အထွေထွေ ယဉ်ကျေးခြင်း

ယဉ်ကျေးခြင်း

အထွေထွေ ယဉ်ကျေးခြင်း သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။ အထွေထွေ ယဉ်ကျေးခြင်းတွင် ယေဘုယျအားဖြင့် (၂၁) မျိုးရှိသည်။[] ထို (၂၁) မျိုးမှာ -

  1. လူကြီးလူကောင်းများနှင့်လည်းကောင်း၊ လူစိမ်းများနှင့်လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့်၊ ထိုသူကို ကြည့်၍ ပြောရာ၏။
  2. စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်။ ရဲတင်းလွန်းသော အမူအရာဖြင့် မဖွယ်မရာလည်း မပြုနှင့်။ (သူတစ်ပါးသည် သင့်အား အပြစ်ရှာနေသည်ဟု မထင်လေနှင့်။)
  3. သူတစ်ပါး စကားပြောလျှင် ကြားဖြတ်၍ မပြောရ။ ထိုသူ၏ စကားဆုံးအောင် စောင့်ဆိုင်းရာ၏။ အကယ်၍ စိတ်မပါ သည့်တိုင်အောင် စိတ်မပါသည့်အမူအရာကို မပြဘဲ စိတ်ပါသကဲ့သို့ နားထောင်ရာ၏။
  4. ဖြည့်စွက်၍ ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာ ဖြည့်စွက်ရမည်။ (မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့် သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။
  5. သူတစ်ပါး၏ အပြစ်ကို မပြောဘဲ ရှောင်ကြည်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ အကောင်း ချီးမွမ်းရန် မရှိလျှင် မပြောဘဲနေရာ၏။
  6. ဒေါသထွက်နေသူတစ်ဦးနှင့် အတုံ့အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏။ တစ်ယူသန်သူနှင့်လည်း ယှဉ်ပြီး ပြောဆိုခြင်း မပြုအပ်။ ထိုသူနှင့် မလွှဲမရှောင်သာ၍ ပြောရလျှင် ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။
  7. မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သော စကား၊ အကျိုးမရှိသော စကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။
  8. လူကြီးလူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းကို ရှောင်ကြဉ်ရာ၏။ စိတ်ဆိုးသောအခါမှာပင် မသုံးမိရန် သတိထားရာ၏။ (လျှာကိုထိန်းနိုင်လျှင် ကိုယ်ကို ထိန်းနိုင်လာလိမ့်မည်)။
  9. မကောင်းသောစကားကို မပြောမိစေရန် မကောင်းသော အလုပ်ကို မလုပ်မိစေရန် သတိကြီးစွာ ထားရာ၏။ သူတစ်ပါး ပြောဆိုလုပ်ကိုင်နေပါလျှင် ရှောင်၍သွားရာ၏။ တစ်စုံတစ်ရာအား အားပေးခြင်း မပြုဘဲ ဆိတ်ဆိတ်နေရာ၏။ ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။ (ဤကားဝတ္တရားဖြစ်ကြောင်း မမေ့အပ်)။
  10. မိမိနှင့် မဆိုင်သောနေရာ အရာဝတ္ထုပစ္စည်း၊ အလုပ်အကိုင်များတွင် မပါဝင်ဘဲ ရှောင်ကြဉ်ရာ၏။
  11. မိမိနှင့်ဆိုင်သော ကိစ္စဖြစ်စေကာမူ မိမိအား သိစေသောအခါမှသာလျှင် သိရာ၏။ သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့်။ အခွင့်ကိုစောင့်၍ မေးသင့်မှ မေးရာ၏။
  12. အခြားသူများ၏ စာရွက်စာတမ်းများအား စောင်းငဲ့၍ပင် မကြည့်ရာ။ (စည်းကမ်း စနစ်ကြီးသူဖြစ်ပါစေ)။
  13. မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့်။ ညည်းတွားတတ်သူသည် မည်သည့်နေရာမျှ အသုံးမဝင်ချေ။ အများ၏ အနှောင့်အယှက် ဖြစ်စေရုံမျှမက ကြားသူတို့စိတ်တွင် မနှစ်မြို့မှုကို ဖြစ်စေသည်။
  14. မည်သည့်အခါမဆို မျက်နှာကို ကောင်းစွာထားရာ၏။ မကောင်းသော ဘေးဒုက္ခတွေ့သည့်အခါမှာပင် စိတ်မညစ်ဘဲ မှတ်သားရန် သင်ခန်းစာရပေသည်ဟု အကောင်းဘက်က ယူရာ၏။
  15. ပြုံးရွှင်သော မျက်နှာကို ထားနိုင်သမျှ ထားပါ။
  16. စကားပြောဆိုခြင်းသည် ယဉ်ကျေးဖွယ်ရာသော အမူအရာဖြစ်၍ မိတ်ဆွေပေါများကြောင်း ဖြစ်၏။
  17. ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲသတိထား၍ သုံးပြီးလျှင် စိတ်ချမ်းသာစွာ မျက်နှာထား ချိုသာပြုံးရွှင်နိုင်ပါစေ။
  18. –နှုတ်ချို သျှိုတစ်ပါး—၊ –နှုတ်ကောင်းလျှင်ပြည်စိုး—၊ –နှုတ်ကြောင့်သေ လက်ကြောင့်ကြေ— ဆိုသော စကားပုံများကို သတိပြုပါ။
  19. –စကားကျွံသော် နုတ်မရ— ဟူသော စကားပုံတို့သည် နှုတ်မှု ယဉ်ကျေးခြင်းဆိုင်ရာ စကားပုံများ ဖြစ်ပေသည်။
  20. သူတစ်ပါး၏ ပျော်ရွှင်မှုကို မနှောင့်ယှက်ပါနှင့်။ လူတိုင်းအပေါ် ဖြောင့်မတ်သော စိတ်စေတနာကောင်းထားပါ။
  21. မိမိမှာ တာဝန်ပေးခံရ၍ ဩဇာအာဏာ ရှိလာလျှင် ငယ်သားကို မညှဉ်းပါနှင့်။ မကြိမ်းမောင်းပါနှင့်။ ယဉ်ကျေးစွာ ပြောဆို ဆက်ဆံတတ်ပါစေ။
  1. လိမ္မာယဉ်ကျေး ပြည့်ရင်သွေး၊ ပြည်သူ့နီတိ နှင့် လောကနီတိ၊ မောင်⁠မောင်တိုး။ (စာမျက်နှာ ၂၃−၂၆)