ကနုတ် ဆိုသည် ကုမုဒ ဟူသော ပါဠိဘာသာမှ ကမုဒ ဟူ၍လည်းကောင်း၊ ကုဒ ဟူ၍လည်းကောင်း ပြောင်းလည်းခေါ်ဝေါ်ရာမှ ကနုတ်ဟူ၍လည်းကောင်းအဆင့်ဆင့်ပြောင်းလည်း ခေါ်ငင်ဟန်ရှိသည်။ ကုမုဒ ဟူသော ပါဠိဘာသာစကားသည် ၾကာ ဟူ၍ ဖြစ်သည်။ ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ် သဏ္ဍန်များကို ဆိုလိုဟန်ရှိသည်။

ထိုမှတစ်ဖန် ကြာငုံ၊ ကြာဖူး၊ ကြာပွင့်၊ ကြာသီး၊ ကြာရိုး၊ ကြာစွယ်၊ ကြာရွက်၊ ကြာပွင့်ချပ်၊ ကြာဝတ်ဆံတို့ကို ကွေး၍ ကော့၍ ခွေ၍ လိပ်၍ ကောက်၍ လိမ် ယိမ်း၍ ယိမ်၍ ချီ၍ ချ၍ တက်၍ ဆင်း၍ တွန့်၍ ချွန်၍ ဖြန့်၍ ကား၍ နှစ်သက်စဖွယ်ခြယ်လှယ်ရေးသားထုလုပ်ခြင်းများကို ကနုတ်ဟူ၍လည်းကောင်း ခြူးပန်းခြူးနွယ်ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြောင်းတွေ့ရသည်။

ကောကနုဒကို အချို့က ကော်ကနုဒ ဟူ၍ အသံထွက် ဖတ်ရှုတတ်ကြသည်။ ကောကနုဓမှ ကနုတ်ဖြစ်လာရန်မှာလည်း နီးစပ်သော အကြောင်းရှိပေရာ ဦးဘစိန်အဆိုသည် ကောင်းမွန်မှန်ကန်သည်ဟု ယူဆသင့်ပေသည်။ သို့ရာတွင် ကောကနုဒသဒ္ဒါ ကကြာဟောပုဒ်ဖြစ်သဖြင့် “ကြာ” နှင့် ပတ်သက်သမျှ ယူဆလျှင် နယ်ကျဉ်းပေမည်။ မဂဓ အဘိဓာန်တွင် ကြာဟောပရိယာယ် (၁၂) ပုဒ်ပြထားသည်။ အဘိဓာန်၌

  1. ပရောရုဟံ ကြာ
  2. သတဖတ်တံ ကြာ
  3. အရပိန်ဒံ ကြာ
  4. ဝါရိဇံ ကြာ
  5. ဖကေရုဟံ ကြာ
  6. ပဒုပံ ကြာ
  7. ပေါက္ခရံ ကြာ
  8. မဠာလပုပ်ပံ ကြာ
  9. ကမလ ကြာ
  10. နလျန ကြာ
  11. ဘိသပုပ်ပံ ကြာ
  12. ကုသေသဟံ ကြာ

ဟူ၍ ပြထားသည်။

တဆက်တည်းပင် “ကောကနဒ” နှင့် ပတ်သက်၍ “ပုဏ္ဍရိက” သိတံရတ္တံ၊ ကောကနဒီ ကောဏသကော စသော ဂါထာဖြင့် ကောကနဒကြာကို ပြထားသေးသည်။ “ရတ္တံ နီသော၊ ကမလံ ကြာသည် ကြာနီဖြစ်ကြောင်း ပြဆိုထား၏။ ကောကနဒသည်ပင် ကောကနုဒဖြစ်ကြောင်း ပါဠိစာပေ၌ မှတ်သားရပေသည်။ ကောကနဒ သို့မဟုတ် ကောကနုဒသည် ကြာဟောသဖြင့် ကနုတ်ပန်းချီသည် ကြာနှင့်ပတ်သက်၍ ဟူသော အယူအဆမှာ သင့်တော်ကောင်းမွန်လှသည်ဟု ဆိုရန်ရှိသည်။ သို့ရာတွင် ကြာကို နယ်ဆန့်၍ ကြည့်ပါက ကြာသည် ပန်းဖြစ်သည်။ သက်မဲ့အရာဖြစ်သည်။ ကြည့်၍ မြတ်နိုးဖွယ်ရာရှိသည်။ ပျော့ပျောင်းသည်။ ခွေညွှတ်သည် စသော သဘောများကို တွေ့ရပေရာ ကြာရိုး၊ ကြာစွယ် ပုံများသာမက ပန်းချီအမျိုးမျိုး စသည်ကိုလည်း ကနုတ်ဟု ခေါ်သင့်သည်ထင်၏။ ယခုခေတ် ပန်းချီဆရာများ၏ အယူအဆမှာလည်း ပျော့ညွှတ်သောမျဉ်းကို ကနုတ်ဟုပင် ယူဆကြောင်း သိရှိရပေသည်။ ပျော့ညွှတ်သွယ်နွဲ့သော မျဉ်းကြောင်းကလေးများမှာ ကြာပွင့်၊ ပန်းတွန့်ကလေးများ ရေးဆွဲခြင်းဟုပင် ဆိုရတော့သည်။ ကနုတ်ဟူသော ဝေါဟာရကို လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ ကျော်ကျော်မှ စတင်အသုံးပြုခဲ့ကြောင်း ဆရာဇော်ဂျီက ရှာဖွေတင်ပြဖူးပေသည်။ ထိုစာတွင် ပုဂံခေတ်စာပေများ၌ ကနုတ်ဟူသော ဝေါဟာရ မတွင်ကျယ်သေးပေ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ပန်းချီလှတင်ထွန်း - မြန်မာ့ပန်းချီရေစီးကြောင်း