အထူးဥပဒေများပြဋ္ဌာန်းရခြင်း

ပြင်ဆင်ရန်

မြန်မာနိုင်ငံတွင် ပြစ်မှုဆိုင်ရာအမှုများကို စစ်ဆေးစီရင်ရာတွင် ယခင်ရာဇသတ်ကြီး (ခေါ်) ပြစ်မှုဆိုင်ရာ ဥပဒေ နှင့် စစ်ဆေး စီရင်ဆုံးဖြတ်ကြသည်။ အချို့သောပြစ်မှုများမှာ ပြစ်မှုဆိုင်ရာဥပဒေတွင် အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ ထိုအခါ အဆိုပါအမှုများအတွက် လိုအပ်သည့်သီးခြားပြဋ္ဌာန်းချက်များကို ထုတ်ပြန် ဆောင်ရွက်ရန်လို အပ်လာသည်။ ပြစ်မှုဆိုင်ရာဥပဒေ၏ အခန်း၂ အရပ်ရပ်ဆိုင်ရာ ရှင်းလင်းချက်များ ပုဒ်မ ၄၁တွင် အထူးဥပဒေကို အောက်ပါအတိုင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။

အထူးဥပဒေဆိုသည်မှာ သီးခြားအကြောင်း အရာတခုနှင့်သက်ဆိုင်သော ဥပဒေကိုဆိုလိုသည်၊ ထို့ကြောင့်သီးခြားအကြောင်းအရာများအတွက် အထူး ဥပဒေများ သီးခြားထုတ်ပြန်ပေးရသည်။ အထူး ဥပဒေအမြောက်အမြားပင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ် သည်။ တိုးတက်လာသောခေတ်နှင့်အညီ ပြင်ဆင်ပြောင်းလဲ ပြဋ္ဌာန်းပေးရသည်လည်းရှိသည်။ ခေတ်စံနစ်နှင့် မညီတော့သည့်အတွက် အထူးဥပဒေများကို ဖျက်သိမ်းခဲ့ရသည်လည်းရှိသည်။

အထူးဥပဒေများပေါ်ပေါက်လာရခြင်း၏ သမိုင်းနောက်ခံအကျဉ်း

ပြင်ဆင်ရန်

အထူးဥပဒေများပေါ်ပေါက်လာရသည့် အဓိကအကြောင်းရင်းများတွင် အောက်ပါအချက်များပါဝင်သည်။

  • နိုင်ငံရေးအခြေခံပေါ်တွင် အခြေခံခြင်း
  • စီးပွားရေးအခြေခံပေါ်တွင် အခြေခံခြင်း
  • လူမှုရေးအခြေခံများအပေါ်တွင် အခြေခံခြင်း

နိုင်ငံရေးအခြေခံအပေါ်တွင် အခြေခံခြင်း

ပြင်ဆင်ရန်

နိုင်ငံတနိုင်ငံအားစီမံအုပ်ချုပ်နေသည့်အစိုးရ၏ မူဝါဒလမ်းစဉ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် အခြေခံ လွတ်လပ်ခွင့်များ၊ ပိုင်ဆိုင်ခွင့်များအပေါ်တွင်မူတည်၍ အစိုးရတရပ်၏ စီမံချက်လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင် စေရန်အတွက် လိုအပ်သည်များကို အထူးဥပဒေများအဖြစ် ထုတ်ပြန်ပြဋ္ဌာန်းပေးရ သည်လည်းရှိသည်။ ထို့အပြင် နိုင်ငံတော်၏လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များအတွက် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည့် အထူးဥပဒေများလည်းရှိသည်။

