ဆရာတော် သျှင်ဒိသာပါမောက္ခ: တည်းဖြတ်မှု မူကွဲများ

" ဆရာတော်ဦးကျည်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၆:၀၄၊ ၁၃ ဩဂုတ် ၂၀၁၃ ရက်နေ့က မူ

ဆရာတော်ဦးကျည်ပွေ့(ခေါ်) သျှင်ဒိသာပါမောက္ခသည် မြန်မာ့သမိုင်းဦးဖြစ်သော ပုဂံခေတ်တွင် ထင်ရှားခဲ့သော ဆရာတော် ဖြစ်သည်။ မြန်မာ့ရှေးဦးသင်ဖြစ်သော သင်ပုန်းကြီးကျမ်းကိုလည်း ရေးသားတော်မူ ၏။ ပုဂံပြည်၏ ငြိမ်းချမ်းရေးတမန်တော် တစ်ပါးလည်း ဖြစ်၏။ ဆရာတော်၏ အကြောင်းကား ဤသို့တည်း။

သက္ကရာဇ် ၅၉၆-ခုနှစ်တွင် နန်းတက်သော ကျစွာမင်းကြီး လက်ထက်တွင် အသက် ၆ဝ-အရွယ် ရဟန်းကြီးတစ်ပါး ရှိသည်။ ထိုရဟန်းကြီးသည် အမှတ်မဲ့နေခဲ့သဖြင့် ပိဋကတ်စာပေကို ပေါက်မြောက်အောင် မလေ့လာခဲ့ရချေ။ ရဟန်းကြီးသည် နေ့စဉ်နေ့တိုင်း သွားတိုက်ပြီးသော ဒန်ပူတို့ကို ကျောင်းအောက်ရှိ လေးတောင်ခန့်နက်သော တွင်းထဲသို့ ပစ်ချလေ့ရှိ၏။ ကြာသော် ထိုတွင်းကြီးသည် ဒန်ပူများဖြင့် ပြည့်မောက်လျက် ရှိနေတော့သည်။

တစ်နေ့သ၌ ရဟန်းကြီးသည် ထိုဒန်ပူတို့ဖြင့် ပြည့်မောက်နေသော တွင်းကြီးကို ကြည့်၍ ဤသို့ ကြံမိသည်။ ငါသည် တစ်နေ့လျှင် ဒန်ပူတစ်ချောင်းမျှကို တိုက်၍ ပစ်ခဲ့ရာ တွင်းပြည့်ခဲ့ပြီ၊ ငါသည် ယခု အသက်၆ဝ-တိုင် အမှတ်မဲ့နေခဲ့၍ စာပေ မလုံမလောက် ရှိခဲ့သည်၊ တစ်နေ့လျှင် ဤဒန်ပူလောက်မျှသာ ကျက်ခဲ့လျှင် ကာလကြာသော် များစွာ တတ်မြောက်ရန် ရှိပေသည်၊ ဟု တွေးတော သတိရမိသည်။

ဤသို့ သတိရမိသည့်အတိုင်း စာပေကို လေ့လာတော့အံ့ဟု နှလုံးပိုက်၍ ကျစွာမင်း ကြီးထံသို့ ဝင်၍ ကံ့ကူဆံကို အလှူခံလေသည်။ ထိုအခါ ကျစွာမင်းကြီးက အရှင်ဘုရား၊ သက်တော်လည်း ကြီးလှပေပြီ၊ ယခုမှ သင်ကြား၍ ဘယ်မှာ တတ်မြောက်နိုင်တော့မည်နည်း၊ ဆုံကျည်ပွေ့သည်လျှင် အတက်အညွန့် ပေါက်နိုင်စရာ ရှိသည်၊ ကျမ်းဂန်မတတ်နိုင်ရာတော့ပြီ၊ ဟု ပြက်ရယ်ပြောဆို၍ကံ့ကူဆံကို လှူဒါန်းလိုက်လေသည်။

