ခုံတင်စစ်ဆေးခြင်း

(အနုညာတစီရင်ဆုံးဖြတ်ခြင်း မှ ပြန်ညွှန်းထားသည်)

ခုံတင်စစ်ဆေးခြင်းပြင်ဆင်

တရားစီရင်ဆုံးဖြတ်ခြင်းသည် တရားရုံးများ၏ တာဝန်ဟု လူတိုင်းက သာမာန်အားဖြင့် နားလည်ကြ၏။ အမှုအခင်းများ ကို တရားရုံးသို့ တင်သွင်း၍ တရားရုံးများကသာ စစ်ဆေးပြီး လျှင် စီရင်ဆုံးဖြတ်ရသည်ဟု မှတ်ယူနေကြသည်။ သို့ရာတွင် အချို့အချို့သော အမှုအခင်းများမှာ တရားရုံးသို့ မရောက်ဘဲ၊ ကြားလူက ဖြေရှင်းပေးခြင်းကြောင့် ပြေလည်သွားသည်လည်း ရှိ၏။ ထိုမှတစ်ပါးလည်း အချင်းဖြစ်ပွားသူတို့သည် မိမိတို့၏ အမှုကို တရားရုံးတွင် စစ်ဆေးနေစဉ်၊ ကြားလူ၏ အဆုံး အဖြတ်ကို ခံယူရန် သဘောတူညီပါသည်ဟု တရားရုံးသို့ လျှောက်ထားပြီးနောက် တရားရုံး၏ သဘောတူညီချက်ဖြင့် တရားရုံး ပြင်ပတွင် အဆုံးအဖြတ်ခံကြသည်။ ယင်းသို့ ကြားလူများကို ခုံသမာဓိတင်မြှောက်၍ ပဋိပက္ခတို့ကို နှစ်ဦး နှစ်ဖက် သဘောတူ ဖြေရှင်းစေသောနည်းသည် အနုညာတ စီရင်ခြင်း သို့မဟုတ် ခုံတင်ဆုံးဖြတ်ခြင်း မည်၏။


ဤသို့ ခုံတင်ဆုံးဖြတ်ခြင်းသည် တရားရုံးများ ဖွဲ့စည်း၍ ဥပဒေပြဋ္ဌာန်းချက်အရ တရားစီရင်ခြင်းထက်ပင် ရှေးကျသေး သည်ဟု အဆိုရှိသည်။ အနောက်နိုင်ငံများတွင် ခုံတင်ဆုံးဖြတ် ခြင်း အစဉ်အလာသည် ကြာမြင့်ပေပြီ။ ရှေးဂရိထုံးဟောင်း ပုံပြင်များတွင် ဟီးရ၊ အက်သီးနားနှင့် အက်ဖရိုဒိုက်တီခေါ် နတ်မိမယ်သုံးဦးသည် မည်သူအလှဆုံး ဖြစ်သည်ကို အငြင်း အခုံဖြစ်ရာ၊ ထရွိုင်းမင်းသား ပဲရစ်အား ခုံတင်၍ ဆုံးဖြတ်စေခဲ့ သည်ဟု အဆိုရှိ၏။ ကမ္ဘာ့အနောက်တစ်လွှားတွင် ခုံတင် ဆုံးဖြတ်ခြင်းသည် ဤမှစတင် ပေါ်ပေါက်လာသည်ဟု ဆိုနိုင် ပေသည်။


ခုံတင်ဆုံးဖြတ်ခြင်းကို စီးပွားကုန်သွယ်မှု ကိစ္စများတွင် လည်းကောင်း၊ နိုင်ငံအချင်းချင်း ဆက်သွယ်မှုတွင် လည်း ကောင်း၊ အငြင်းအခုံ အခြင်းပွားရာ၌လည်းကောင်း အသုံးပြု လေ့ရှိ၏။ ရှေးဥရောပခေတ်တွင် ဖီနီရှန်ကုန်သည်များနှင့် ဂရိကုန်သည်များသည် ခုံတင်ဆုံးဖြတ်ခြင်း အလေ့အထကို လိုက်နာခဲ့၏။ ခရစ်မပေါ်မီ နှစ်ပေါင်း ၆ဝဝ ခန့်လောက်က ဂရိပြည်ကလေးများဖြစ်သော အက်သင်းနှင့် မက်ဂရာတို့သည် ဆလမစ်ကျွန်း ကလေးကို ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ အခြင်း ဖြစ်ရာ၊ စပါးတန်းပြည်သား ၅ ဦးကို ခုံတင်၍ အနုညာတစီရင် ဆုံးဖြတ်ခြင်းကို ခံယူခဲ့သည်။