ဗြိတိသျှတို့၏ကိုလိုနီအဖြစ် ကျရောက်ခဲ့စဉ်အခါက ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံအနှံ့အပြား တော်လှန် တိုက်ခိုက်သည့် မျိုးချစ်သူပုန်များကို အရေးယူအပြစ်ပေးနိုင်စေရန်ရည်ရွယ်၍ ၁၈၇၅ တွင် State Prisoners Regulation ၊ ၁၈၇၈ ခုနှစ် လက်နက်အက်ဥပဒေ စသည်တို့ကို ပြဋ္ဌာန်းခဲ့သည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ တနိုင်ငံလုံး အင်္ဂလိပ်၏ ကိုလိုနီနယ်အဖြစ် ကျရောက်ခဲ့ရသည်၊ သို့သော်တော်လှန်မှုများ ဆက်လက် ရှိနေသေး သဖြင့် ၁၈၉၉ တွင် ရန်ကုန်ရဲအက်ဥပဒေတို့ကို ထပ်မံပြဋ္ဌာန်းသည်၊ ထိုဥပဒေတွင် သောင်းကျန်း ဒေသများ အတွက် အထူးပြဋ္ဌာန်းချက်များ၊ ငြိမ်ဝပ်ပိပြားမှုအတွက်နှင့် အခြားကိစ္စများအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် စည်းမျဉ်းများပါရှိသည်။ ၁၉၀၇ ခုနှစ် ကျေးရွာအက်ဥပဒေ၊ ၁၉၀၈ခုနှစ် မတရားအသင်းအက်ဥပဒေ၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်လုပ်ငန်းအက်ဥပဒေ စသည်တို့ကို နိုင်ငံတော်၏ လုံခြုံရေးအခြေအနေနှင့် နိုင်ငံရေး အခြေခံတို့အပေါ်တွင် အခြေခံ၍ ထိုအချိန်က လိုအပ်သည်ဟုယူဆကာ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ရသည့် အထူးဥပဒေ များဖြစ်သည်။

ကြားဖြတ်အစိုးရကာလ ၁၉၄၇ ခုနှစ်တွင် အရေးပေါ်တချက်လွှတ်ဥပဒေ (ThePublicOrder(Preservation) Act အများပြည်သူငြိမ်ဝပ်မှု (ထိန်းသိမ်းရေး) အက်ကို ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့၏လက် အောက်မှ ၁၉၄၈ ဇန္နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရပြီး လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ယခင်အင်္ဂလိပ်လက်ထက်က လက်ခံကျင့်သုံးခဲ့သည့် ဥပဒေများကိုပင် ဆက်လက်၍ လိုက်နာကျင့်သုံးခဲ့သည်။ ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်တွင် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသစ်ထပ်မံပြဋ္ဌာန်း သည့် ဥပဒေမှာလက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု၊ ယာယီ) အက်ဥပဒေနှင့် ၁၉၅၀ အရေးပေါ်စီမံမှု အက် ဥပဒေပင်ဖြစ်သည်။ ထိုအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီတောခိုခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လူမျိုးရေးအခြေခံဖြင့် တော်လှန်ပုန်ကန်မှုများစတင်ခြင်း၊ စစ်တပ်ရင်းများအလိုက်တောခိုခြင်း၊ ရောင်စုံသူ ပုန်သောင်းကျန်းမှုများ ပေါ်ပေါက်လာခြင်းတို့ကြောင့် ထိုခေတ်အခြေအနေအရ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ရသည့် ဥပဒေ ဖြစ်သည်။ ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေသည် မတရားအသင်းအက်ဥပဒေထက် ပိုမိုကျယ်ပြန့်၍ အသေး စိတ်ပြဋ္ဌာန်းချက်များ ဖော်ပြပါရှိသည်။ နိုင်ငံတော်အစိုးရကိုဆန့်ကျင်သောပြစ်မှုများကို အရေးယူရန် ရာဇသတ် ကြီးတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ၎င်းတို့မှာပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၂၊ ၁၂၃၊ ၁၂၄ တို့ဖြစ်ပြီး အင်္ဂလိပ်အစိုး ရလက်ထက်က ထိုကဲ့သို့ ကျူးလွန်သည့် ပြစ်မှုများကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများဖြင့် အရေးယူခဲ့သည်၊ သို့သော် နိုင်ငံတော်သစ္စာဖေါက်ဖျက်ပုန်ကန်မှုများနှင့် စပ်လျဉ်းသည့်ပုဒ်မများမှာ ရဲအရေးမပိုင်သော အမှုများ ဖြစ်၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၆ အရ အစိုးရ၏ ခွင့်ပြု ချက်လိုအပ်သည့်အပြင် တရားခံအား ဝရမ်းမပါပဲ ဖမ်းဆီးနိုင်ခြင်းမရှိပေ။ ၁၉၅၀ အရေးပေါ်စီမံမှုဥပဒေပြဋ္ဌာန်းချက်များအရ သောင်းကျန်းသူဖြစ်ခြင်းသာမက၊ ၎င်းကျူးလွန်ခဲ့သည့် အဖျက် လုပ်ငန်းများကိုပါ တရားစွဲဆိုနိုင်သည့်အပြင် ရဲကဝရမ်းမပါပဲ ဖမ်းဆီးပိုင်ခွင့်ရှိလာသည်။