ရဟန်းကြီးသည် ကျစွာမင်းကြီးပြောဆိုသော စကားကို စိတ်တွင် မှတ်၍ နန်းတော်မှ ထွက်ခဲ့၏။ ကျောင်းသို့ ရောက်လျှင် မိမိကြံစည်ရင်းအတိုင်း နိရုတ္တိစသော ကျမ်းစာတို့ကို တစ်နေ့လျှင် ဒန်ပူတစ်ထောက်စာမျှ သတ်မှတ်၍ လေ့လာဆည်းပူးလေတော့သည်။ ယင်းသို့ ဆည်း ပူးရာ၌ လျင်မြန်သော Óဏ်ရှိသည့်အလျောက် မကြာမြင့်မီ တတ်မြောက်တော်မူလေသည်။ ထိုအခါ တစ်ချိန်က ကျစွာမင်းကြီး ပြက်ရယ်ပြုလိုက်သည်ကို ပြန်လည် ချေပလိုသဖြင့် ဆုံကျည်ပွေ့တစ်ခုကို ရှာ၍ အညွန့်အခက်များ ပေါက်နေလေဟန်ဖြင့် သစ်ခက် သစ်ညွန့်တို့ကို ဆုံကျည်ပွေ့တွင် စည်းနှောင်လေသည်။ ပြီးနောက် ထိုကျည်ပွေ့ကြီးကို ထမ်းလျက် ကျစွာမင်းနန်း တော်သို့ ဝင်လေတော့သည်။

ကျစွာမင်းလည်း ဆရာတော်၏ ထူးခြားသော အသွင်အပြင်ကို မြင်တော်မူ၍ ပြုံးရယ် ပြီးလျှင် အကြောင်းချင်းရာကို မေးမြန်းတော်မူ၏။ ထိုအခါ ဆရာတော်က ဒကာတော် မင်းကြီး၊ တစ်ခါက ကျည်ပွေ့ အတက်ပေါက်မှ စာတတ်လိမ့်မည် ဆိုသော စကားကို မှတ်မိပါသေး၏လော၊ ယခုအခါ ကျည်ပွေ့လည်း အတက်ပေါက်ပြီ၊ ငါလည်း စာပေကျမ်းဂန်တို့ကို တတ်မြောက်ပြီ၊ ဟု ပြောကြားလေသည်။

ကျစွာမင်းသည် ဆရာတော်အား ပုစ္ဆာတို့ကို မေးမြန်းလျှောက်ထား၍ ပစ္စည်းလေးပါးတို့ ဖြင့် လှူဒါန်းပူဇော်လေသည်။ ထိုအချိန်မှစ၍ ဆရာတော်သည် သျှင်ဒိသာပါမောက္ခဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာလေသည်။


ဆရာတော် သျှင်ဒိသာပါမောက္ခသည် သားတော်ဥဇနာမင်း၊ နရသီဟပတေ့မင်းလက် ထက်တို့၌လည်း မင်းဆရာအဖြစ် ဆက်လက် ကိုးကွယ်ခြင်းခံရလေသည်။ မြန်မာနိုင်ငံတွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းလက်ထက် မွန်ဂိုဘုရင် ကူဗလိုင်ခန် ၏ စစ်သည်တော်များ မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းမှာ ပုဂံမှပြည်မြို့သို့ ထွက်ပြေး တိမ်းရှောင်ရလေသည်။ နရသီဟပတေ့မင်းသည် သျှင်ဒိသာပါမောက္ခ ရဟန်းတော်အား သဝဏ်လွှာနှင့် ပီကင်းမြို့ ကူဗလိုင်ခန်ဘုရင်ထံ စေလွှတ်စေ့စပ်ခဲ့ရကြောင်း၊ မင်္ဂလာစေတီ ကျောက်စာတွင် တွေ့ရှိရသည်။ ထိုကျောက်စာတွင် ကူဗလိုင်ခန်၏ နေပြည်တော်ကို တယ်တူ (တိုင်တူး) ဟု ဖော်ပြထားသည်။ ကူဗလိုင်ခန်ဘုရင်မှာ အရှေ့ဘက် နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများအထိ တန်ခိုးပျံ့နှံ့ခဲ့သော မွန်ဂိုဘုရင် ဖြစ်သည်။ သက္ကရာဇ် ၆၁၈-ခုတွင် နန်းတက်သော နရသီဟပတေ့ခေါ် တရုတ်ပြေးမင်းလက်ထက် တွင် တရုတ်ပြည် (မွန်ဂိုဘုရင်ကူဗလိုင်ခန်) ၏ သံများ ရောက်လာသည်ကို ရှေ့တော်၌ အနေအထိုင် မယဉ်ကျေးသည့်အတွက် သံတမန်များကို သုတ်သင်ပစ်လေသည်။ ထိုအခါမှစ၍ တရုတ်(မွန်ဂို)-မြန်မာစစ်ပွဲကြီး ဖြစ်ရလေသည်။ ထိုစစ်ပွဲအခြေအနေမှာ တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာသောကြောင့် နရသီဟပတေ့မင်းသည် ပုဂံပြည်ကို ပစ်ခွာ၍ ပြည်မြို့အနောက်ဘက် လှည်းမီးချအရပ်၌ ခေတ္တစံနေတော်မူရလေသည်။