ကမ္ဘာ့အရှေ့တစ်လွှားတွင်လည်း ခုံတင်ဆုံးဖြတ်ခြင်း အလေ့အထမှ ကာလကြာမြင့်စွာကပင် တည်ရှိခဲ့ပြီး ဖြစ်၏။ အိန္ဒိယပြည်တွင် ရှေးဟောင်းဗေဒခေတ်ကစ၍ ခုံတင်ဆုံးဖြတ် ခြင်း ရှိခဲ့၏။ မြန်မာနိုင်ငံ၌လည်း ရှေးမြန်မာမင်းများ လက် ထက်ကပင် ခုံတင်ဆုံးဖြတ်ခြင်း ရှိခဲ့၏။ မြန်မာတိုင်း ဖတ်ရှု သိရှိသော ဇာတ်တော်ကြီးဆယ်ဖွဲ့ အပါအဝင် မဟောသဓာ ဇာတ်တော်တွင် အလောင်းတော် မဟောသဓာသည် ခုံသမာဓိ အဖြစ်ဖြင့် အဆုံးအဖြတ်ပေးခဲ့ကြောင်း ပါရှိ၏။ မြန်မာသမိုင်း တစ်လျောက်တွင် အထင်အရှားဆုံး ခုံတော်မှာ ရေစကြိုခုံတော် ဖြစ်သည်။


အိန္ဒိယပြည်ကြီးသည် အင်္ဂလိပ်လက်အောက် ရောက်သော သောအခါ ခုံတင်ဆုံးဖြတ်ခြင်းအလေ့အထ လျော့ပါးသွားသော် လည်း လုံးဝကွယ်ပျောက်မသွားပေ။အင်္ဂလိပ်တို့၏ အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရခေတ်တွင်ပင်၊ ခုံတင်ဆုံးဖြတ်ခြင်းကို ခွင့်ပြု သတ်မှတ်ခဲ့ကြောင်း၊ ခရစ် ၁၇၇၂ ခုနှစ် အုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေအရ လည်းကောင်း၊ ၁၇၈၁ ခုနှစ် အုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေအရလည်းကောင်း ၁၇၉၃ ခုနှစ် ဗင်္ဂလားပြည်အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေအရလည်းကောင်း သိရှိရသည်။


ခုံတင်ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင်သော တရားမ ကျင့်ထုံးကို ဇရပ် ဥပဒေ၏ ဒုတိယဇယားတွင်လည်း ခုံတင်ဆုံးဖြတ်ခြင်းနှင့် စပ်လျဉ်းသော အချက်အလက် များကို ဖြည့်စွက်ထား၏။ တစ်ဖန် ၁၉၄ဝ ပြည့်နှစ်တွင် ခုံတင်ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင် သော ဥပဒေအသစ်တစ်ရပ်ကို အိန္ဒိယပြည်တွင် ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပြန်သည်။ ထိုဥပဒေသစ်မှာ ၁၉၃၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ပြဋ္ဌာန်းခဲ့သော အင်္ဂလိပ်အနုညာတ စီရင်ရေး အက်ဥပဒေကို အခြေခံပြုသည်။


မြန်မာပြည်သည် ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည်မှ ခွဲထုတ် လာသည့်အခါ၊ တည်ရင်းစွဲဥပဒေများ ဆက်လက် တည်မြဲစေရ မည်ဟူသော မူအတိုင်း ခုံတင်ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင်သော အထက်အဆိုပါ ဥပဒေ ၂ ရပ်သည် မြန်မာပြည်တွင် ဆက် လက် တည်ရှိခဲ့သည်။ သို့သော် ခရစ် ၁၉၄၄ ခုနှစ်တွင် အဆို ပါ ဥပဒေများကို ဖျက်သိမ်း၍ အနုညာတတရားစီရင်ဆုံးဖြတ် ရေး အက်ဥပဒေ(၁၉၄၄ ခု)ကို အသစ်ပြဋ္ဌာန်းခဲ့၏။