၁၉၆၂ တွင် စစ်တပ်သည် ပါလီမန်ဒီမိုကရေစီအစိုးရလက်မှ တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည်။ အာဏာ သိမ်းပြီးသည်နှင့် မြန်မာနိုင်ငံအား မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စံနစ် (တပါတီစံနစ်) ကို အစပြုနိုင်စေရန် အတွက် ၁၉၆၄ ခုနှစ်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကိုကာကွယ်သည့်ဥပဒေ ထုတ်ပြန်ကာ တရားဝင် တည်ရှိနေသော နိုင်ငံရေးပါတီများနှင့် တောင်သူလယ်သမားအသင်းအဖွဲ့များ၊ အလုပ်သမားသမဂ္ဂများကို ဖျက်သိမ်းပစ်ခဲ့သည်၊ ဘာသာရေးအသင်းအဖွဲ့များမှအပ ကျန်အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းတည်ထောင် ခွင့်ကို ကန့်သတ်ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် တော်လှန်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီး အမြူတေပါတီမှ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၅ တွင် နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းတရပ်ရပ်တွင်ပါဝင်သော သို့မဟုတ် နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ် သို့မဟုတ် ဝန်ထမ်းတဦးဦး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းတရပ်ရပ်က ပြည်သူတို့အပ်နှင်းထားသော အခွင့်အာဏာကို အလွဲသုံးစားပြုသဖြင့် နိုင်ငံသားတဦးဦး၏ အခွင့်အရေးတရပ်ရပ်ကို ထိခိုက်နစ်နာစေခဲ့လျင်၊ ယင်းပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို တရားစွဲပိုင်ခွင့်ရှိသည်။ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးတောင်းခံ ပိုင်ခွင့်ရှိသည်။ ယင်းကိစ္စအတွက် ဥပဒေပြဋ္ဌာန်းထားရမည်ဟု ပါရှိခဲ့သည်။ ထို့ကြောင့် ၁၉၇၅ ခုနှစ်တွင် ပြည်သူ့ လွတ်တော်ဥပဒေ အမှတ် ၂ ဖြင့် နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်၊ ယင်းဥပဒေအရ မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ ထိန်းသိမ်းခံရခြင်းစသည့် ကိစ္စရပ် များအတွက် ဖမ်းဆီးသည့် ဝန်ထမ်း သို့မဟုတ် အဖွဲ့အစည်းအား တရားစွဲဆိုခွင့်နှင့် နစ်နာမှုအတွက် လျော်ကြေး တောင်းခံနိုင်ခွင့်ရရှိလာမည်ဖြစ်သည်၊ သို့သော်တဆက်တည်းမှာပင် နိုင်ငံသားများ၏အခွင့်အရေးကို ကန့်သတ် သည့် ဥပဒေတရပ်ဖြစ်သော နိုင်ငံတော်အားနှောက်ယှက် ဖျက်ဆီးလိုသူများ၏အန္တရာယ်မှ ကာကွယ်သည့် ဥပဒေကို ၁၉၇၅ ခုနှစ် ပြည်သူ့လွတ်တော်ဥပဒေ အမှတ် ၃ ဖြင့် ထုတ်ပြန် ကျေညာ ခဲ့သည်။ ထိုဥပဒေပုဒ်မ (၃) အရ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာ ရေးကိုဖြစ်စေ ထိပါးမည့်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် နိုင်ငံသားများ၏အခွင့်အရေးကို လိုအပ်သလို ကန့်သတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ကြိုတင်ကာကွယ်သည်ဟူသောအကြောင်းပြချက်ဖြင့် ဖမ်းဆီးချုပ် နှောင်ခြင်း ခံထားရသူဖြစ်ပါက နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေအရ သက်သာခွင့်၊ နစ်နာကြေး၊ လျော်ကြေး၊ စသည်တို့ကို တရား စွဲဆို၍ တောင်းခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ပေးကားပေး၏ မရ ဆိုသည့်သဘော သက်ရောက်နေပါသည်။ ၁၉၇၅ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေသည် ထိုအချိန်ကဖြစ်ပွားခဲ့သည့် အလုပ်သမားသပိတ်များ၊ ဦးသန့်အရေး အခင်းနှင့် သခင်ကိုယ်တော်မှိုင်း ရာပြည့်လှုပ်ရှားမှုများတွင်ပါဝင်သည့် အရေးပါသူများအား ဖမ်းဆီးထိန်းသိမ်း နိုင်ရန်အတွက်၎င်း၊ နိုင်ငံရေးအရသဘော ထားကွဲလွဲသူများကို ဖမ်းဆီးထိန်းသိမ်းနိုင်ရန်အတွက်၎င်း၊ ထိုဥပဒေ ကို ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်၊ ယခုအခါ ၁၉၇၄ ခုနှစ်တွင် ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ဖျက်သိမ်းပြီးဖြစ်သော်လည်း နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေကို နဝတ၊ နအဖ လက်ထက်တွင် ယနေ့တိုင် ကျင့်သုံးနေဆဲဖြစ်သည်။

