အလွန်အေးသော တိုင်းနိုင်ငံများတွင် အပူအအေး မျှမျှတတ နေထိုင်သွားနိုင်ရန် အိမ်တွင်း အပူ ဓာတ်ပေးစနစ်ကို တီထွင်ရလေသည်။ ဤသို့ အပူဓာတ်ပေး ခြင်းစနစ် မရှိပါက အလွန်အေး သောဒေသများတွင် နေထိုင် သော လူများသည် အအေးဒဏ်ခံနိုင်အောင် လုပ်နေရသည်နှင့် ပင် အချိန်ကုန် လူပမ်း ဖြစ်ကြရပေမည်။ အခြား စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည်တို့ကို လုပ်ကိုင်ရန် အချိန်ရှိတော့မည် မဟုတ်ပေ။ ပထမဆုံး အပူဓာတ်ပေးစနစ်မှာ မီးလင်းဖိုများပင် ဖြစ်သည်။ တီထွင်မှု မပေါ်သေးမီ ရှေးခေတ်က လူများသည် အိမ်တွင်း၌ ထိုမီးလင်းဖိုမျိုးဖြင့်သာ အအေးဒဏ်ကို ခုခံခဲ့ကြ သည်။ ထိုနောက် မီးလင်းဖိုများတွင် ခေါင်းတိုင်များ တပ်ဆင် လာကြသည်။ တစ်ဖန် ခေါင်းတိုင်မှတစ်ဆင့် မီးဖိုများကို အုတ်၊ အုတ်ကြွပ်များနှင့် ပြုလုပ်လာကြသည်။ ထိုမှတစ်ဖန် သွန်းသံများနှင့် ပြုလုပ်ကြပြန်သည်။ နောက်ဆုံးတွင် ယခုခေတ် ကျောင်းများနှင့် အချို့အဆောက်အအုံများတွင် အသုံးပြုသည့် ဗဟိုအပူဓာတ်ပေးရုံများ ဆောက်လုပ်လာသည်အထိ တိုးတက် လာခဲ့လေသည်။

လူသည် သွေးနွေးသတ္တဝါဖြစ်၍ လူ၏ကိုယ်အပူချိန်သည် ၉၈ ့၆ ဖာရင်ဟိုက် ဒီဂရီဖြစ်သည်။ စားလိုက် သောအစာသည် ကိုယ်အပူချိန်အတွက် ထင်းမီးဖြစ်သည်။ ကိုယ်ခန္ဓာပတ်ဝန်း ကျင်၏ အပူချိန်သည် အေးသောအခါ ကိုယ်ခန္ဓာမှ အပူများ ထွက်လျက်ရှိ၏။ အထည်အဝတ်သည် ကိုယ်မှထွက်သောအပူကို တားဆီး၏။ သို့သော် အလွန်အေးသောဒေသများတွင် အပူ အအေး မျှမျှတတရှိစေရန် အိမ်တွင်း၌ အပူရအောင် ပြုလုပ်ရန် လိုအပ်ပေသည်။ ထိုကြောင့် အိမ်တွင်း၌ အပူချိန် ၆၅ ဒီဂရီမှ ၇ဝ ဒီဂရီရှိအောင် လုပ်ပေးရလေသည်။

