့်ကို ဆွေးနွေးရန် ပြုပြင်ရန် ပယ်ဖျက်ရန် အတွင်းဝန်တို့၌ အာဏာရှိသည်။ သို့သော်လည်း ယင်းမှာ ဘုရှင်၏ဆင်ခြင်တုံတရားပေါ် မူတည်သည်။ ဘိုးတော်ဘုရား၊ မင်းတုန်းမင်း စသောမင်းတို့သည် ထိုသို့ ပြုခြင်းကို လက်ခံသည်။ သီပေါမင်းမူကား ထိုသို့လုပ်သော ဝက်မစွတ်မြို့စား အတွင်းဝန်၊ ယောအတွင်းဝန်တို့ကို အရာရွေ့ပစ်သည်။

နားခံတော်များမှတဆင့် ရောက်လာသော လွှတ်တော်မှစာတို့ကိုလည်း ဘုရင်ထံ ချက်ချင်းသွင်းသင့်သည် သို့ လွှတ်မှ ဝန်ကြီးတို့ထံ ပြန်မေးသင့်သည် ခွဲခြားရသည်။

နန်းတွင်းရှိ အဆောင် တိုက် ရုံ တင်းကုပ် စသည်တို့ကိုလည်း အလှည့်ကျအတွင်းဝန်က ညစဉ် စစ်ရသည်။ မီးစစ်လှည့်သည် ခေါ်၏။

မိဖုရားဆောင်များကိုလည်း အနောက်ဝန် အနောက်စာရေး၊ သက်ဆိုင်ရာ ကတော်စာရေးတို့ကို ခေါ်၍ လိုက်စစ်ကာ အဆောက်အဦယိုယွင်းလျှင် ပြင်ဆင်ရန် စီမံရသည်။

ရွှေတိုက်ဖွင့်လိုလျှင် အတွင်းဝန်တဦးဦးကို အစီရင်ခံရသည်။ အတွင်းဝန်ကို ရွှေတိုက်ဝန်ခန့်မူ အစီရင်ခံစရာ မလိုပြီ။ ရွှေတိုက်ဝန်ခန့်ရန်လည်း အတွင်းဝန်အားလုံးနှင့် ဘုရင်က သဘောတူသူကိုသာ ထားရသည်။

နေ့ညစောင့်ကြပ်သော အမှုထမ်းများ နေရာတကျ ရှိမရှိ၊ တာဝန်အလျောက် ပြုမပြုကို စစ်ဆေးရသည်။ အချုပ်များကိုလည်း အရေအတွက်အတိုင်း ရှိမရှိ၊ စစ်ရသေးသည်။

ငွေတိုက်မှာ ဗြဲတိုက်အောက်တွင်ရှိရာ အလုပ်အဆောင်များအတွက် ငွေပေးရမည်ဆိုပါကလည်း ရှင်ဘုရင်ထံ အမိန့်ခံကာ ငွေတိုက်စိုးမှတဆင့် ထုတ်ပေးရသည်။

ဘုရင်နှင့်ပတ်သက်သည့် နေ့စဉ်မှတ် လစဉ်မှတ် နှစ်စဉ်မှတ် အကြောင်းထူးမှတ်များကိုလည်း ပျက်ကွက်ခြင်းမရှိအောင် စီမံရသည်။ [၂]

ကိုးကားပြင်ဆင်

  1. ( ROB , X , p . 133 ၊ ရွှေနန်းသုံး ၊ စာ ၆၁ - ၂ နှင့် အုပ်ချုပ် ၊ စ ၊ စာ ၁၈ )
  2. မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့်ဘိုးတော်ဘုရား၏ရာဇသတ်ခေါ်သောအမိန့်တော်တမ်းကြီး၊ စတုတ္ထတွဲ။