စီးပွားရေးအခြေခံအပေါ်တွင်ပေါ်ပေါက်လာရသည့် အထူးဥပဒေများ

ပြင်ဆင်ရန်

နိုင်ငံတော်အားအုပ်ချုပ်သည့်အစိုးရတရပ်အနေဖြင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ မူဝါဒလမ်းစဉ်များချမှတ်ရာမှ လိုအပ်ချက်များအရ ပြဋ္ဌာန်းလာရသည့် ဥပဒေများဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နှင့် စီပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ကို လွတ်လပ်စွာခွင့်ပြုထားသော်လည်း အချို့သောကိစ္စရပ်များကိုမူ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုခဲ့ပေ။ ဥပမာအားဖြင့် စီးပွားရေးတွင် ဈေးကွက်ကို လက်ဝါးကြီးအုပ်သည့် ထရပ်အဖွဲ့များ၊ စင်ဒီကိတ်များ၊ ကာတယ်အဖွဲ့အစည်းများကို ဖွဲ့စည်းတည်ထောင်ခွင့် မပြု ခဲ့ပေ။ ထိုအချိန်က စီးပွားရေးလုပ်ငန်းရှင်အများစုမှာ တိုင်းရင်းသားများမဟုတ်ကြပဲ နိုင်ငံခြားသားများ၏ လက် ဝယ်ရှိနေသည့်အတွက် ထိုကဲ့သို့ကန့်သတ်ထားခြင်းဖြစ်သည့်အပြင် ထိုအချိန်ကအာဏာရရှိခဲ့သည့် ပြည်ထောင် စုအစိုးရ (ပထစ) နှင့် ဖဆပလ အဖွဲ့ကြီး၏စီးပွားရေးစံနစ်မှာ ဆိုရှယ်လစ်သဘောတရားအခြေခံ စီးပွားရေးစံနစ် ဖြစ်သည်။ ဆိုရှယ်လစ်စီးပွားရေးစံနစ်တွင် သဘာဝသယံဇာတအရင်းအမြစ်များ၏ မူလပိုင်ရှင်သည် နိုင်ငံတော် သာဖြစ်သည်၊ ထို့ကြောင့် ၁၉၅၃ ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေကို ပြဋ္ဌာန်း၍ နိုင်ငံခြား သားများ၏ လက်ဝယ်သို့ရောက်ရှိနေသည့် လယ်ယာမြေများကို နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့သည်။ မြန်မာပြည်၏ စီးပွားရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်လျင် အစိုးရသည် မြန်မာ နိုင်ငံကို ဆိုရှယ်လစ်နိုင်ငံဖြစ်ရန် ရည်ရွယ်ထားသည်မှာထင်ရှားကြောင်း၊ တိုင်းသူပြည်သားများက ရွေးကောက်ပွဲ များတွင် ဖဆပလနှင့် ပထစကိုမဲပေးခဲ့ကြခြင်း၊ ပါလီမန်တွင် ပြည်သူပိုင်လုပ်သောဥပဒေများကို ထောက်ခံခြင်းစ သည်တို့မှာ ဆိုရှယ်လစ်နိုင်ငံထူထောင်ခြင်းကို သဘောကျ၍ ထောက်ခံသည့်သဘော သက်ရောက်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ဦးဘဘေ (ဘကြီးဘဘေ) သည် ၎င်း၏အိမ်၌ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝေဖန်ပြောကြားခဲ့သည်။