အပူသည် နည်းသုံးမျိုးဖြင့် တစ်နေရာမှ တစ်နေရာသို့ ရောက်သွား၏ နည်းသုံးနည်းမှာ အပူစီးခြင်း၊ အပူ သယ် ဆောင်ခြင်းနှင့် အပူဖြာထွက်ခြင်းတို့ဖြစ်သည်။ အပူစီးခြင်းဟူ သည်မှာ လေသည် ပူသောပစ္စည်းတစ်ခုနှင့် တွေ့ထိရာမှ ပူလာ ခြင်းမျိုးဖြစ်သည်။ အပူသည် ပူသောပစ္စည်းမှ အနီးတစ်ဝိုက်ရှိ လေဆီသို့ တိုက်ရိုက် စီးလာခြင်းဖြစ်သည်။ ဤအပူစီးခြင်းမျိုး သည် သံချောင်းတစ်လျှောက် အပူစီးလာခြင်းမျိုးနှင့် အလွန်တူ ၏။ သံချောင်းတစ်ချောင်း၏ အစွန်းတစ်ဖက်ကို မီးတွင်ထား၍ အခြားအစွန်းတစ်ဖက်ကို လက်နှင့်ကိုင်ထားလျှင် အပူသည် သံချောင်းတစ်လျှောက် စီးလာသည်ကို တွေ့ရပေမည်။ အပူသယ်ဆောင်ခြင်းဟူရာ၌ ပူသောပစ္စည်းသည် ပတ်ဝန်း ကျင် လေကို ပူစေ၏။ ထိုပူသောလေသည် ပေါ့ သွားသဖြင့် အပေါ်သို့ ပူစေ၏။ ထိုပူသောလေသည် ပေါ့သော လေနေရာ၌ အေးသောလေဝင်လာရာ ထိုလေလည်း ပူလာသဖြင့် အပေါ်သို့ တက်ပြန်၏။ ဤနည်းဖြင့် ပူသောပစ္စည်းအနားမှ လေပူသည် တစ်ဆက်တည်း လှည့်၍ တက်နေလေသည်။

ပူသောပစ္စည်းမှ အပူသည် ရေဒီယိုလှိုင်း၊ အလင်းလှိုင်းများ ကဲ့သို့ လှိုင်းအသွင်ဖြင့် ဖြာထွက်၏။ ဤအပူလှိုင်းများသည် ပလာနယ်ကိုလည်းကောင်း၊ လေထုကိုလည်းကောင်း မပူစေဘဲ ဖြတ်ကျော်သွားနိုင်သော သတ္တိရှိသည်။ နေ၏အပူသည် ကမ္ဘာ မြေကြီးသို့ ရောက်၍ ပူလာရခြင်းမှာ အပူဖြာထွက်ခြင်းကြောင့် ဖြစ်သည်။ မီးအနား၌ ရပ်နေလျှင် ကျွနု်ပ်တို့ထံသို့ ရောက်လာ သောအပူသည် များသောအားဖြင့် အပူ ဖြာထွက်၍ ရောက်လာ ခြင်း ဖြစ်သည်။

ဗဟိုအပူဓာတ်ပေးစနစ်သည် အဆောက်အအုံတစ်ခုတွင် ဗဟို တစ်နေရာမှ အခြားအပူအလိုရှိသည့် နေရာများသို့ ဖြန့်ဝေပေး သောစနစ်ဖြစ်ရာ ဖြန့်ဝေပေးသည့်နည်းကြီး နှစ်နည်းရှိသည်။ ပထမနည်းသည် သွယ်ဝိုက်သောနည်း၊ သို့မဟုတ် လေပူပေး သောနည်းဖြစ်သည်။ ဒုတိယနည်းမှာ ရေနွေးငွေ့၊ သို့မဟုတ် ရေပူတို့ကို ရေဒီယေတာများ ရှိရာသို့ ပိုက်လုံးများဖြင့် ပို့ပေး၍ ထိုမှတစ်ဆင့် အပူဓာတ်ကို ထုတ်ပေးလေသည်။

လေပူပေး နည်းစနစ်တွင် သယ်ဆောင်လာသော လေပူကို သာ အခန်းရှင်များ ရကြသည်။ လေကို အဆောက်အအုံတစ်ခု ၏ အောက်ထပ်တွင် ဖိုကြီးတစ်ခုနှင့် ပူအောင်လုပ်၏။ ပူသော လေသည် အပေါ်သို့ တက်စမြဲဖြစ်ရကား ပိုက်လုံးကြီးများဖြင့် အခန်းများသို့ ပို့ပေးလေသည်။ တစ်ခါတစ်ရံ လေမှုတ်စက်ဖြင့် ထို လေပူများကို မှုတ်၍ အခန်းများသို့ အပူဓာတ် မျှမျှတတ ရရှိစေရန် ပို့ပေးသည်။ လေပူပေးစနစ်သည် တပ်ဆင်ရာ၌ အဖိုးနှုန်းသက်သာသဖြင့် ကိုယ်ပိုင်အိမ်များတွင် အသုံးများကြ သည်။ သို့ရာတွင် ရေနွေးငွေ့၊ သို့မဟုတ် ရေပူပေး စနစ် လောက် မကောင်းလှပေ။