အနုညာတစီရင်ခြင်းကို ဆောင်ရွက်ရသော ခုံသမာဓိများ ရွေးချယ်ရေးတွင် စည်းမျဉ်းကန့်သတ်ချက်များ မရှိချေ။ သို့ရာ တွင် ခုံသမာဓိများသည် ဥပဒေကို တတ်ကျွန်းနားလည်၍ မိမိ ဆုံးဖြတ်ရမည့် အမှုနှင့်ဆိုင်သော အချက်အလက်များကိုလည်း စုံလင်စွာ သိရှိနားလည်ထားရပေမည်။ အနုညာတ စီရင် ဆုံးဖြတ်ချက်များကို တစ်ဖက်ဖက်မှ တောင်းဆိုချက်အရသော် လည်းကောင်း၊ သက်ဆိုင်ရာရုံးတော်၏ အမိန့်အရသော် လည်း ကောင်း၊ ရုံးတော်သို့ တင်ပြကြရသည်။ ထိုဆုံးဖြတ်ချက်များ တွင် လုံလောက်သော အကြောင်းအချက်များ ကျန်ရှိနေသေးက ပြန်လည်စဉ်းစားရန် ရုံးတော်က ခိုင်းစေနိုင်သည်။ ပြင်လိုက လည်း ပြင်ဆင်နိုင်သည်။ သို့မဟုတ်လျှင် ဆုံးဖြတ်ချက်များနှင့် ဖြစ်စေ စီရင်ချက်ချမှတ်လျက် အတည်ပြုပေးရလေသည်။


လူအချင်းချင်း ဖြစ်ပွားသော အမှုအခင်းများ၌သာမက၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ငြင်းခုံ၍ အခြင်းများကြသော အမှုအခင်း ကိစ္စရပ်များ၌လည်း လက်နက်အားကိုး စစ်မက်ထိုး၍ မပြီးပြတ် စေဘဲ၊ အနုညာတ စီရင်ဆုံးဖြတ်ရေး တရားခုံရုံးသို့ တင်၍ ဆုံးဖြတ်လေ့ရှိသည်။ ဤနည်းဖြင့် ပစ္စည်းကုန် လူကုန်သက်သာ ပေသည်။ အများအားဖြင့် ထိုအမှုအခင်းများကို အရေးပေါ်ခုံ အဖွဲ့များက စီရင်ဆုံးဖြတ်စေ၍ တစ်ရံတစ်ခါတွင် ခုံသမာဓိ အဖြစ် ဆောင်ရွက်ကြလေသည်။ အနုညာတစီရင်ခြင်းအတွက် အမြဲတမ်း တရားခုံတစ်ခု ဖွဲ့စည်းတည်ထောက်ရန် ၁၈ ရာစုနှစ် အတွင်းက ဂျရမီဗင်တင် အစရှိသောပုဂ္ဂိုလ်အချို့က တိုက်တွန်း နိုးဆော်ခဲ့သော် လည်း ၁၉ ရာစုအတွင်းကျမှသာလျှင် နိုင်ငံ အချင်းချင်း ငြင်းဆိုမှုများကို အနုညာတ စီရင်ဆုံးဖြတ်ရေး တရားခုံသို့ တင်ပြ၍ ထိုခုံရုံး၏ အဆုံးအဖြတ်ကို နာယူသည့် အလေ့အထသည် အတော်အတန် ခေတ်စားခဲ့လေသည်။