တော်လှန်ရေးကောင်စီ၏ စီးပွားရေးဆိုင်ရာသဘောထားတွင် ဆိုရှယ်လစ်စီမံကိန်းများကိုဆောင်ရွက်နိုင်ရန် ကုန်ထုတ်အရင်းအနှီးများကို နိုင်ငံပိုင်ပြုလုပ်ရမည်။ တိုင်းပြည်၏ကုန်ထုတ်အရင်းအနှီးများကို နိုင်ငံတော်က သော်လည်းကောင်း၊ သမဝါယမနှင့် စုပေါင်းအဖွဲ့များကသော်လည်းကောင်း ပိုင်ဆိုင်ရမည်။ ထိုပိုင်ဆိ်ုင်မှုများတွင် နိ်ုင်ငံတော်ပိုင်ဆိုင် မှုသည် ဆိုရှယ်လစ်စီးပွားရေးစံနစ်၏ အဓိကအခြေခံ ဖြစ်သည်။

၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းကြီးများ နှင့် မြေယာအဆောက်အဦများကို နိုင်ငံတော်ပိုင် ပြုလုပ်ရမည်၊ တိုင်းပြည်၏ကုန်ထုတ်အရင်းအနှီးများကို နိုင်ငံတော်ကသော်လည်းကောင်း၊ သမဝါယမနှင့် စုပေါင်းအဖွဲ့များကသော်လည်းကောင်း ပိုင်ဆိုင်ရမည်။ ယင်းပိုင်ဆိုင်မှုများတွင် နိုင်ငံ တော် ပိုင်ဆိုင်မှုသည် ဆိုရှယ်လစ်စီးပွားရေးစံနစ်၏ အဓိကအခြေခံဖြစ်သည်ဟူသော ဆိုရှယ်လစ်စီးပွားရေး ဆိုင်ရာ မူဝါဒများအရ မြန်မာနိ်ုင်ငံအတွင်းရှိဘဏ်များ၊ စီးကရက်ကုမ္ပဏီများ၊ အကြီးစားစက်မှုလုပ်ငန်းများ၊ အထည်အလိပ်စက်ရုံများ၊ သတ္တုတွင်းလုပ်ငန်းများ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းကုမ္ပဏီများ၊ သတင်းစာလုပ်ငန်း များ၊ စာသင်ကျောင်းများကို တော်လှန်ရေးကောင်စီ၏အမိန့်ကြော်ငြာစာများဖြင့် သိမ်းယူ၍ နိုင်ငံတော်ပိုင်လုပ် ငန်းများအဖြစ် သတ်မှတ်ခဲ့သည်၊ ယခင်စံနစ်ဟောင်းပေါ်တွင် အခြေပြု၍ရေးဆွဲခဲ့သောဥပဒေများသည် ပုဂ္ဂလိကပိုင်စံနစ်ကို အကာအကွယ်ပေး အားပေးသည့် ဥပဒေစံနစ်များသာဖြစ်သည်။ တော်လှန်ရေးကောင်စီကထူထောင်နေသည့် ဆိုရှယ်လစ်စီပွားရေး စံနစ်တွင် ပြည်သူပိုင်စံနစ်သည်အဓိကဖြစ်ရာ ဥပဒေဟောင်းများမှာ စံနစ်သစ်ထုူထောင်ရန်အတွက် မဆီမလျော် ဖြစ်နေလေသည်။ ထို့ကြောင့် ဥပဒေဟောင်းများကို ဥပဒေအသစ်ဖြင့် အစားထိုးရမည်ဟုဆိုကာ ၁၉၆၅ ခုနှစ် တွင် ဆိုရှယ်လစ်စီးပွားရေးစံနစ် တည်ဆောက်ရေးအတွက် လုပ်ပိုင်ခွင့်များအပ်နှင်းသည့်ဥပဒေကို ထုတ်ပြန်ပြ ဌာန်းခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်း ဥပဒေကိုပြဋ္ဌာန်း၍ သမဝါယမ ကောင်စီကို ဖွဲ့စည်းခဲ့သည်။ အများပိုင်သမဝါယမလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ခဲ့သည်။