ရေနွေးငွေ့နှင့်ရေပူပေးစနစ်ကို အဆောက်အအုံကြီးများ အားလုံးလောက်တွင် အသုံးပြုကြသည်။ ယင်းစနစ်သည် လေပူ ပေးစနစ်ထက် စရိတ်ကြီးလေးသော်လည်း အပူဓာတ်ရရာ၌ မှန်၍ ပို၍လည်း အားထားရသည်။ ရေနွေးငွေ့နှင့်ရေပူပေး စက်ရုံတွင် အရေးကြီးသော အစိတ်အပိုင်းများမှာ ဗွိုင်လာအိုး၊ ရေနွေးငွေ့၊ သို့မဟုတ် ရေပူကို ဆက်သွယ်သွားသော ပိုက်လုံး များနှင့် အပူဖြန့်ဝေပေးသည့် ရေဒီယေတာများ ဖြစ်ကြသည်။ ရေနွေးငွေ့ဖြင့် အပူဓာတ်ပေးသည့် စနစ်တွင် ဗွိုင်လာအိုး ထဲ၌ ရေနွေးငွေ့သည် အပူချိန် ၂၁၂ ဒီဂရီ ဖာရင်ဟိုက် ရှိလာ သောအခါ ဖြန့်ဝေပေးနိုင်သဖြင့် စရိတ် သက်သာပေသည်။ ဤသို့ အပူချိန်လျော့၍ ပေးလိုသည့်အခါ ပိုက်လုံးများနှင့် ရေဒီ ယေတာများတွင် လေမရှိအောင် စုတ်ထုတ်ပေးရသည်။ ဤအပူ ဓာတ်ပေးစနစ်တွင် ရေနွေးငွေ့သည် ရေအဖြစ်သို့ ဖွဲ့သွားသဖြင့် နေရာအသီးသီးတို့တွင် တစ်စိတ်တစ်ဒေသအားဖြင့် ပလာနယ် ဖြစ်လာလေသည်။ ထိုအခါ ရေနွေးငွေ့ကို အပူချိန် ၁၅ဝ ဒီဂရီ မျှလောက်နှင့် ဖြန့်ဝေပေးနိုင်သည်။

ရေနွေးငွေ့၊ သို့မဟုတ် ရေပူပေးစနစ်တွင် အသုံးပြုသော ရေဒီယေတာများသည် အပူဓာတ်ကို အပူစီးခြင်း၊ အပူသယ် ဆောင်ခြင်းနှင့် အပူဖြာထွက်ခြင်းဟူသော နည်းသုံးမျိုးဖြင့် ထုတ်ပေးကြသည်။ များသောအားဖြင့် အပူစီးခြင်းနည်းဖြင့် ထုတ်ပေးသောအပူဓာတ်မှာ အလွန်နည်းလေသည်။ အပူ သယ်ဆောင်ခြင်းနှင့် အပူ ဖြာထွက်ခြင်းနည်းဖြင့် ထုတ်ပေး သော အပူဓာတ်၏ပမာဏမှာ ရေဒီယေတာ၏ အပူချိန်ပေါ်တွင် တည်ပေသည်။

