အနုမောဒနာဝတ်
ကျောင်းတိုက်တွင်းမှာဖြစ်စေ၊ မြို့ရွာတွင်းမှာဖြစ်စေ၊ ဆွမ်းကျွေးပြီးသောအခါ စသည့်အခါတို့၌ ဒကာ၊ ဒကာမတို့အား ဝမ်းမြောက်ဝမ်းသာ ရှိအောင် တရားဟောခြင်းကို အနုမောဒနာပြုသည်ဟု ခေါ်ဆိုသည်။ (အနု = အဖန်ဖန် + မောဒနာ = ဝမ်းမြောက်စေခြင်း) ထိုအနုမောဒနာ တရားဟောမှု နှင့်စပ်လျင်း၍ ပြုကျင့်အပ်သောကြောင့် အနုမောဒနာဝတ် ဟု ဆိုရသည်။
အနု ပုနပ္ပုနံ မေ ဒိယတေ ပမောဒိယတေတိ အနုမောဒနာ၊ ကာ, သာ ဓမ္မကထာ အနုမောဒနာယ ကတ္တဗ္ဗံ ဝတ္တံ အနုမောဒနဝတ္တံ။ (ဝိနယာလင်္ကာရ ဋီကာ)
အနုမောဒနာ ဝတ်အကျင့်များ
ပြင်ဆင်ရန်တရားဟောခြင်း အနုမောဒနာပြုမှုသည် အကြီးဆုံးပုဂ္ဂိုလ်၏ တာဝန် ဖြစ်၏။ ထိုကြောင့် အကြီးဆုံးပုဂ္ဂိုလ်သည် စွမ်းနိုင်လျှင် ကိုယ်တိုင် အနုမောဒနပြုရခြင်း၊ မစွမ်းနိုင်လျှင် စွမ်းနိုင်သူ တစ်ပါးပါးကို (သာမဏေလေး ဖြစ်စေ) အနုမောဒနာပြုပါဟု တိုက်တွန်းရခြင်း၊ အကြီးဆုံးပုဂ္ဂိုလ်က မတိုက်တွန်းပဲ မည်သူမျှ အနုမောဒနာ မပြုရ၊ အကြီးဆုံးပုဂ္ဂိုလ် တိုက်တွန်းလျှင် မငြင်းဆန်ဘဲ စွမ်းနိုင်သမျှ ဟောရခြင်း၊ အကြီးဆုံးပုဂ္ဂိုလ်သည် ဝတ္တရားနားမလည်၍ မိမိလည်းမဟော သူတပါးကိုလည်း မတိုက်တွန်းလျှင် စွမ်းနိုင်သောပုဂ္ဂိုလ်က အကြီးဆုံးထံခွင့်ပန်၍ တရားဟောရခြင်း။
စောင့်ဆိုင်းရခြင်း
ပြင်ဆင်ရန်အကြီးဆုံးမထေရ် တရားဟောနေလျှင် ထိုမထေရ် ကြီးအောက် ဝါစဉ်အတိုင်း လေးပါး၊ ငါးပါးစောင့်ဆိုင်းထိုင်နေရမည်။ (စတူဟိ-ပဉ္စဟိ-ဟု ပါဠိတော်၌လာ၍ လေးပါးစောင့်စောင့်၊ ငါးပါးစောင့်စောင့် ဖြစ်နိုင်သည်။ ငါးပါးထက် ပို၍လည်း စောင့်နိုင်ပါသည်။) အကြီးဆုံး မထေရ်ကြီးအောက်ငယ်သော အနုထေရ်တရားဟောနေလျှင် အကြီးဆုံး မထေရ်ကြီးနှင့် တရားဟောအနုထေရ်အောက် သုံးပါးတို့ စောင့်ဆိုင်းရမည်၊ ငါးပါးမြောက် ရဟန်းက တရားဟောနေလျှင် အကြီးဆုံး မထေရ်မှစ၍ အကြီးလေးပါးတို့က စောင့်ဆိုင်းရမည်။ ပဉ္စင်းငယ်တစ်ပါးအား တိုက်တွန်း၍ တရားဟောနေလျှင် အကြီးဆုံးမထေရ် အစဉ်အတိုင်း မထေရ်လေးပါးတို့ စောင့်ဆိုင်းရမည်။ (အချုပ်မှာ-တရားဟောပုဂ္ဂိုလ်မှတပါး ကျန်ရစ်သောပုဂ္ဂိုလ်များထဲတွင် အကြီးဆုံးမှစ၍ လေးပါး စောင့်ဆိုင်းရမည်ဟု ဆိုလိုပါသည်။) တရားဟောရဟန်းက အရှင်ဘုရားတို့ ကြွတော်မူကြပါ၊ ငံ့လင့်ဖို့ကိစ္စ မရှိပါဟုဆိုလျှင် မငံ့ဆိုင်းဘဲ ကြွသွားနိုင်ပါသည်။ မဟာထေရ်က တရားဟောရဟန်းကို "ငါ့ရှင် ငါတို့သွားကုန်တော့အံ့" ဟုဆို၍ တရားဟောရဟန်းက ကြွကြပါဘုရားဟု ခွင့်လွှတ်လျှင် ကြွသွားနိုင်၏။ (အဋ္ဌကထာ၌ မဟာထေရေန သာ လာပါသော်လည်း တပါးသောပုဂ္ဂိုလ်များလည်း ထို့အတူ ခွင့်တောင်း၍ ခွင့်ပေးသဖြင့်သွားလျှင် အပ်ဖို့ရှိပါသည်။) ရွာပမှုဖြစ်စေ၊ တစ်ကျောင်းကျောင်းမှဖြစ်စေ ငံ့လင့်စောင့်ဆိုင်းနေအံ့ ဟု နှလုံးသွင်းလျှက် ကြွသွားပြီးလျှင် နှလုံးသွင်းရာဌာန ရောက်သောအခါ မိမိ တပည့်များအား ဓမ္မကထိက ပုဂ္ဂိုလ်ကို သင်တို့ ငံ့လင့်နေကြဟု မှာကြား၍ လိုရာ သွားနိုင်သည်ဟု အဋ္ဌကထာဆိုသည်။ စောင့်ဆိုင်းသောသူသည် ထသွားရန် ကိစ္စတစ်စုံတစ်ခု ရှိက အနီးနေပုဂ္ဂိုလ်အား ပန်ကြား၍ ထသွားနိုင်လေသည်။ လူဒါယကာတို့သည် မိမိတို့၏အလိုအားဖြင့် နှစ်သက်ရာတစ်ပါးပါးကို တရားဟောရန် အစောက တောင်းဆိုခဲ့ငြားအံ့၊ ထို ပုဂ္ဂိုလ်သည် မပန်ကြားပဲ တရားဟောခြင်းကြောင့် အပြစ်မရောက်နိုင်၊ တရားဟောနေသူအား စောင့်ဆိုင်းရန်လည်း မထေရ်ကြီး၌ ဝန်မရှိ၊ အများစည်းဝေးကုန်စဉ် အနီးနေသူတို့အား ဟောကြားမည့်တရား၌ လူတို့က တရားဟောရန် တောင်းပန်လျှောက်ထားသော်၊ ထိုဓမ္မကထိကပုဂ္ဂိုလ်သည် မထေရ်ကြီးကို ပန်ကြားအပ်သေး၏၊ မဟာထေရ်သည်လည်း အနုမောဒနာပြုရန် တိုက်တွန်းအပ်သော ရဟန်းကိုသာလျှင် စောင့်ဆိုင်းအပ်ပေသည်။