လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝဝဝ ကျော်မှစ၍ လူတို့ သည် ငါးအရိုး၊ ကျောက်၊ သံ၊ ကြေးညို တို့ကို အပ်ပြု၍သုံးခဲ့ ကြကြောင်း အထောက်အထားများစွာတွေ့ရှိ့ခဲ့သည်။ အချို့အပ် များသည် အဖျားတွင် နဖားပေါက်ပါ၍ အချို့တွင် အလယ်၌ နဖားပေါက်ပြီးလျှင် အချို့တွင် နဖားပေါက် လုံးဝမပါချေ။ လူတို့သည် အမဲသား၊ ငါးများကို အစားအစာအတွက် လိုက်လံသတ်ဖြတ်ကြရာမှ သားရဲတိရစ္ဆန်များ၏ အရေများကို မိမိတို့ကိုယ်၌ ဖုံးကွယ်လွမ်းခြုံခြင်းအားဖြင့် အအေးဒဏ်မှ ကာကွယ်နိုင်ကြောင်းကို အသိဉာာဏ်ရရှိသွားကြလေသည်။ ထိုအခါမှစ၍ လူတို့သည် တိရစ္ဆာန်များ၏အရေပြား တွင် အပေါက်ဖောက်ပြီး ကြိုးသွင်းချုပ်လုပ်ကာ တိရစ္ဆာန်အရေ ကို ဝတ်ဆင်ကြလေသည်။ ဦးစွာ၌ ဆူးတစ်ခုခုဖြင့်သော်လည်း ကောင်း၊ ချွန်ထက်သော အရိုးတစ်ခုခုဖြင့်သော်လည်းကောင်း အရေပြားတွင်အပေါက်ဖောက်ပြီးမှ လက်ဖြင့်ကြိုးသွင်းသွားလေ သည်။


နောက် တဖြည်းဖြည်း အသိဉာာဏ် တိုးတက်လာသော အခါ အရေပြားတွင်အပေါက်ဖောက်ရင်း ကြိုးကိုပါတစ်ပါတည်း သွင်းသွားရန် ကြံဆလာကြသည်။ ထိုမှတစ်ဆင့် သေးသွယ် သောအရိုး သို့မဟုတ် ကျောက်တစ်ခုခုကို အဖျားချွနေ်အောင် ပြုလုပ်၍ အရင်းတွင် အပေါက်ဖောက်ပြီးလျှင် အပေါက်မှကြိုး သွင်းကာ ယင်းအရိုးအပ်ဖြင့် အရေပြားကိုဖောက်ရင်း ချုပ်သွား လေသည်။


ယင်းသို့အားဖြင့် လိုလျှင်ကြံဆ နည်းလမ်းရလာခဲ့လေ ရာ ရှေးခေတ်လူများသည် ပထမဆုံး လက်ချုပ်အပ်များကို တီထွင်နိုင်ခဲ့ကြလေသည်။ ထိုကဲ့သို့သော လက်ချုပ်အပ်မျိုးကို အီဂျစ်၊ ဂရိနှင့် ရောမနိုင်ငံများရှိ ရှေးဟောင်းအပျက်အစီးများကို တူးဖော်သောအခါ အမြောက်အမြားတွေ့ရှိရလေသည်။ ယင်းသို့ မှ နှစ်ပေါင်းများစွာ ကုန်လွန်သောအခါ ခေတ်အဆင့်ဆင့် ပြောင်းလဲလာ၍ ယနေ့ ကျွနု်ပ်တို့အသုံးပြုနေသော သံမဏိအပ် ကလေးများ ဖြစ်ပေါ်လာလေသည်။

ထိုသံမဏိအပ်ကလေးများကို ပထမဆုံး တရုတ်နိုင်ငံ၌ စတင်ပြုလုပ်၍ သုံးစွဲကြလေသည်။ အလယ်ခေတ်လောက်တွင် ကား အာရပ်လူမျိုးများသည် တရုတ်နိုင်ငံမှအပ်များကို ဥရောပ တိုက်သို့ ယူဆောင်လာခဲ့ကြသည်။ ထို့နောက် မကြာခင် ဂျာမန်လူမျိုးများသည် ထိုအပ်မျိုးကို ပြုလုပ်ကြလေသည်။ ပထမ အယ်လစ်ဇဗက်ဘုရင်မလက်ထက်တွင် ဂျာမန် လူမျိုး အီလီယပ်ဂရောက်က အင်္ဂလိပ်လူမျိုးများကို အပ်ပြုလုပ် နည်း သင်ပြပေးလေသည်။ ထိုအချိန်မှစ၍ အင်္ဂလန်ပြည်တွင် အပ်လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ခဲ့ရာ ယခုအခါ ဝူး စတားရှိုင်ယာရက်ဒစ်ချမြို့သည် အပ်လုပ်ငန်း၏ ဗဟိုဌာန ဖြစ် နေလေသည်။ ယနေ့သော်ကား လက်ချုပ်အပ်များကို များသော အားဖြင့် အင်္ဂလန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများ၌ ပြုလုပ်၍ စက်ချုပ်အပ်များကိုမူ အမေရိကန်ပြည်ထောင်စု၌ ပြုလုပ်လေ သည်။