တော်လှန်ရေးကောင်စီလက်ထက်မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ ပြောင်းလဲချိန်အတွင်း မှောင်ခိုစီးပွားရေး လုပ်သူများကို အဆိုပါ ဆိုရှယ်လစ်စီးပွားရေးစံနစ်တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များအပ်နှင်းသည့်ဥပဒေ အရအရေးယူခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတအစိုးရလက်ထက်တွင် ပုဂ္ဂလိကအခန်းကဏ္ဍကိုမြှင့်တင် ပေးနိုင်ရန်၊ ခေတ်နှင့်အညီ ဈေးကွက်စီးပွားရေးမူဝါဒများအရ စီးပွားရေးလုပ်ငန်းများတွင် ပုဂ္ဂလိကပိုင်လုပ်ငန်း များ ပေါ်ပေါက်စေရန် ဥပဒေများ အသစ်ထပ်မံပြဋ္ဌာန်းသည်ကို တွေ့ရှိနိုင်သည်။ ထိုသို့ပြဋ္ဌာန်းသည့်ဥပဒေများ အနက် အချို့မှာ အောက်ပါအတိုင်းဖြစ်သည်၊ နိုင်ငံတော်ကသာ လုပ်ကိုင်ခွင့်ရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ဥပဒေနှင့် ၂၀ဝ၂ ခုနှစ်တွင် ၆/၂၀ဝ၂ အရ တရားမဝင်သောနည်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်သည့်ဥပဒေတို့ကို ထုတ်ပြန်ပြဋ္ဌာန်း၍ စီးပွား ရေးဆိုင်ရာကိစ္စရပ်များအတွက် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရသည်။ နိုင်ငံတော်နှင့်ဖက်စပ်လုပ်ငန်းများလုပ်ကိုင် ရာတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုကို အာမခံသည့်အနေဖြင့် ပြည်သူပိုင်သိမ်းမည်မဟုတ်ကြောင်း ဥပဒေဖြင့်အခိုင်အမာ အာမခံထားသည်ကို တွေ့ရှိရသည်၊ သို့သော်လည်း အစိုးရအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်းကို မြန်မာရောင်ခြည်ဦး မန္တလေးဘီယာချက်စက်ရုံ၏ ဖက်စပ်လုပ်ငန်းအား မြန်မာ့စားသောက် ကုန်ကော်ပိုရေးရှင်းမှ သိမ်းယူခဲ့သည့်အဖြစ်အပျက်က သက်သေခံနေသည်။

