န၀ရတ်ကိုးပါး: တည်းဖြတ်မှု မူကွဲများ

"== န၀ရတ်ကိုးပါး ==..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၄:၅၈၊ ၉ ဇူလိုင် ၂၀၁၄ ရက်နေ့က မူ

န၀ရတ်ကိုးပါး

န၀ရတ်ဟူသည် န၀ရတနဟူသောပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ ထိုကိုးပါးသောရတနာတို့မှာ.

  • ၁။ ပုလဲ
  • ၂။ သန္တာ
  • ၃။ နီလာ
  • ၄။ စိန်
  • ၅။ ကြောင်
  • ၆။ မြ
  • ၇။ ဥဿဖယား
  • ၈။ ပတ္တမြား နှင့်
  • ၉။ ဂေါ်မုတ်

တို့ ဖြစ်ကြသည်။ ယင်း ရတနာကိုးပါးစလုံးသည် ကျောက်မျက်မျိုးတွင်ပါ၀င်ေသာရတနာများဖြစ်ကြသည်။ ၎င်းတို့အနက် စိန်၊ ပတ္တမြား၊ မြ နှင့် နီလာတို့သည် အဖိုးအတန်ဆုံးဖြစ်ကြသည်။

ပုလဲနှင့်သန္တာသည် တွင်းထွက်ကျောက်မျက်များမဟုတ်ဘဲ ပုလဲကို ကမာ (သို့မဟုတ်) မုတ်ကောင်၏ ကိုယ်တွင်းမှရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ၇သည်။

နီလာနှင့် ပတ္တမြားမှာ ကျောက်မျက်အမာမျိုး တမျိုးတည်းပင်ဖြစ်၍ အသွေးအရောင်၌သာ ခြားနားခြင်းရှိကြသည်။ ပတ္တမြားသည် သွေးကဲ့သို့ နီသောအရောင်ရှိ၍ နီလာသည် တောက်ပသော အပြာရောင်ရှိသည်။ 

စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုပင်ခေါ်သည်။

ကျောက်မျက်အမျိုးပေါင်း ၁၂၀ ရှိသည့်အနက်စိန်သည် အမာဆုံးသောကျောက်မျက်ဖြစ်သည်။ ကြောင်ကို ကြောင်မျက်ရွဲဟုလည်း ခေါ်ကြသည်။ မြတွင်ကြည်လင်စိမ်းမြသော အရောင်ရှိသည်။ သို့သော် စိန်၊ နီလာနှင့် ဥဿဖယားတို့လောက်မမာချေ။ ဂေါ်မုတ်သည် ကျောက်သလင်းနှင့်ရော၍ တွေ့ရတတ်သောကျောက်မျိုးဖြစ်သည်။ အထက်ပါရတနာကိုးပါးစီခြယ်အပ်သော လက်စွပ်ကို န၀ရတ်လက်စွပ်ဟုခေါ်သည်။ ပဒေသရာဇ်ခေတ် မြန်မာဘုရင်များ၏ အသုံးအဆောင်များဖြစ်သော ကွမ်းအစ်၊ လည်ဆွဲကြိုး၊ လက်ကောက်၊ ဆံထုံးများတွင် န၀ရတ်ကိုးပါး စီခြယ်ထားသည်ကို တွေ့ရှိရသည်။ ရှေးခေတ်များတွင်ကျောက်မျက်များ၌ ထူးခြားသော တန်ခိုးများရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ န၀ရတ်တွင်ပါသောကျောက်မျက်ရတနာတပါးစီတွင် တန်ခိုးအာနိသင်များရှိကြသည်ဟုသိရသည်။ ပတ္တမြားသည် မြန်မာနိုင်ငံမှထွက်ရှိ၍ဘုန်းတန်ခိုးရှိသည်။ ရန်သူအန္တရယ်မှ ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။ မြန်မာနိုင်ငံမှ ပတ္တမြားငမောက်ကို ပဒေသရာဇ်မင်းတို့က ဘုန်းတန်ခိုးအာနိသင်ရှိအောင်နှင့် ရန်သူအန္တရယ်မှ ကာကွယ်နိုင်အောင် ဆောင်ထားခြင်းကို သမိုင်းရာဇ၀င်များတွင်လေ့လာတွေ့ရှိရသည်။ မြကျောက်သည်စိမ်းမြသောအရောင်နှင့် ညီမျှသော အေးချမ်းခြင်း၊ သောကကင်းဝေးခြင်း၊ စိတ်တည်ငြိမ်ခြင်းကိုစွမ်းဆောင်နိုင်သည်ဟုဆိုသည်။ စိန်သည် တောက်ပဖြူစင်ပြီး ဘုန်းတန်ခိုးကြီးခြင်း၊ အိမ်ထောင်ခိုင်မြဲခြင်း၊ စီးပွားလာဘ်လာဘတိုးတက်ခြင်းတို့ကို စွမ်းဆောင်နိုင်သည်ဟုဆိုပါသည်။ ကမ္ဘာလူသားတိုင်း မင်္ဂလာလက်စွပ်လဲလှယ်ရာတွင် စိန်လက်စွပ်ကိုအသုံးပြုကြခြင်းသည် အိမ်ထောင်ခိုင်မြဲမှုအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ရုရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင် ကမ္ဘာ့အကောင်းဆုံးစိန်များထွက်ရှိသည်။ ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ နီလာကျောက်သည် သူတပါး၏မေတ္တာကိုရရှိသည်။ လူတို့၏ချစ်ခင်မြတ်နိုးမှုကိုရရှိသည်။ ရန်အပေါင်းမှကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း၊ စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ ဥဿဖယား ကျောက်သည် ကျန်းမာရေးကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လဘကောင်းခြင်း စသည်များကိုစွမ်းဆောင်နိုင်သည်ဟုဆိုသည်။ သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတပါးအကျိုးကိုဆောင်ရွက်နိုင်ခြင်း၊ ရန်သူကိုအောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟုဆိုသည်။ ပုလဲရတနာသည် ကျက်သရေရှိခြင်း၊ လူ၊နတ်၊ချစ်ခင်ခြင်း၊ ကျန်းမာခြင်း၊ အန္တရယ်ကင်းခြင်း စသည်များကိုစွမ်းဆောင််နိုင်သည် ဟုသိရသည်။ ကဝိလက္ခဏာသတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ န၀ရတ်၊ စီခတ်အမွှမ်းတင်-ဟုတွေ့ရသည်။ လူတို့သည် န၀ရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာ ပြည့်စုံသည်ဟုယုံကြည်၍ ဆင်ယင်လေ့ရှိကြသည်။

ပတ္တမြားဘုန်းတောက်၊ မြကျောက်ဧချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖယားကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ကိုးဂုဏ်ဝေသည်၊ ကိုးထွေန၀ရတ် စွမ်းရည်တည်း-ဟူ၍ န၀ရတ်ကိုးပါးနှင့်ပတ်သက်သော လင်္ကာကိုစပ်ဆိုကဲ့ကြသည်ကို မှတ်သားရပါသည်။