ထိုစဉ်အတွင်း အနန္တပစ္စည်းနှင့် မဟာပိုဝ်တို့ကို ခေါ်တော်မူ၍ တရုတ်တို့၏ အခြေအနေ ကို သိသာအောင် ပြုရမည်ဟု အမိန့်ရှိသည်။ ထိုအခါ အနန္တပစ္စည်းနှင့် မဟာပိုဝ်တို့သည် မင်းကြီး အား ဤသို့ လျှောက်တင်ကြသည်။ တရုတ်တို့၏ အခြေအနေကို သိသာအောင် ပြုရမည့်အမှု ကား ကြီးမားလှပါဘိ၏၊ ယခုအချိန်၌ သံတမန်လွှတ်ရမည့်သူလည်း မရှိပါ၊ သဝဏ်လွှာရေးသား ၍ ဆက်သမည့်သူလည်း မရှိဘဲ ဖြစ်နေပါသည်၊ အကယ်၍ သျှင်ဒိသာပြာမုတ် (သျှင်ဒိသာပါမောက္ခ) ပါဝင်လျှင်မူကား ဤကိစ္စကို ဆောင်ရွက်နိုင်စရာ ရှိပါသည်၊ ဟု လျှောက်ထားကြလေသည်။


ဤသို့ဖြင့် ဆရာတော် သျှင်ဒိသာပါမောက္ခကို ပင့်ယူ၍ ယင်းကိစ္စအဝဝကို အပ်နှင်း တော်မူလေသည်။ ဆရာတော်လည်း ရွှေဘိုနယ်ရှိ သစ်ဆိမ့်အရပ်နှင့် ဟန်လင်းအရပ်တို့တွင် ခေတ္တ မျှ သီတင်းသုံးနေတော်မူပြီးလျှင် သဝဏ်စာရေးသားပြီး တရုတ်မင်းထံသို့ စေလွှတ်တော်မူ၏။ ထို့နောက်မှ တရုတ်မင်း၏ ပင့်ဆောင်ချက်ဖြင့် တရုတ်ပြည်သို့ ြ<ွကတော်မူလေသည်။

ထိုအချိန်တွင် တရုတ်မင်းက ပုဂံပြည်ကို စစ်တိုက်စိမ့်သောငှာ သုတ္တတကီမင်းသားနှင့် သူရဲနှစ်သောင်းတို့ကို ပုညဓမ္မိကာမဟာထေရ်နှင့် သျှင်ဓမ္မိကာမထေရ် နှစ်ပါးတို့အား ကျောင်း ပေါင်း ၇ဝ-မှ ရဟန်းတော်တို့ကို အုပ်ချုပ်စေ၍ သင်းတွဲပြည်သို့ ရောက်အောင် တပ်ချထားလေ သည်။ ဆရာတော် သျှင်ဒိသာပါမောက္ခသည် ထိုစစ်သူရဲများ အကြားမှပင် တရုတ်မင်းစံရာ ပီကင်း (ဘေဂျင်း) မြို့သို့ ဦးတည်လာခဲ့၏။ လမ်းခရီးတွင် ဝါလအခါနှင့် ကြုံကြိုက်နေသဖြင့် ယဆည် မည်သောအရပ်၌ ဝါဆိုဝါကပ်တော်မူရလေသည်။