၁၉ ရာစုအတွင်းက အနုညာတစီရင်ရေး တရားခုံသို့ တင်ပြဆုံးဖြတ်စေသည့် အမှုအခင်းများအနက် စိတ်ဝင်စားဖွယ် ကောင်းသော အမှုအခင်းနှစ်ရပ်မှာ ဗင်နီးဇွီးလားနိုင်ငံနှင့် ဗြိတိသျှဂီးယားနားနယ်တို့၏ နယ်ခြားအမှုနှင့် အယ်လဗားမား သင်္ဘောအမှုတို့ ဖြစ်ကြ၏။ ၁၈၉၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံနှင့် ဗင်နီးဇွီးလားနိုင်ငံတို့သည် ဗင်နီးဇွီးလားနှင့် ဗြိတိသျှ ဂီယားနား နယ်ခြားကိစ္စနှင့် စပ်လျဉ်း၍ ငြင်းဆိုခဲ့ကြရာတွင် မည်သည့် ဘက်ကမျှ အလျော့မပေးသဖြင့်၊ စစ်ဖြစ်တော့မည့်အနေသို့ပင် ရောက်ခဲ့လေသည်။ ထိုအခါ အမေရိကန်ပြည်ထောင်စုနိုင်ငံက နိုင်ငံခြားမှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့တစ်ခု၏ အဆုံး အဖြတ်ကို ခံယူကြရန် အကြံပေးခဲ့၏။ ထိုအကြံကို နှစ်ဦး သဘောတူ လက်ခံသဖြင့် စစ်မဖြစ်ရတော့ဘဲ နယ်ခြားပြဿနာ မှာ အေးချမ်းစွာ ပြေလည်သွားလေသည်။ အယ်လဗားမား သင်္ဘောအမှုမှာ ဤသို့ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ တွင် ပြည်တွင်းစစ် ဖြစ်ပွားနေခိုက်၊ အယ်လဗားမားသင်္ဘောကို ဗြိတိသျှသင်္ဘောကျင်းတစ်ခုတွင် တည်ဆောက်ပြီးသော် ၁၈၆၂ ခုနှစ်၌ ရေချခဲ့၏။ ထိုအခါက ဗြိတိန်နိုင်ငံရှိ အမေရိကန်သံ အမတ်က တရားဝင်အစိုးရကို တော်လှန်ပုန်ကန်နေသော တောင်ပိုင်းသားတို့သည် ထိုသင်္ဘောကို စစ်သင်္ဘောအဖြစ် အသုံးပြုလိမ့်မည်ဟု အကြောင်းပြကာ ကန့်ကွက်ခဲ့သော်လည်း မရခဲ့ချေ။ အကြောင်းပြခဲ့သည့်အတိုင်းပင် အယ်လဗားမား သင်္ဘောသည် ၂ နှစ်တိုင်တိုင် မြောက်ပိုင်းသားတို့၏ ကုန် သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးခဲ့၏။ ၁၈၆၄ ခုနှစ်တွင် အမေရိကန်တိုက်သင်္ဘောတစ်စင်းက တိုက်ခိုက်ပစ်လိုက်မှသာ အယ်လဗားမားသင်္ဘော၏ရန်မှ စိတ်ချရလေသည်။ အမေရိကန် အစိုးရက အယ်လဗားမားသင်္ဘောကြောင့် ပျက်စီးဆုံးရှုံးရသော ပစ္စည်းများ အရပ်ရပ်၏တန်ဖိုးကို လျော်ကြေးပေးရန် ဗြိတိသျှ အစိုးရသို့ တောင်းဆိုသည်။ သို့သော် ဗြိတိသျှအစိုးရက လျော် ကြေးပေးရန် ငြင်းဆိုသဖြင့် ၂ နိုင်ငံ ဆက်သွယ်ရေး ပျက်တော့ မလောက် ဖြစ်သွားသည်။ နောက်ဆုံးတွင် လျော်ကြေးကိစ္စကို အနုညာတစီရင်ရေး တရားခုံသို့ တင်ပြဖြေရှင်းရန် ဗြိတိသျှ အစိုးရက သဘောတူသဖြင့်၊ ၁၈၇၁ ခုနှစ်၌ အနုညာတစီရင် ဆုံးဖြတ်ရေးတရားခုံသို့တင်ကာ ဆုံးဖြတ်စေသည်တွင် လျော် ကြေး ငွေပေါင်း ၃၁ဝဝဝဝဝ အမေရိကန်သို့ ပေးရမည်ဟု ဆုံးဖြတ်ခဲ့လေသည်။