ရေပူဖြင့် အပူဓာတ်ပေးသောစံနစ်တွင် ရေပူ၏အပူချိန်သည် နည်းသည့်အလျောက် အပူဓာတ် ထုတ်လွှတ်ရာတွင် အပူဖြာ ထွက်ခြင်းနည်းဖြင့် မထုတ်လွှတ်ဘဲ အပူသယ်ဆောင်ခြင်းနည်း ဖြင့်သာ ထုတ်လွှတ်လေသည်။ အပူချိန်များသော ရေနွေးငွေ့ပေး စံနစ်တွင်မူ ရေဒီယေတာများသည် အပူဓာတ်ကို အပူဖြာထွက် ခြင်းနည်းဖြင့် ထုတ်လွှတ်ကြသည်။ ရေဒီယေတာမှ ထုတ်လွှတ် သော အပူဓာတ်၏ ပမာဏမှာ ရေဒီယေတာ၏ ပုံသဏ္ဌာန်နှင့် လှပ်ထားသောသတ္တုမျက်နှာပေါ်တွင် များစွာတည်ပေသည်။ အပြင်တွင် လှပ်ထားသော သတ္တုမျက်နှာပြင် များလေလေ အပူဓာတ်များများ လွတ်ထုတ်လေလေဖြစ်သည်။ ရေဒီယေတာ များကို အိမ်ခန်းရှိ အပူဓာတ် များစွာထွက်သော နေရာများ၌ တပ်ဆင်ထားလေ့ ရှိကြသည်။ အထူးသဖြင့် ပြတင်းပေါက်တွင် ဖြစ်စေ၊ အောက်နားတွင်ဖြစ်စေ တပ်ဆင်ထားတပ်ကြသည်။ ပြတင်းပေါက်မှ အခန်းတွင်းသို့ လေအေးဝင်လာသော အခါ ထိုလေသည် ရေဒီယေတာကြောင့် ပူလာသဖြင့် မျက်နှာကြက် ဆီသို့ တက်သွားလေသည်။

ရေဒီယေတာများဖြင့် အပူဓာတ်ပေးရာ၌ အခက်အခဲတစ်ခုမှာ မျက်နှာကြက် နားတွင် ရှိသော လေသည် အခြားနေရာများတွင် ရှိသော လေထက် ပို၍ ပူခြင်းဖြစ်သည်။ ပုံစံအားဖြင့် အခန်း တစ်ခုတွင် ကြမ်းပြင်နေရာ၌ လေ၏အပူချိန်သည် ၅၃ ံ ရှိလျှင် ဒူဆစ်အမြင့်တွင် ၅၉ ့၄ ံ နှာခေါင်းအမြင့်လောက်တွင် ၆၈ ့၇ ံ အသီးအသီး ရှိ၍ မျက်နှာကြက်တွင် ၇၆ ံအထိ ရှိပေလိမ့်မည်။ ကြမ်းပြင်၌ ဤမျှအပူချိန် နည်းနေလျှင် သက်သာလိမ့်မည် မဟုတ်ပေ။ အကယ်၍ ကြမ်းပြင်နေရာရှိ လေအပူချိန်ကို မြှင့် တင်ပေးလိုက်လျှင် အခြား နေရာများတွင် မနေနိုင် မထိုင်နိုင် အောင် ပူလာလိမ့်မည်။ ထိုကြောင့် ဤမျှ အပူချိန် ခြားနားမှု မရှိစေရန် ရေဒီယေတာများအစား ကြမ်းပြင်တစ်လျှောက်တွင် ရေပူပိုက်လိုင်းရှည်များ၊ သို့မဟုတ် ပိုက်လုံးခွေများကို တပ်ဆင် ထားကြသည်။ ထိုအခါ ရေပူသည် ပိုက်လုံးတစ်လျှောက် ဝင် လာပြီးလျှင် အခန်းတွင်းရှိ လူများအား နွေးစေလေသည်။ ရေဒီ ယေတာများမှာကဲ့သို့ အပူချိန် ခြားနားမှုများစွာ မရှိတော့သည့် ပြင် အပူချိန်မှန်၍ နေလေသည်။ ရေပူအစား လေပူကိုလည်း အသုံးပြုကြသေးသည်။

အပူရအောင် ဓာတ်ငွေ့ကို မီးလောင်စေသည့် ရေဒီယေတာ နှစ်မျိုးရှိ၏။ ပထမအမျိုးတွင် ဓာတ်ငွေ့ မီးသည် ရေဒီယေတာ ကို တိုက်ရိုက်ပူစေပြီးလျှင် ထိုမှတစ်ဆင့် အပူကို ထုတ်လွှင့်ပေး လေသည်။ ဒုတိယအမျိုး တွင် ဓာတ်ငွေ့မီးသည် ရေကို ရေနွေး ငွေ့ဖြစ်အောင် ပြုလုပ်ပြီးလျှင် ရေပိုက်ခွေများဖြင့် အခန်းများသို့ လွှတ်ပေး၏။ ဤအပူပေးစနစ်မျိုးကို ကိုယ်ပိုင် နေအိမ်များတွင် အသုံးပြုကြသည်။