ဆရာတော်သည် ဝါလကျွတ်သောအခါမှ ဆက်လက်၍ ြ<ွကချီတော်မူရာ တန်ဆောင် မုန်းလ ရောက်မှ တယ်တူမြို့တော် (ဘေဂျင်း) သို့ ရောက်ရှိသွားလေသည်။ ရောက်လျှင် တရုတ်မင်း က သူရဲနှစ်သောင်းနှင့် မဟာထေရ်တို့ကို သာသနာပြုစေလွှတ်လိုက်ကြောင်း ပြောပြ၏။ ထိုအခါ ဆရာတော်က တရုတ်မင်း ကူဗလေခန်အား ဆန်စပါးသည် တိုင်းပြည်၏ အခြေအမြစ် ဖြစ်သည်၊ စပါးမရှိက သူရဲသူခက်များ သံဃာတော်များသည် တည်တံ့စွာ နေနိုင်မည် မဟုတ်ပါ၊ ဥယျာဉ်ဆို သည်မှာ ရေသွန်းလောင်း၍ စိုက်ပျိုးရခြင်း ဖြစ်သည်၊ အညွန့်အတက် မကြီးပွားမီ ဆိတ်ခူးခြင်း မပြုရပါ၊ ယခုလည်း ပုဂံပြည်၌ ကောက်ပဲသီးနှံ စိုက်ပျိုးဦးမည်၊ ပြီးမှ သာသနာပြုစေလိုသည်၊ စသော တရားဓမ္မများဖြင့် ဟောကြားတော်မူရာ ပြေငြိမ်းခွင့်ရသဖြင့် ဆရာတော်သည် ပုဂံပြည်သို့ ပြန်လည် ြ<ွကရောက်တော်မူခဲ့လေသည်။

ပုဂံပြည်သို့ ပြန်ရောက်လျှင် ဆရာတော်အား အလွန်ကျေးဇူးကြီးလှသောကြောင့် ဟန်လင်းမြေ ၄ဝဝ၊ ကြံတူ၌ မြေသန်မုရင်း ပျိုးခင်းစုံ ၄ဝဝ၊ မြေပေါင်း ၈ဝဝ-နှင့် ကျွဲနွားအစုံတို့ကို လှူဒါန်းတော်မူလေသည်။ သို့ရာတွင် ဆရာတော်သည် ထိုပစ္စည်းများကို ပုဂံမြို့တောင်ဘက် ပန်းပွတ်အရပ်ရှိ မင်္ဂလာစေတီတော်ကို ထပ်မံလှူဒါန်းလိုက်လေသည်။ ထို့ပြင် တန်ဆောင်းတော်ကြီး များ၊ စာသင်တိုက်ကြီးများကိုလည်း တည်လုပ်တော်မူ၍ ကုသိုလ်တရားတို့ကို ပွားများတော်မူခဲ့ လေသည်။

[၁]

ကိုးကား

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်

၁) မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၅ ၊ ၂) မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ၊ ၃) သာသနာလင်္ကာရစာတမ်း၊ ၄) စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၅) မြန်စာဂုဏ် စာညီလာ၊ ၆) သင်ပုန်းကြီးဋီကာကျမ်း၊ ၇) သင်္ဂြိုဟ်ဂဏ္ဌိ သုံးစောင်တွဲ၊ ၈) မှန်နန်းရာဇဝင်တော်ကြီး-ပထမတွဲ၊ ၉) ၁၉၇ဝ-ခု၊ ဒီဇင်ဘာလထုတ်၊ စန္ဒာမဂ္ဂဇင်း မှ ဟံသာဝတီဦးဘရင်၏ ' ငဆောင်ချမ်းတိုက်ပွဲနှင့် ဦးကျည်ပွေ့ ' ဆောင်းပါး၊