ယခုခေတ်အသုံးပြုကြသော သံမဏိအပ်ကလေးများကို ပြုလုပ်ရာတွင် အပ်ပြုလုပ်ရန်အတွက် အထူးစီမံထားသော သံမဏိနန်းကြိုးကို အသုံးပြုရ၍ အပ်တစ်ချောင်းဖြစ်ရန် အဆင့် နှစ်ဆယ်မျှ ပြောင်းလဲပြုလုပ်ပေးရလေသည်။ ပထမတွင် သံမဏိနန်းကြိုးမှ အပ်တစ်ချောင်း၏ အလျားနှစ်ဆမျှ အရွယ် ရှိသော အချောင်းကလေးများ ဖြတ်ထုတ်ရသည်။ သံမဏိနန်း ကြိုးများကို ရစ်လုံးများဖြင့်ရစ်ထားသောကြောင့် ဖြတ်ထုတ် လိုက်သော အချောင်းကလေးများသည် အနည်းငယ်ကွေးနေ သည်။ ယင်းတို့ကို ဖြောင့်သွားအောင် အစည်းကလေးများစည်း ၍ နီရဲလာအောင် မီးဖုတ်ရသည်။ တဖြည်းဖြည်း အေးသွား သောအခါ သံပြားပေါ်တွင်တင်၍ အပေါ်မှ သံဒလိမ့်တုံးတစ်ခုခု ဖြင့် ဖိလှိမ့်ပေးရလေသည်။


သံမဏိချောင်းကလေးများ ဖြောင့်စင်းလာသောအခါ ဓားသွေးကျောက်ကဲ့သို့ ကျောက်တုံးတွင် အဖျားနှစ်ဘက်စလုံး ချွန်ထက်အောင်သွေးရသည်။ ထိုကျောက်တုံးသည်လည်နေသဖြင့် သံချောင်းကလေးများကို ကြက်ပေါင်စေးအပြားငယ်တစ်ခုဖြင့် ပတ်၍သွေးရသည်။ သံမဏိချောင်းများကို သွေးပြီးသောအခါ သွေးသည့်နေရာမှအပ်များကို နဖားဖောက်ရန် အရာပေးသည့် ဌာနသို့ စက်ဖြင့်ရွှေ့ပေးသွားလေသည်။ အပ်နဖားအရာများ ပေးရာ၌ သံမဏိချောင်းတစ်ချောင်းလျှင် အပ်နှစ်ချောင်းစာဖြစ်၍ အပ်နဖားရာနှစ်ခု ဆက်လျက်သား မှတ်ချပေးလေသည်။ ထို့ နောက် အပ်နဖားများကို ဖောက်စက်ဖြင့် ဖောက်ပြီးလျှင် သံမဏိချောင်းကို နှစ်ပိုင်းဖြစ်သွားအောင် ချိုးလိုက်လေသည်။ တစ်ဖန် အပ်ထိပ်ကလေးများ ချောမွတ်စေရန် ပြုတ်တူများတွင် တပ်၍ ပြုပြင်ပေးပြီးလျှင် ပြောင်လက်သွားစေရန် အရောင်တင် ပေးရလေသည်။ အားလုံးပြီးစီးသောအခါမှ အပ်အရွယ်အစား အလိုက် စက္ကူများဖြင့်ထုတ်၍ ရောင်းချရန်အသင့်ပြုလုပ်ထား လေသည်။


ယခုအခါ အပ်ချုပ်စက်များကို အသုံးများလာကြပြီဖြစ် သော်လည်း လက်ချုပ်အပ်များကို လုံးဝပစ်ပယ်၍မဖြစ်ချေ။ လက်ချုပ်အပ်များသည် ဆင်းရဲချမ်းသာမရွေး အိမ်တိုင်းတွင် မရှိမဖြစ်သော အိမ်သုံးပစ္စည်းတစ်ခုဖြစ်လေသည်။ လက်ချုပ်အပ်၊ စက်ချုပ်အပ်များအပြင် ဆေးထိုးအပ်၊ ခွဲစိတ်ပြီးပြန်ချုပ်ရာတွင် ဆရာဝန်များသုံးသောအပ်၊ ဇာထိုးအပ်၊ ဓာတ်စက်အပ် စသည်တို့လည်းရှိသေးသည်။


ဇာထိုးအပ်တွင် အပ်နဖားမပါဘဲ အဖျားတွင် ချိတ် ကလေးပါသည်။ ဓာတ်စက်အပ်တွင် အပ်နဖား လုံးဝမပါချေ။ ဆေးထိုးအပ်တွင်မူ အပ်အရင်းမှ အပ်အဖျားအထိ အလယ်အူ ချောင်း၌ တိုးယိုပေါက် အပေါက်ပါသည်။ ခွဲစိတ်ရာ၌သုံးသော အပ်မှာမူ ခပ်ကောက်ကောက်နေ၍ အပ်အရင်းတွင် နဖားပေါက် ပါသည်။ ဓာတ်စက်အပ်မှတစ်ပါး ကျန်အပ်များကို သံမဏိရိုးရိုး ဖြင့် ပြုလုပ်သော်လည်း ဓာတ်စက်အပ်ကိုမူ တန်စတင်ခေါ် ခဲမသေရောသော သံမဏိဖြင့် ပြုလုပ်လေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)