အနာတဟန် (အင်္ဂလိပ်: Anatahan) သည် မိချီရို မာရူယာမာ (Michiro Maruyama) ရေးသားခဲ့သော ဝတ္ထုရှည် တစ်အုပ်ဖြစ်သည်။ အနာတဟန် Anatahan သည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မြောက်ပိုင်းမာရီယာနာကျွန်းစုအတွင်းက ကျွန်းတစ်ကျွန်း၏ အမည် ဖြစ်သည်။ ဝတ္ထုသည် ၁၉၄၄၌ မာရီယာနာကျွန်းစု၊ ဆိုက်ပန်ကျွန်းကြီးအနီး အနာတဟန်ကျွန်းတွင် သင်္ဘောပျက်၍ သောင်တင်ခဲ့ရသော စာရေးဆရာနှင့် သင်္ဘောသားအယောက် (၂၀) တို့၏ ခုနစ်နှစ်တာဖြစ်ပျက်မှုများ အကြောင်းကို ရေးသားဖော်ပြထားခြင်းဖြစ်သည်။ ၎င်းတို့အုပ်စု ဒုက္ခသုက္ခအပေါင်းမှ ရှင်သန်နေထိုင်ရပုံ၊ အစားအစာ၊ နေထိုင်စရာများ မည်သို့မည်ပုံရှာဖွေရပုံများကိုလည်း ထည့်သွင်းရေးသားထားပေသည်။ ထို့အပြင် အချင်းချင်းကြား မတူညီသည့်ပတ်ဝန်းကျင်တွင် မတူညီသောအကျင့်စရိုက်များက ဖြစ်စေသော ဆက်ဆံရေးများ၊ ကျွန်းပေါ်ရှိတစ်ဦးတည်းသောအမျိုးသမီး" ကေကို"ကို (Keiko) အကြောင်းပြု၍ ပြိုင်ဆိုင်ကြပုံ၊ သေဆုံးကြပုံများကိုလည်း ဇာတ်လမ်း၏ အထွတ်အထိပ်သဘောဖြင့် ရေးဖွဲ့ထားသည်။ ထို့နောက် ဂျပန်များစစ်ရှုံး၍ အညံ့ခံပြီးနောက် ခြောက်နှစ်ကြာသောအခါ ၁၉၅၁ မှသာ ထိုကျွန်းတွင်ရှင်သန်ကျန်ရစ်သောသူများက အမေရိကန်ရေတပ်ကယ်ဆယ်ရေးအဖွဲ့ထံသို့ အညံ့ခံခဲ့ကြသည်။[]

မာချီရို မာရူယာမာသည် ထိုအုပ်စုအတွင်းမှရှင်ကျန်ရစ်သူတစ်ဦးဖြစ်၍ ထိုအကြောင်းများကို ပြန်လည်ပြောပြသည့်ပုံစံဖြင့် ရေးဖွဲ့ခဲ့သည်။ မူရင်းဝတ္ထုသည် ဂျပန်ဘာသာဖြင့်ဖြစ်၍ မည်သည့်ခုနှစ်တွင် ထုတ်ဝေခဲ့သည်ကို မသိရှိသော်လည်း ထိုဝတ္ထုကို ဒေါက်တာ ယန်းဟီးလ် ခန်း (Dr Younghill Kang) က အင်္ဂလိပ်ဘာသာဖြင့်၁၉၅၄ တွင် ဘာသာပြန်ထုတ်ဝေခဲ့သည်။[] မူရင်းဝတ္ထုကို မာရူယာမာ ရိုးရိုးရှင်းရှင်း ဉာဏ်ကွန့်မြူးမှုမပါဘဲ ရေးဖွဲ့သည်ဟု ဆိုသည်။[]

စာရေးဆရာ စိန်ခင်မောင်ရီက Anatahan ကို ဘာသာပြန်၍ ၁၉၈၅ ခုနှစ် အမျိုးသားစာပေဆု ဘာသာပြန် (သုတ) ကို ရရှိခဲ့သည်။[]

၁၉၅၃ တွင် အဖြူအမည်းဂျပန်ရုပ်ရှင်အဖြစ် Anatahan (သို့) The Saga of Anatahan ခေါင်းစဉ်ဖြင့် ဒါရိုက်တာ Josef von Sternberg က ရိုက်ကူးထုတ်လုပ်ခဲ့သည်။[][] ၁၉၉၈ တွင် ဂျပန်စာရေးဆရာ ကာအိုရူ အိုနိုက (Kaoru Ohno) ဇာတ်လမ်းကိုပြန်လည်အသက်သွင်း၍ Cage on the Sea အမည်ဖြင့် ဝတ္ထုရှည်ရေးသားခဲ့ကာ ၂၀၀၈ တွင် နတ်စုအို ကီရီနို (Natsuo Kirino) က "Tokyo-jima" ဝတ္ထုတိုအဖြ​စ်ရေးသားခဲ့ကာ ၂၀၁၀ တွင် ရုပ်ရှင်အဖြစ်မှီငြမ်းတင်ဆက်ခဲ့သည်။[]

ဇာတ်လမ်းအကျဉ်း

ပြင်ဆင်ရန်

အနာတဟန် ကျွန်းကြီးပေါ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက (၇)နှစ်တိုင်တိုင် သောင်တင်နေခဲ့သော ဂျပန်စစ်သား ၁၉ ဦး၏ ခက်ခဲကြမ်းတမ်းလှသောဘဝမှတ်တမ်းဖြစ်သည်။ သူတို့သည် ဒုတိယကမ္ဘာ စစ်ပြီးဆုံးသည်ကိုလဲမသိကြပေ။ ရန်သူ့အသံကြားလျှင် ရှိသော လူအင်အားနှင့် ရရာလက်နက်စွဲကိုင်ကာ အညံ့မခံဘဲ တိုက်ခိုက်ကာမျိုးချစ်စိတ်ကိုပြသကြ၏။ နောက်ဆုံးတွင် သူတို့သည် ဂျပန်နိုင်ငံမှ မြို့ပြအုပ်ချုပ်ရေးမှူးတစ်ဦး၏ စာကြောင့်လက်နက်ချခဲ့ကြသည်။ သူတို့၏ ထိုကျွန်းပေါ်တွင် ရင်ဆိုင်ခဲ့ရသော အခက်အခဲများ နှင့် မလျှော့သောဇွဲဖြင့် ဖြေရှင်းခဲ့ကြပုံများကို စိတ်ဝင်စားဖွယ်ရေးသားဖော်ပြထားသည်။