ဂျွန် အားရစ်ဆန်

အမေရိကန် အင်ဂျင်နီယာ

ဆွီဒင်နိုင်ငံ ဝမ်းမလန်းနယ်၊ လန်ဗန်ရှစ်တန်မြို့၌ ၁၈ဝ၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွားမြင်သော ဂျွန် အားရစ်ဆန်(ခရစ် ၁၈ဝ၃-၁၈၈၉)သည် စာမရေးတတ်သေးမီ အရွယ်ကပင် စက် ကိရိယာပုံစံများကို စတင်ရေးဆွဲလာခဲ့သည်။ အသက်ရှစ်နှစ်အရွယ်တွင် မြို့ဘက် ဆိုင်ရာ အင်ဂျင်နီယာရုံး တစ်ရုံး၌ ပုံစံများကို ရေးဆွဲနေပြီ ဖြစ်၍ အသက် ၁၂ နှစ်တွင် ကမ္ဘာကျော် ယူတာတူးမြောင်းကို ဖောက် လုပ်သော ကုမ္ပဏီ၌ ဝင်ရောက်လုပ်ကိုင်လျက် ရှိပေ သည်။ အသက် ၁၇ နှစ်မှ ၂၄ နှစ်အထိ စစ်တပ်တွင် ဝင်ရောက် အမှုထမ်းခဲ့ရာ ဉာဏ်ထက်မြက်သည့်အတွက် အချိန် အနည်းငယ်အတွင်း ဗိုလ်ကြီးရာထူးအထိ တိုးတက်ခဲ့လေသည်။ နောင်သော် ဆွီဒင်နိုင်ငံ၌ မကြီးပွားနိုင်သည်ကို သိသဖြင့် အားရစ်ဆန်သည် အင်္ဂလန်ပြည်သို့ ရွှေ့ပြောင်း နေထိုင်ပြီး နောက် ၁ဝ နှစ်အတွင်း တီထွင်မှုပေါင်း ၃ဝ ကျော်မျှကို ပြုလုပ်မှတ်ပုံတင်ခဲ့လေသည်။ သူ၏ တီထွင်မှုများအနက် အကျော်ကြားဆုံးမှာ စကရူးပရိုပယ်လာ (ဝက်အူရစ်ပန်ကာ)ခေါ် ငမန်းစက်ပင် ဖြစ်၏။ ထိုတီထွင်ချက်ကို အတ္တလန္တိတ်သမုဒ္ဒရာ ကို ပထမဦးစွာ ဖြတ်ကျော်ခုတ်မောင်း သင်္ဘောများ၌ တပ်ဆင် သုံးစွဲခဲ့ပေသည်။ အားရစ်ဆန်သည် ၁၈၃၉ ခုနှစ်တွင်အမေရိကန်ပြည်ထောင်စုသို့ တစ်ဖန် ပြောင်းရွှေ့ နေထိုင်ပြန်၍၊၁၈၄၈ ခုနှစ်တွင် အမေရိကန်ပြည်သားအဖြစ် ခံယူလေသည်။ ပထမတွင် အနေအထိုင် ဆင်းရဲခဲ့သည်။ သို့သော်အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားချိန်အတွင်း တောင်ပိုင်းသူပုန်တို့ဘက်မှ မယ်ရီမက် ဆိုသည့် သံသင်္ဘောကိုတိုက်ခိုက်နိုင်မည့် မော်နီတာခေါ် သံချပ်ကာ တိုက်သင်္ဘောကိုအစိုးရဖြစ်သော မြောက်ပိုင်း အတွက် အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ရာမှ သူ့အမည်သည် ထင်ရှားလာလေသည်။ စစ်ပွဲအတွင်း မော်နီတာထက် သာလွန်ကောင်းမွန်သောအခြားစစ်သင်္ဘောများကိုလည်း တည်ဆောက်ပေးခဲ့သည်။ စစ်ပွဲပြီးဆုံးပြီးနောက် နယူးယော့မြို့တွင် နေသားတကျ နေထိုင်ကာအခြား တီထွင်မှုအမျိုးမျိုးကို စမ်းသပ်ကြံစည်ယင်း ၁၈၉၉ ခုနှစ်၊မတ်လ ၈ ရက်နေ့၌ ထိုမြို့မှာပင် ကွယ်လွန်လေသည်။ သူ၏ရုပ်အလောင်းကို ဆွီဒင်အစိုးရက တောင်းသည့်အတိုင်းပေးလိုက်၍ ဆွီဒင်နိုင်ငံတွင် မြုပ်နှံထား လေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နောင်လာနောက်သားများသူ့အား အမှတ်တရ ချီးကျူးဂုဏ်ပြုနိုင်စိမ့် သောငှာ နယူးယော့မြို့ဗက်ထရီဥယျာဉ် အတွင်း၌ သူ၏ကြေးရုပ်ကို မားမားမတ်မတ်စိုက်ထူထားရှိပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)