အနင်္ဂဏသုတ်သည် ဘုရားမြတ်စွာ ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သောသုတ်မဟုတ်။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ ဟောပြောခဲ့သောသုတ် ဖြစ်သည်။ ဤသုတ်တွင် အာဇီဝကဂိုဏ်းသား ပဏ္ဍုပုတ္တ အကြောင်းကိုလည်း ဖော်ပြထားသည်။ ဤသုတ်ကို မဇ္ဈိမနိကာယ်တွင် ထည့်သွင်းထားရသည့်အကြောင်းမှာ ဘုရားမြတ်စွာကိုယ်တော်တိုင် ဟောကြားတော်မူသော ဒေသနာတော် မဟုတ်စေကာမူ ဘုရားမြတ်စွာကိုယ်တော်တိုင်၏ သဘောတူညီချက်အရ ညွှန်ပြသောသုတ် ဖြစ်သောကြောင့်ဖြစ်သည်။[]


[] သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏အာရာမ် ဇေတဝန်ကျောင်းတော်၌ အရှင်သာရိပုတ္တရာထေရ်က ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။

(၁) မိမိသန္တာန်၌ ကောပ, အပ္ပစ္စယအစရှိသော ကိလေသာ “အင်္ဂဏ” ရှိလျက် “ငါ၏ အတွင်းသန္တာန် (စိတ်အစဉ်)၌ ကိလေသာ “အင်္ဂဏ ရှိ၏” ဟု အမှန်အတိုင်း မသိသောပုဂ္ဂိုလ်သည် “ဟီနပုရိသ”၊

(၂) မိမိသန္တာန်၌ ကောပ, အပ္ပစ္စယအစရှိသော ကိလေသာ “အင်္ဂဏ” ရှိလျက် “ငါ၏ အတွင်းသန္တာန် (စိတ်အစဉ်) ဝယ် ကိလေသာ “အင်္ဂဏ” ရှိ၏” ဟု အမှန်အတိုင်း သိသောပုဂ္ဂိုလ်သည် “သေဋ္ဌပုရိသ”၊

(၃) မိမိသန္တာန်၌ ကောပ, အပ္ပစ္စယအစရှိသော ကိလေသာ “အင်္ဂဏ” မရှိသည်ကို “ငါ၏ အတွင်းသန္တာန် (စိတ်အစဉ်) ဝယ် ကိလေသာ “အင်္ဂဏ မရှိ” ဟု အမှန်အတိုင်း မသိသောပုဂ္ဂိုလ်သည် “ဟီနပုရိသ”၊

(၄) မိမိသန္တာန်၌ ကောပ, အပ္ပစ္စယအစရှိသော ကိလေသာ “အင်္ဂဏ” မရှိသည်ကို “ငါ၏ အတွင်းသန္တာန် (စိတ်အစဉ်) ဝယ် ကိလေသာ အင်္ဂဏ မရှိ” ဟု အမှန်အတိုင်း သိသောပုဂ္ဂိုလ်သည် “သေဋ္ဌပုရိသ”-ဟု ဆိုအပ်၏ဟု ဟောတော်မူသည်။ ထိုအခါ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်က “အဘယ်ကြောင့် ဟီနပုရိသ, သေဌပုရိသမည်ကြောင်း” မေးလျှောက်ပါသည်။ အရှင်သာရိပုတ္တမထေရ်က ယင်းပုဂ္ဂိုလ် လေးမျိုးကို ကြေးခွက်လေးမျိုးပမာထား၍ ရှင်းလင်းမိန်ကြားတော်မူပါသည်။ တဖန် အရှင်မဟာမောဂ္ဂလ္လာန်ထေရ်က မေးမြန်သဖြင့် “အင်္ဂဏ-ဟူသည် ယုတ်မာညစ်ကျူ မကောင်းမှု အကုသိုလ် “ကောပ, အပ္ပစ္စယ’ အစရှိသော အလိုဆိုးကို ဆိုလိုကြောင်းနှင့် ကောပ, အပ္ပစ္စယပုဂ္ဂိုလ် (၁၃)ဦးအကြောင်းကို ရှင်းလင်း ဟောကြားတော်မူပါသည်။ ဆက်လက်၍ “ဤကောပ, အပ္ပစ္စယ အစရှိသော ယုတ်မာသော အကုသိုလ် ဣစ္ဆာစာရတရားများ ထင်ရှားရှိနေသောရဟန်းသည် တောထွက်၍ အိမ်စဉ်အတိုင်း ဆွမ်းခံဘုဉ်းပေးပြီး ပံသုကူသင်္ကန်းကို ဝတ်ရုံ၍နေသော်လည်း သီတင်းသုံဖော်များက မလေးစား မမြတ်နိုးကြပုံ၊ ယင်းအကုသိုလ်တရားများ ပယ်ရှားပြီးသူသည် ရွာနီးကျောင်း၌ နေ၍ ဒါယကာတို့လှူဒါန်းအပ်သော ဆွမ်း, သင်္ကန်းတို့ကို ဘုဉ်းပေးဝတ်ရုံနေသော်လည်း သီတင်းသုံးဖော်တို့က လေးစားကြပုံကို အကောင်ပုပ်များထည့်ထားသော ကြေးခွက်, သလေးထမင်း ဟင်းလျာအစုံ ထည့်ထားသော ကြေးခွက်များ ပမာထား၍ ဟောကြားတော်မူပါသည်။

ထိုအခါ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်က “ယာနကာရပုတ္တသမိတိနှင့် ပုရာဏယာနကာရပုတ္တ ပဏ္ဍုပုတ္တအာဇီဝကတို့ ဥပမာဖြင့် ပေါ်လာသော အခြေအနေတို့ကို နှိုင်းယှဉ်ဖော်ပြ၍” လျှောက်ထားပါသည်။ ဤသို့ ရဟန္တာအရှင်မြတ်နှစ်ပါးအချင်းချင်း သုဘာသိတဝါစာကို ဝမ်းမြောက်တော်မူပုံကို ပြဆိုရာသုတ်။

အဋ္ဌကထာ၌ -ပရမတ္ထသစ္စာ, သမ္မုတိသစ္စာနှစ်ပါးနှင့် ဒေသနာတော်နှစ်ပါး အကြောင်း၊ ပုဂ္ဂလကထာဟောတော်မူခြင်း အကြောင်း (၈) ပါး၊ အင်္ဂဏသဒ္ဒါ၏ အနက်များ၊ ဥပမာနနှင့် ဥပမေယျနှိုင်းယှဉ်ချက် အကျယ်၊ ဘုရားရှင်၏ ရှေ့တော်၌ အမြဲ နေလိုသော ရဟန်းနှင့်ပတ်သက်၍ ကောပ, အပ္ပစ္စယဖြစ်ပုံများ၊ လူခစီဝရသုံးမျိုး၊ “ဇည ဇညံ” ပုဒ်အဖွင့်၊ သူပ, ဗျဉ္ဇနပုဒ်အဖွင့်တို့ ပါရှိပါသည်။ []

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
  2. -မ၊၁၊၂၉-၃၉။ မ၊မြန်၊၁၊၃၃-၄၃။ မ၊ဋ္ဌ၊၁၊၁၄၂-၁၅၈။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၁-မူလပရိယာယဝဂ္ဂ၊ ပဉ္စမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