လူမှုရေးအကြောင်းပြချက်များကြောင့်ပေါ်ပေါက်လာရသည့် အထူးဥပဒေများ

ပြင်ဆင်ရန်

လူမှုရေးအကြောင်းပြချက်များကြောင့် ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သည့်ဥပဒေ အများအပြားရှိသည်။ ထင်ရှားသည့် ဥပဒေများမှာ ၁၈၉၉ ခုနှစ် လောင်းကစားမှုအက်ဥပဒေ၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဥပဒေ၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ၊ ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေ စသည်တို့သည် လူမှုရေးကိုအခြေခံ၍ ပေါ်ပေါက်လာသည့် အထူးဥပဒေများ အနက် ထင်ရှားသည့် ဥပဒေများ ပင်ဖြစ်သည်။

ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရသည့်ကိစ္စရပ်များတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များ ကို ရဲနှင့်တရားရုံးများက လိုက်နာဆောင်ရွက်ရသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက် များကိုကျော်လွန်၍ တရားရုံးက မှုခင်းများကို စစ်ဆေးစီရင်ခွင့်မရှိပေ။ ကျင့်ထုံးဥပဒေအရ တရားခံအားခွင့်ပြု ထားသည့် အခွင့်အရေးများအားလုံးကို တရားခံမှရရှိခံစားနိုင်စေရန် ခွင့်ပြုပေးရသည်။ အထူးဥပဒေဖြင့် အရေး ယူခြင်းခံရပါက ထိုဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်းသာ တရားရုံးများနှင့် ရဲများက လိုက်နာဆောင်ရွက် ရသည်။ သာမန်အားဖြင့် ထောင်ဒဏ် ၃ နှစ်အောက် ကျခံနိုင်သည့်အမှုများသည် ရဲအရေးမပိုင်သည့် အမှုဖြစ် သည့်အတွက် ဝရမ်းမပါပဲ လူတဦးတယောက်ကို မဖမ်ဆီးရ။ သို့သော် အထူးဥပဒေတွင် ထောင်ဒဏ် ၃ နှစ် အပြစ်မပေးနိုင်စေကာမူ ရဲက ဝရမ်းမပါပဲဖမ်းဆီးနိုင်သည်ဟု ပြဋ္ဌာန်းထားပါက ဖမ်းဆီးခွင့်ရှိသည်။ ထောင်ဒဏ် ၃ နှစ်အထက် ရဲအရေးပိုင်သောအမှုပင်ဖြစ်စေကာမူ အထူးဥပဒေက အာမခံပေးကိုပေးရမည်ဟု ပြဋ္ဌာန်းထား ပါက ရဲစခန်းက အာမခံပေးရပေမည်။

အချို့သောအမှုများတွင် ရဲစခန်းက အာမခံမပေးနိုင်။ တရားရုံးကသာ အာမခံပေးရမည်ဟု ပြဋ္ဌာန်းထားပါက လည်း တရားရုံးများနှင့် ရဲစခန်းများသည် ထိုအထူးဥပဒေ၏ ပြဋ္ဌာန်းချက်များအတိုင်းသာ လိုက်နာဆောင်ရွက် ရသည်။ အမှုဖြစ်ရပ်ခြင်း တူညီသည့်အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေတို့ဖြင့် ပြောင်းလဲ အရေးယူ၍မရပေ၊