ယခုအခါ လူသုံးများသည့် လျှပ်စစ် အပူပေးကိရိယာတွင် ဝိုင်ယာကြိုးခွေများ ပါရှိ၍ ထိုဝိုင်ယာကြိုးခွေများသို့ လျှပ်စစ် ဓာတ်စီးကို လွှတ်ပေး၏။ ထိုဝိုင်ယာကြိုးခွေများသည် လျှပ်စစ် ဗို့အားကို ခုခံထားသောကြောင့် နီရဲလာသဖြင့် ယင်းတို့မှ အပူ ဓာတ် ရရှိလေသည်။ ထိုလျှပ်စစ် အပူပေးကိရိယာများမှ အပူ ဓာတ်ကို အပူဖြာထွက်ခြင်းနည်းဖြင့် ရရှိသည်။ ကိုယ်ပိုင်နေအိမ် များတွင် အသုံးပြုသော ထိုအပူပေးစနစ်များသည် ရေနွေးငွေ့ နှင့် ရေပူရေဒီယေတာများထက် အပူဓာတ်ကို ပို၍ ထုတ်လွှတ် ကြသည်။ လျှပ်စစ်ဓာတ်ဖြင့် အပူပေးသောစနစ်သည် သန့်ရှင်း ၍ လွယ်ကူ၏။ သို့သော် လျှပ်စစ်ဓာတ်အားအတွက် ကုန်ကျ သည့်စရိတ်သည် ကြီးလေးသောကြောင့် နေရာကျဉ်းသော အခန်းငယ်ကလေးများတွင် အချိန်အနည်းငယ်အတွက်သာ အသုံးပြုကြသည်။

ယခုခေတ်တွင် လေသမစက်များကို နေအိမ်များ၊ စက်ရုံ အလုပ်ရုံများ၊ ကုန်တိုက်ကုန်လှောင်ရုံများ၊ ကပွဲရုံ၊ ရုပ်ရှင်ရုံနှင့် ဟော်တယ်စသည့် အဆောက်အအုံများတွင်ထား၍ အပူအအေး ကို မျှတစေသည်။ လေသမစေခြင်းစနစ်သည် အဆောက်အအုံ အတွင်းရှိ အပူအအေးကို တစ်နှစ်ပတ်လုံး ညီမျှစေသည်။ ဆောင်းရာသီ အလွန်အေးသောအခါ လေသမစက်သည် သန့်ရှင်း၍ ပူနွေးသောလေကို ရစေသည်။ နွေရာသီ ပူအိုက် သောအခါ အေးမြခြောက်သွေ့၍ သန့်ရှင်းသောလေကို ရစေ သည်။ လေသမစက်သည် လေကောင်းလေသန့်ကို အပြင် ဘက်မှ ဆွဲယူပြီးလျှင် ရေမှုန်ကလေးများ ထွက်နေသည့်နေရာ သို့ ပို့ပေးလိုက်သည်။ ဆောင်းရာသီတွင် ဤရေမှုန်ကလေးများ သည် လေကို စွတ်စိုစေ၍ နွေရာသီတွင်မူ လေတွင်ရှိသော ရေငွေ့ကို ခြောက်သွေ့သွားစေသည်။ ရေမှုန်ကလေးများအတွင်း သို့ ဖြတ်သန်းသွားပြီးနောက် လေသည် ရာသီဥတုကို လိုက်၍ အပူဓာတ်ပေး ဝိုင်ယာခွေ၊ သို့မဟုတ် အအေးဓာတ်ပေး ဝိုင်ယာ ခွေများဆီသို့ ရောက်သွားလေသည်။ ထိုနောက် လေသည် လေ စစ်ရှိရာသို့ ရောက်သွားရာ ထိုလေစစ်က အဆောက်အအုံ အတွင်းသို့ လေမရောက်မီ ဖုန်၊ ဗက်တီးရီးယားနှင့် မကောင်း သော အနံ့များကို စစ်ထုတ်လိုက်လေသည်။ ဤလေသမစနစ် ဖြင့် နေရေး၊ ထိုင်ရေး၊ လုပ်ကိုင်ရေးတို့တွင် ပို၍ ကောင်းမွန် လာစေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)