ပြည်စား သီဟသူသည် ဖခင်ဖြစ်သူ နရသီဟပတေ့အား လုပ်ကြံ၍ ပုဂံထီးနန်းကို အုပ်စိုးရန် ကြံစည်ခဲ့သူဖြစ်သည်။ နရသီဟပတေ့မင်းသည် ၎င်းလက်ထက်တွင် မွန်ဂိုတို့ကျူးကျော်သဖြင့် ပြည်မြို့အနောက်ဘက်လှည်းကျအရပ်သို့ ထွက်ပြေးခိုလှုံသည်။ ထိုနောက်တွင် သားတော်တစ်ပါးဖြစ်သည့် ဥဇနာ ရှိရာ ပုသိမ်သို့ ရွှေ့ပြောင်းပြန်သည်။ သီဟသူအကြံအစည်ကို ရိပ်စားမိသည့် ဥဇနာက သီဟသူအား ဖမ်းဆီးကာ အပြစ်ပေးရန်ကြံသော်လည်း သီဟသူက ငိုယိုငြင်းဆိုသဖြင့် နရသီဟပတေ့ ကလွတ်စေသဖြင့် ပြည်သို့ပြန်သည်။ နရသီဟပတေ့ ပုဂံသို့အပြန်လမ်းတွင် သီဟသူက အဆိပ်ခတ်သော ဟင်းပွဲတို့ဖြင့် တည်ခင်းလုပ်ကြံသည်။ ထိုနောက် နောင်တော် ပုသိမ်စား ဥဇနာကိုလည်း လုပ်ကြံသည်။ ထိုနောက် ကျော်စွာရှိရာ ဒလ နှင့် ငပမွန် စားသော ပဲခူး တို့ကို တိုက်သော်လည်း မအောင်မြင်ဘဲ ပဲခူးစစ်ပွဲတွင် မြှားသင့်၍ သေလေသည်။[၁]

နရသီဟပတေ့ တရုတ်ပြေးမင်းနှင့်မိဖုရားငယ်ရှင်ဆင်မောက်တို့မှ မြင်သော သားတော်ဖြစ်သည်။ ပြည်ကိုစားရသောကြောင့် ပြည်စား သီဟသူ ဟု တွင်သည်။ ခမည်းတော်နရသီဟပတေ့သည် သီဟသူအား အကျီစယ်လွန်သည်နှင့် သီဟသူကခမည်းတော်အားနှလုံးထောင့် လေသည်။ ခမည်းတော်မင်းကြီး တရုတ်တို့ရန်မှရှောင်၍ မွန်တို့ပြည်တွင် သွားရောက်စံနေပြီးနောက် တရုတ်တပ်များ ဆုတ်ခွာပြီကြားသည်နှင့် ပုဂံသို့ဆန်တက်လေသည်၊ ခမည်းတော်ပြည်မြို့သို့အရောက် ပြည်မင်းသီဟသူသည် အဆိပ်ဆေးခတ်၍ ပွဲတော်ဆက်ကာ အတင်းအကျပ် ပွဲတော်တည်စေသည်။

နရသီဟပတေ့မင်းကြီး အနိစ္စရောက်တော်မူလျှင် ပြည်စားသီဟသူသည် မှူးတော်မတ်တော်ရဲမက်ဗိုလ်ပါ အပေါင်းတို့ကို သစ္စာချည်းတိုက်၍ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကြပြီးသော် အလုံးအရင်းများနှင့် နောင်တော် ဥဇနာရှိရာ ပုသိမ်မြို့သို့ ရေအားကြည်းအားချီသည်၊ နောင်တော်ဥဇနာ အသည်းအသန်မကျန်းမာ၍ အသက်လှုပ်လှုပ်သာရှိသည်ကို နုပ်နုပ်စဉ်း၍သတ်သည်။ ထိုအကြောင်းကိုညီတော်ဒလစား ကျော်စွာနှင့်ပဲခူးစားငပမွန်တို့ ကြားသော်ကျုံးမြောင်းပြင်၍ ကြံ့ကြံ့ခံကြသည်။ ဒလကိုတိုက်ရာမရချေ၊ ပဲခူးကို လုပ်ကြံသည့်အခါ ပဲခူးစားမခြေမငံပြောသည်နှင့်သီဟသူသည် ငပမွန်ကို လေးနှင့်ပစ်ရန် လေးကိုငင်ရာအငင်လွန်သောကြောင့် မိမိမြှားပင်မိမိကိုသင့်၍ အနိစ္စရောက်လေသည်။ မှူးမတ်တို့လည်း သီဟသူကိုသင်္ဂြိုဟ်၍ သင်းချိုင်းရာတွင် စေတီတည်၏။ သီဟသူမင်းလွန်သော် ဒလကျော်စွာ မင်းနန်းတက်သည်။[၂]

အချို့ရာဇဝင်ကျမ်းများတွင် သီဟသူအား ပုဂံမင်းဆက် မှ မင်းတစ်ပါးအဖြစ်ပင် အသိအမှတ်မပြုပေ။

ဆက်လက်လေ့လာရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ပုဂံမင်းဆက်ရာဇဝင်သစ်-တင်နိုင်တိုး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)