၁၉ဝဝ ပြည့်နှစ်တွင် ကျင်းပခဲ့သော ဟိတ်ငြိမ်းချမ်းရေး ညီလာခံမှ ဆုံးဖြတ်ချက်အရ၊ အနုညာတစီရင်ရေး တရားခုံရုံးကို ဟိတ်မြို့တွင် အမြဲတမ်း ဖွင့်လှစ်ထားခဲ့၏။ ပထမကမ္ဘာစစ်ကြီး အပြီးတွင်လည်း ထိုခုံရုံးကို ဆက်လက်ဖွင့်လှစ်ခဲ့ရာ ငြိမ်းချမ်း ရေး စာချုပ်ကြောင့် ပေါ်ပေါက်လာသော နယ်ခြားပြဿနာ အရပ်ရပ်ကို ၁၉၂ဝ ပြည့်နှစ်မှ ၁၉၂၅ ခုနှစ်အတွင်း ပြေလည် အောင် ဖြေရှင်းနိုင်ခဲ့လေသည်။


၁၉၄၅ ခုနှစ် ဇွန်လတွင် ဆန်ဖရန်စစ္စကိုမြို့၌ ရေးဆွဲခဲ့ သော ကုလသမဂ္ဂ စာချုပ်ကြီးအရ၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များသည် မိမိတို့အချင်းချင်း သဘောကွဲလွဲမှုများကို စေ့စပ်ဖြန် ဖြေခြင်း အနုညာတစီရင်ခြင်းနှင့် အခြားအေးချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းရန် သဘောတူ ကတိပြုခဲ့ကြသည်။ ထိုသို့ ဖြေရှင်း၍မရလျှင်ကား လုံခြုံရေးကောင်စီသို့ လွှဲရမည် သာ ဖြစ်ပေသည်။


၁၉၄၅ ခုနှစ် ဇွန်လတွင် ဆန်ဖရန်စစ္စကိုမြို့၌ ရေးဆွဲခဲ့ သော ကုလသမဂ္ဂ စာချုပ်ကြီးအရ၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များသည် မိမိတို့အချင်းချင်း သဘောကွဲလွဲမှုများကို စေ့စပ်ဖြန် ဖြေခြင်း အနုညာတစီရင်ခြင်းနှင့် အခြား အေးချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းရန် သဘောတူ ကတိပြုခဲ့ကြသည်။ ထိုသို့ ဖြေရှင်း၍မရ လျှင်ကား လုံခြုံရေးကောင်စီသို့ လွှဲရ မည်သာ ဖြစ်ပေသည်။

စက်မှုလက်မှုလုပ်ငန်းနှင့် စပ်လျဉ်းသော ပဋိပက္ခများနှင့် အလုပ်သမားနှင့် အလုပ်ရှင်တို့ ဖြစ်ပွားသော ပဋိပက္ခများတွင် လည်း အနုညာတစီရင်ခြင်းဖြင့် ဖြေရှင်းခဲ့ကြသည်။ အနုညာတ စီရင်ခြင်းအတွက် ဝါဏိဇ္ဇပဋိပက္ခ ဖြန်ဖြေရေးခုံရုံးကို နိုင်ငံ အသီးသီးတွင် ဖွဲ့စည်းတည်ထောင်ထားကြသည်။ မြန်မာနိုင်ငံ တွင်လည်း ဝါဏိဇ္ဇပဋိပက္ခ ဖြန်ဖြေရေးခုံရုံးတွင် အလုပ်ရှင်၏ ကိုယ်စားလှယ်များနှင့် အလုပ်သမားများ၏ ကိုယ်စားလှယ် များ ပါဝင်သည့် ခုံရုံးများက တရားမျှတစွာ စီရင်ဆုံးဖြတ် ပေးသောကြောင့် အလုပ်ရပ်စဲမှုများ၊ သပိတ်မှောက် မှုများကို တားဆီးနိုင်ခဲ့ကြပေသည်။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)