(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင်သည် ကောသလနိုင်ငံ သာလအမည်ရှိသော ပုဏ္ဏားရွာ၌ သာလရွာ သား ပုဏ္ဏားသူကြွယ်တို့အား အပဏ္ဏက (မချွတ်ယွင်း မလွဲမှားနိုင်သော) ကျင့်စဉ်ကို ဟောတော်မူပါသည်။ ။

ပထမပိုင်း၌ -ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိဖြစ်သော နတ္ထိကဝါဒ, အကိရိယဝါဒ, အဟေတုကဝါဒ, အရူပဗြဟ္မာမရှိ နိဗ္ဗာန်မရှိ-ဟူသော ဝါဒများနှင့် ယင်းတို့၏ ဆန့်ကျင်ဘက် သမ္မာဝါဒများကို လောကမျက်မြင်အားဖြင့် နှိုင်းယှဉ်၍ တစ်ခုစီ တစ်ခုစီကို ရှင်းလင်း ဟောကြားတော်မူပါသည်။ ။

ဒုတိယပိုင်း၌ -အတ္တန္တပအစရှိသော ပုဂ္ဂိုလ်လေးမျိုးကို ခွဲခြမ်းဝေဘန်၍ ဟောတော်မူပါသည်။ ယင်းတို့တွင် အထက်ပါပုဂ္ဂိုလ်ငါးဦးသည် အထက်ပါ ပုဂ္ဂိုလ် သုံးဦး၏ အမျိုးအစားများဖြစ်ကြပြီး ဘုရားရှင်နှင့် အတ္ထိကဝါဒီပုဂ္ဂိုလ်ငါးဦးတို့သည် အမှတ်လေး ပုဂ္ဂိုလ်မျိုးဖြစ်ပုံ, ယခုဘဝ၌ ဘုရားဖြစ်တော်မူသည်အထိ ကျင့်သုံးတော်မူသည့် ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်ကို ဟောတော်မူပါသည်။ ။

တတိယပိုင်း၌ -သာလရွာသား ပုဏ္ဏားသူကြွယ်များ ဥပါသကာအဖြစ်ခံယူပုံကို ပြဆိုထားပါသည်။

အဋ္ဌကထာ၌ -သာလရွာနှင့် ရွာသားတို့အကြောင်း, အတ္တုက္ကံသန, ပရဝမ္ဘနဖြစ်ပုံ, ဂင်္ဂါမြစ်၏ ဒက္ခိဏဒေသနှင့် ဥတ္တရဒေသတို့၏ ပထဝီအနေအထား အဘိဇာတိ ခြောက်မျိုး, မိစ္ဆာဝါဒဆိုင်ရာပုဒ်များ, မိစ္ဆာဝါဒီများကို ဘုရားရှင်တို့ပင် မကုစားနိုင်ပုံ နိယတမိစ္ဆာဒိဋ္ဌိအကြောင်း, လာဘီနှင့် တက္ကီပုဂ္ဂိုလ်များအကြောင်း အစရှိ သည်တို့ကို ဖွင့်ပြထားပါသည်။


[၂] ဣန္ဒြေတို့၌ စောင့်စည်းခြင်း, ဘောဇဉ်၌ အတိုင်းအရှည်ကိုသိခြင်း, နိုးကြားမှု၌ အမြဲအားထုတ်ခြင်းဟူသော တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အပဏ္ဏက ပဋိပဒါကို ကျင့်ပြီးသူ အာသဝက္ခယဉာဏ်ရရန်အကြောင်းကို အားထုတ်ပြီးသူဖြစ်ပုံကို အကျယ်တဝင့် ဟောတော်မူပါသည်။

အဋ္ဌကထာ၌ -အပဏ္ဏကပဋိပဒါ, နတ်စကားတိုင်း မယုံသင့်ပုံ အာသဝသဒ္ဒါ၏ ဝိဂြိုဟ်ဗျူပ္ပတ်များ, သုတ္တန်, ဝိနည်း, အဘိဓမ္မာလာ အာသဝများ, “ပါဒေ ပါဒံ အစ္စာဓာယ, သတော သမ္ပဇာနာ” ပုဒ်အဖွင့်တို့ကို ဖွင့်ပြထားပါသည်။


[၃] သီလဝိပတ္တိအစရှိသော ဝိပတ္တိတရားသုံးပါး, သီလသမ္ပတ္တိအစရှိသော သမ္ပတ္တိ တရားသုံးပါးနှင့် ဝိပတ္တိတရားသုံးပါးကြောင့် သတ္တဝါများ အပါယ်လေးပါးကျရောက်ရပုံ သမ္ပတ္တိတရားသုံးပါးကြောင့် သတ္တဝါများ နတ်ပြည်ရောက်ကြရပုံတို့ကို အကျယ်ဟောတော်မူသည့်သုတ်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၂၊၆၂-၇၆။ မ၊မြန်၊၂၊၆၈-၈၃။ မ၊ဋ္ဌ၊၃၊၈၁-၈၇။ မ၊ဋီ၊၃၊၅၁-၅၈။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၁-ဂဟပတိဝဂ္ဂ၊ ဒသမသုတ်။
  2. -အံ၊၁၊၁၁၁-၂။ အံ၊မြန်၊၁၊၁၂၉-၁၃၁။ အံ၊ဋ္ဌ၊၂၊၈၀-၄။ အံ၊ဋီ၊၂၊၈၄-၈။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ပဌမပဏ္ဏာသက၊ ၂-ရထကာရဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. -အံ၊၁၊၂၇၃-၄။ အံ၊မြန်၊၁၊၂၉၁-၂။ အံ၊ဋ္ဌ၊၂၊၂၃၄။ အံ၊ဋီ၊၂၊၂၀၇။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၂)၂-အာပါယိကဝဂ္ဂ၊ ဆဋ္ဌသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