အပူဓာတုဗေဒ (Thermochemistry) သည် အပူစွမ်းအင်ကို လေ့လာသော ဘာသာရပ်ဖြစ်ပြီး ယင်း၌ ဓာတုဓာတ်ပြုခြင်းများ၊ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းခြင်းများ ပါဝင်သည်။ ဓာတ်ပြုခြင်းတစ်ခုသည် စွမ်းအင်ကို လွှင့်ထုတ် (သို့) စုပ်ယူနိုင်သည်။ အဆင့်ကူးပြောင်းခြင်းတစ်ခုသည်လည်း အရည်ပျော်ခြင်း နှင့် ဆူခြင်းတို့၌ ထိုအတိုင်းပင်ဖြစ်လေသည်။ အပူဓာတုဗေဒသည် စွမ်းအင် ပြောင်းလဲခြင်းများအကြောင်းကို အလေးထား လေ့လာရာ အထူးသဖြင့် ပတ်ဝန်းကျင်နှင့် စနစ်တို့၏ စွမ်းအင်ကူးပြောင်းခြင်းများတွင် ဖြစ်သည် ။ ဤပညာရပ်သည် ဓာတ်ပြုမှုအတောအတွင်း ဓာတ်စမ်းပစ္စည်း၊ ရလဒ်ပစ္စည်းများ၏ ပမာဏကို ခန့်မှန်းရာ၌ အသုံးဝင်သည်။ အင်ထရိုပီ တွက်ချက်ဆုံးဖြတ်ခြင်းများနှင့်အတူ ဓာတ်ပြုမှုတစ်ခုသည် သဘာဝအတိုင်း (သို့) ပြောင်းပြန်အတိုင်း ဖြစ်ပွားမှု ရှိမရှိကိုလည်း ခန့်မှန်နိုင်ပေသည်။

ပထမဆုံး ရေခဲ-အပူတိုင်းကိရိယာ၊ အန်ထော်နီ လဗွိုင်စီယာနှင့် ဖြဲ စီမွန် လာပလားစ်တို့ ၁၇၈၂-၈၂ ဆောင်းရာသ္တွင် အသုံးပြုခဲ့ကြသည်၊ အမျိုးမျိုးသော ဓာတုပြောင်းလဲမှုများတွင် ပြောင်းလဲဖြစ်ပေါ်သည့် အပူကို ဆုံးဖြတ်ရန်ဖြစ်ကာ ဂျိုးဇက် ဘလက်အောင်းပူရှာတွေ့မှုအပေါ် အခြေခံသည့် တွက်ချက်မှုများဖြစ်သည်။ ဤလက်တွေ့စမ်းသပ်ချက်ကပင် အပူဓာတုဗေဒ၏ အခြေခံအုတ်မြစ်အဖြစ် အမှတ်သညာပြုနိုင်ခဲ့သည်။

အန်ဒိုသားမစ်ဓာတ်ပြုခြင်းများသည် အပူကိုစုပ်ယူ၏ ။ တစ်ဖက်၌ အက်ဇိုသားမစ်ဓာတ်ပြုခြင်းများသည် အပူကို လွှင့်ထုတ်၏ ။ အပူဓာတုဗေဒနှင့် သာမိုဒိုင်းနမစ်ဘာသာရပ်တို့၏ အယူအဆသည် ဓာတုစည်းနှောင်မှုပုံစံအတွင်း စွမ်းအင်အယူအဆ၌ သဘောညီကြသည်။ ဤဘာသာရပ်၌ အပူစွမ်းအင်ပမာဏ (heat capacity) ၊ လောင်ကျွမ်းအပူ (heat of combustion) ၊ ဖွဲ့စည်းအပူ (heat of formation) ၊ အင်သာပီအင်ထရိုပီ၊ သာမိုဒိုင်းနမစ်ဆိုင်ရာ လွတ်လပ်စွမ်းအင် (free energy) ၊ ကယ်လိုရီ တန်ဖိုးများကို တွက်ချက်မှုများပါဝင်သည်။