အန်ဒရေ ဖရက်ဒရစ် ကော်နန်

ပြင်သစ် ဇီဝကမ္မဗေဒပညာရှင်

နိုဘယ်ဆုရ ဆေးပညာရှင် အန်ဒရေ ဖရက်ဒရစ် ကော်နန်ကို ၁၈၉၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ မွေးဖွားသည်။ ငယ်စဉ်က ဘောလုံးချန်ပီယံလည်းဖြစ်သည့်ပြင် ခြေလျင်တောင်တက် အားကစားကိုလည်း အထူးပင်ဝါသနာထုံခဲ့သည်။ ပထမကမ္ဘာစစ်တွင် ပြင်သစ်စစ်သည်တစ်ဦးအဖြစ် ရွပ်ရွပ်ချွံချွံပါဝင်ဆင်နွဲခဲ့၍သူရဲကောင်းမှတ်တမ်းဝင် ကြယ်သုံးပွင့်ဆု ချီးမြှင့်ခံရသည်။

ကော်နန်သည် ၁၉၃ဝ ပြည့်နှစ်တွင် ပါရီတက္ကသိုလ်မှ ဆေးပညာဘွဲ့ ဆွတ်ခူးပြီးနောက် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွေ့နေထိုင်သည်။ ကိုလံဘီယာတက္ကသိုလ် ဆေးကောလိပ်၌ စာပေပို့ချခဲ့သည်။ ဒစ်ကင်ဆန်ဒဗလျူရစ်ချတ်(၁၈၉၅-၁၉၇၃) နှင့် လက်တွဲ၍ အဆုတ်နှင့်နှလုံးဆိုင်ရာကုထုံးသုတေသနကို ပြုလုပ် သည်။ ကော်နန်သည် ၁၉၅၁ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ ဆေးပညာပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက် ၁၉၆၄ ခုနှစ်တွင် ဂုဏ်ထူးဆောင် ပါမောက္ခကြီးဖြစ်လာသည်။

ကော်နန်သည် ဗာရနာဖော့စမန်း (၁၉ဝ၄-၁၉၇၉)တွေ့ရှိထားပြီးသောနည်းကို ပိုမိုပြည့်စုံစေရန် ရစ် ချတ်နှင့်အတူလေ့လာဖြည့်ဆည်းနေစဉ် ရောဂါဖိစီးနေသော လူ့နှလုံး၏သဘောသဘာဝကို လည်းကောင်း၊ အခြေခံကျသော ခန္ဓာကိုယ် ချွတ်ယွင်းဖောက်ပြန်မှုကို တိကျစွာ ရှာဖွေနိုင်သောနည်းကိုလည်းကောင်း ထုတ်ဖော် ပေးနိုင်ခဲ့သည်။ ခုန်နေဆဲလူ့နှလုံး၏ အခန်းတစ်ခန်းထဲသို့ ချူပြွန်၏ တစ်ဘက်စွန်းကို သွင်းကာသွေးနမူနာထုတ်ယူ၍ ယင်းသွေးထဲ၌ အောက်ဆီဂျင်ပါဝင်မှု ပမာဏကိုကောက်ချက်ချနိုင်သည့် နည်းလမ်းကိုတိုးတက် ကောင်းမွန်အောင်ဖြည့်ဆည်းပေးခဲ့ခြင်းပင်ဖြစ်သည်။

ကော်နန်သည် ၁၉၄၉ ခုနှစ်တွင် အမေရိကန် ပြည်သူ့ကျန်းမာရေးအဖွဲ့ချုပ်၏ လက်စကာဆေးပညာဆုကို ဆွတ်ခူးသည်။ ထို့ပြင် ရစ်ချတ်နှင့် ဖော့စမန်းတို့နှင့်အတူ ၁၉၅၆ ခုနှစ်တွင် ဆေးပညာနှင့် ဇီဝကမ္မ ဗေဒဆိုင်ရာ နိုဘယ်ဆုကို ရရှိသည်။ နှလုံးရောဂါကုထုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့သည့် ပြင်သစ်နိုင်ငံဖွား အမေရိကန် ဆေးပညာရှင် အန်ဒရေးဖရက်ဒရစ် ကော်နန်သည် ၁၉၈၈ ခုနှစ် မတ်လတွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဂရိတ်ဘာရင်တန်မြို့၌ ကွယ်လွန်သည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)