စီရင်ပိုင်ခွင့်အာဏာ

ပြင်ဆင်ရန်

ပြစ်မှုဆိုင်ရာအမှုများတွင် အမှုတန်ဖိုး၊ သို့မဟုတ် ပြစ်ဒဏ်သတ်မှတ်ချက်များနှင့်ပတ်သက်၍ မည်သည့်တရားရုံး များကသာ စစ်ဆေးစီရင်ခွင့်ရှိကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင်စီရင်ခွင့်အာဏာကို အတိအကျပြဋ္ဌာန်း ထားသည်၊ သို့သော်အထူးဥပဒေတရပ်ရပ်က အထူးတရားရုံး ဖွင့်လှစ်စစ်ဆေးရန်သော်လည်းကောင်း၊ပြည်နယ် နှင့်တိုင်းတရား ရုံးကသော်လည်းကောင်း၊ မည်သည့်တရားရုံးတွင် စစ်ဆေးစီရင်ရမည်ဟု သတ်မှတ်ထားပါက ထိုဥပဒေပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ရသည်။ ဥပမာအားဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆ တွင် လူတဦးယောက်အား ဖမ်းဆီးရာတွင် လိုက်နာရမည့်လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းထားရာ လူတဦးတ ယောက်ကို မည်သို့ဖမ်းဆီးရမည်၊ ဖမ်းဆီးရာတွင်ခုခံလျင် မည်သို့ပြုမူရမည်စသည်တို့အပြင် သေဒဏ်နှင့် တသက်တကျွန်းဒဏ် ထိုက်သင့်သည့်အမှုနှင့် စွပ်စွဲခြင်းမခံရလျင် သေသည်အထိ ဖမ်းဆီးခြင်းမပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ သို့သော် အများပြည်သူ ငြိမ်ဝပ်မှုထိန်းသိမ်းရေးအက်ဥပဒေအရ ဖမ်းဆီးအရေးယူသည့်အခါ တွင်မူ အထက်ဖော်ပြပါ ဖမ်းဆီးနည်းကို လိုက်နာရန်မလို။ ဆိုလိုသည့်သဘောမှာ လိုအပ်လျင် သေသည်အထိ ပြုမူနိုင်ကြောင်း ခွင့်ပေးထားသည့်သဘောပင်ဖြစ်သည်။

ထို့အတူ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၆၁ တွင် လူတဦးတယောက်အား ရဲကဝရမ်းမပါပဲ ဖမ်းဆီးထားလျင် ထိုသူကို ၂၄ နာရီထက်မကျော်ပဲ တရားရုံးသို့ တင်ပို့ရမည်ဖြစ်ကြောင်း အတိအလင်းပြဆိုထားသည်။ သို့သော် အရေးပေါ်တချက်လွှတ် ဥပဒေအရ ဖမ်းဆီးထိမ်းသိမ်းထားသူဖြစ်လျှင် ၂၄ နာရီ မဟုတ်ပဲ ၇၂ နာရီ အထိ ချုပ် နှောင်ထားခွင့်ရှိကြောင်းကို၊ ယင်းဥပဒေ၏ ပုဒ်မ ၃ (ဂ) တွင် ဖွင့်ဆိုပြဋ္ဌာန်းထားသည်။

တရားစီရင်ခွင့်အာဏာနှင့်ပတ်သက်၍ အထူးတရားရုံးများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့်ပတ်သက်၍သော်လည်းကောင်း၊ မည်ကဲ့သို့ စစ်ဆေးစီရင်ရမည်၊ သက်သေထွက်ချက်များကို မည်ကဲ့သို့ရယူရမည်ဆိုသည့် ကိစ္စရပ်များအား သီးသန့် ပြဋ္ဌာန်းထားရှိသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်မလိုပဲ အထူးဥပဒေ များတွင်ဖော်ပြသည့်အတိုင်း တရားရုံးတရားသူကြီးများက လိုက်နာဆောင်ရွက်ကြရသည်။

အထက်ပါဖော်ပြချက်များသည် အထူးဥပဒေ၏ ထူးခြားမှုတစိတ်တဒေသဖြစ်သည်။ အထူးဥပဒေအရ အထူး တရားရုံး ဖွဲ့စည်း၍ စစ်ဆေးစီရင်နိုင်သည်ဟု ဖော်ပြထားပါက အထူးတရားရုံးဖြင့် စစ်ဆေးစီရင်ရမည်။ မှုခင်း များကို အများပြည်သူ၏ရှေ့မှောက်တွင် စစ်ဆေးစီရင်ရမည်ဟုဆိုသော်လည်း၊ အထူးဥပဒေအရစစ်ဆေးသည့် အမှုများတွင် လုံခြုံရေးအရသော်လည်းကောင်း၊ ထူးခြားသော အခြေအနေများကြောင့်သော်လည်းကောင်း၊ အများ၏မျက်ကွယ်တွင် စစ်ဆေးစီရင်နိုင်သည်ဟု ဖော်ပြထားပါက အများပြည်သူများ၏မျက်ကွယ်တွင် စစ်ဆေးစီရင်နိုင်ကြောင်း တွေ့ရသည်။