အနဲမနီးပင်သည် ဗြိတိန်နိုင်ငံ သစ်တော်နှင့် စားကျက်များတွင် နွေကူးရာသီ၌ အလေ့ကျပေါက်လေ့ရှိသော ပန်းပင်မျိုး ဖြစ်၍ မျိုးတူဗစ်တားကပ်ပင်ကဲ့သို့ ရနန်းကူလေး စီအီး မျိုးရင်းတွင် ပါဝင်သည်။ အနဲမနီးဟူသောစကားမှာ ဂရိဘာသာစကား ဖြစ်၍လေဟုအဓိပ္ပာယ်ရသည်။ လှပ၍ ကျက်သရေရှိသော အနဲမနီးပန်းပွင့် အရိုင်းများသည် နွေကူး ရာသီကျစ လေပြင်းတိုက်ခတ်ချိန်တွင် လေမည်မျှလောက် တိုက်ခတ်သော်လည်း ပန်းပွင့်များသည် အောက်သို့ ငိုက်ကျ၍ ဟိုဟိုသည်သည် ယိမ်းထိုးရုံမျှအပ မည်သည့်အခါမှ ကျိုးပြု သွားခြင်း မရှိချေ။ ထိုကြောင့်လည်း ယင်းပန်းပွင့်များကို လေဒဏ်ခံပန်းပွင့်ဟု တစ်ခါတစ်ရံ ခေါ်ကြသည်။ အနဲမနီး ပန်းပင်များသည် သမပိုင်းရာသီဥတု၌ ပေါက်ရာ အမေရိကန် ပြည်ထောင်စုမြောက်ပိုင်းနှင့် ကနေဒါနိုင်ငံတို့၌လည်း ပေါက် သည်။

ဗြိတိန်နိုင်ငံ၌ တောထဲတွင် အလေ့ကျပေါက်သော အနဲ မနီးပင် နှစ်မျိုးရှိရာ တစ်မျိုးမှာ အပွင့်ဖြူ၍ လှပသည်။ ယင်း၏ရုက္ခဗေဒအမည်မှာ အနဲမနီး နီမိုရိုဆ ဖြစ်၍ သစ်တော နှင့်စားကျက်များတွင် တွေ့ရသည်။ ဒုတိယအမျိုးမှာ ခရမ်း ရောင်ပန်းများပွင့်၍ အင်္ဂလန်ပြည် အရှေ့နှင့်တောင်ပိုင်း ထုံးကျော်စားကျက်များ၌ ပေါက်သည်။ ယင်း၏ ရုက္ခဗေဒ အမည်မှာ အနဲမနီး ပါလဆေးတီလဖြစ်သည်။ အခြားအမျိုး များသည် အာရှတိုက်၊ မြောက်အမေရိကတိုက်နှင့် ဥရောပ တိုက်တို့၌ ပေါက်ရောက်ကြသည်။ ဗြိတိန်နိုင်ငံတွင် ပေါ်ပီ အနဲမနီးနှင့် ဂျပန် အနဲမနီးတို့ အပါအဝင် အနဲမနီး ပန်းပင် အမျိုးမျိုးကို အိမ်တွင် အလှပြုပြင် စိုက်ပျိုးယူကြသည်။ အလေ့ပေါက်သော အနဲမနီးပင်၏ အပွင့်များသည် ညဉ့် အချိန်၌သော်လည်းကောင်း၊ မိုးသည်းထန်စွာ ရွာနေချိန်တွင် သော်လည်းကောင်း ပိတ်သွားလေသည်။ အချို့ အနဲမနီးပင် အထူးသဖြင့် အိမ်၌ပြုပြင် စိုက်ပျိုးယူသော အပင်မျိုး၏ ပင်စည်များသည် တောင့်တင်းခိုင်မာ၍ အပွင့်များမှာ အနီ၊ ပန်းရောင်း၊ အပြာ စသည်ဖြင့် အရောင်အမျိုးမျိုး ရှိကြသည်။ တရုတ်လူမျိုးများသည် အချို့သော အနဲမနီးပင်များကို အမြတ်တနိုး ထားကြသည်။ သေဆုံးသူ ဆွေမျိုးမိဖများ၏ ဈာပနတွင် ဤပန်းများဖြင့် ဝတ်ပြုကန့်တော့လေ့ရှိကြသည်။ ဂရိလူမျိုးတို့၏ ထုံးဟောင်း ပုံပြင်အရ အက်ဖရိုဒိုက်တီ နတ် သမီးသည် သူချစ်ကြိုက်နေသော အဒိုးနစ် လုလင်ပျိုကလေး သေဆုံးသွားကြောင်းကြားသဖြင့် ဝမ်းနည်းပက်လက်ဖြစ်၍ ငိုကြွေးရာမှ မြေပေါ်သို့ကျသော မျက်ရည်ပေါက်မှ ပေါက်သည့် ပန်းပင်ဟုဆိုသည်။ ထို့ပြင် လေသည်သာ ယင်းအပွင့်၏ ပွင့် ဖတ်ကို ဖွင့်ပေးနိုင်သည်ဟုလည်း ယုံကြည်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)