အပြင်အောင်ခြင်းရှစ်ပါး ပါဠိ+မြန်မာပြန် ပြင်ဆင်ရန်

၁။ မာရ်နတ်သားကို အောင်မြင်ခြင်း

ဗာဟုံသဟဿ မဘိနိမ္မိတ သာ ဝုဓန္တံ၊

ဂိရိမေခလံ ဥဒိတဃောရံသသေနမာရံ၊

ဒါနာဒိ ဓမ္မ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊

တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။

လက်ရုံးတထောင် လက်နက်တထောင် ဖန်ဆင်းကာ ဂိရိမေခလာဆင်ကို စီး၍လာသော ကြမ်းတမ်းသော စစ်သည်ဗိုလ်ပါနှင့်တကွ မာရ်နတ်သားကို မြတ်စွာဘုရားသည် ဒါနပါရမီစသော တရားတော်အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ မာရ်နတ်သားကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၂။ အာဠာဝက ဘီလူးကို အောင်မြင်ခြင်း

မာရာတိရေက မဘိ ယုဇ္ဈိတ သဗ္ဗရတ္တိံ၊

ဃောရံ ပနာဠဝက မက္ခမ ထဒ္ဓ ယက္ခံ၊

ခန္တိ သုဒန္တ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊

တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။

မာရ်နတ်သားထက် လွန်ကဲစွာ ညဉ့်လုံးပေါက် စစ်ထိုးနိုင်၍ ကြောက်ဖွယ်ကောင်းပြီး သူတပါးတို့ သည်းမခံနိုင်အောင် ကြမ်းတမ်းခက်မာသော အာဠာဝကဘီလူးကြီးကို မြတ်စွာဘုရားသည် သည်းခံတော်မူခြင်း, ကောင်းစွာယဉ်ကျေးစေတော်မူခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ အာဠာဝကဘီလူးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၃။ နာဠာဂိရိဆင်ကို အောင်မြင်ခြင်း

နာဠာဂိရိံ ဂဇဝရံ အတိမတ္တ ဘူတံ။

ဒါဝဂ္ဂိ စက္က မသနိံဝ သုဒါရုဏန္တံ၊

မေတ္တမ္ဗု သေက ဝိဓိနာ ဇိတဝါ မုနိန္ဒော၊

တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။

တောမီး မိုးကြိုးစက်ကဲ့သို့ ကြမ်းကြုတ်၍ အလွန်မုန်ယစ်နေသော အဇာတသတ်မင်း၏ စီးတော်ဆင် နာဠာဂိရိကို မြတ်စွာဘုရားသည် မေတ္တာတော်ရေ သွန်းခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ နာဠာဂိရိဆင်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုအား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၄။ အင်္ဂုလိမာလကို အောင်မြင်ခြင်း

ဥက္ခိတ္တ ခဂ္ဂ မဘိဟတ္ထ သုဒါရုဏန္တံ၊

ဓာဝံ တိ ယောဇန ပထင်္ဂုလိမာလဝန္တံ၊

ဣဒ္ဓါဘိ သင်္ခတ မနော ဇိတဝါ မုနိန္ဒော၊

တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။

သန်လျက်ကို လက်၌ မြှောက်မိုး၍ အလွန်ကြမ်းကြုတ်ရက်စက်သူ သုံးယူဇနာခရီးကို မမောမပန်း တဟုန်တည်း ပြေးစွမ်းနိုင်သူ လက်ညှိုးပန်းကုံးဆွဲထားသူ အင်္ဂုလိမာလ လူဆိုးကြီးကို မြတ်စွာဘုရားသည် ဖန်ဆင်းထားသော စိတ်တန်ခိုးဖြင့် အောင်တော်မူလေပြီ၊ အင်္ဂုလိမာလ လူဆိုးကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၅။ စိဥ္စမာဏကို အောင်မြင်ခြင်း

ကတွာန ကဋ္ဌ မုဒရံ ဣဝ ဂဗ္ဘိနိယံ၊

စိဉ္စာယ ဒုဋ္ဌဝစနံ ဇန ကာယ မဇ္ဈေ၊

သန္တေ န သောမ္မ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊

တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။

တရားနာကြသော လူရှင်ရဟန်း ပရိသတ်တို့၏ အလယ်၌ သစ်သားကို ကိုယ်ဝန်ဆောင် မိန်းမ၏ ဝမ်းဗိုက်ကဲ့သို့ အတုပြု၍ လုပ်ဆောင်လာသူ စိဥ္စမာဏဝိကာ အမည်ရှိသော မိန်းမယုတ်၏ မဟုတ်မတရား စွပ်စွဲဖျက်ဆီးသော စကားကို မြတ်စွာဘုရားသည် ငြိမ်သက်ဖြူစင် ချမ်းအေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ စိဥ္စမာဏ မိန်းမယုတ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၆။ သစ္စကပရိဗိုဇ်ကို အောင်မြင်ခြင်း

သစ္စံ ဝိဟာယ အဘိသစ္စက ဝါဒကေတုံ၊

ဝါဒါဘိရောပိတ မနံ အတိအန္ဓ ဘူတံ၊

ပညာပဒီပ ဇလိတော ဇိတဝါ မုနိန္ဒော၊

တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။

မှန်သောစကားကို ပယ်၍ မမှန်ကို အမှန်လုပ်ကာ ဝါဒမှားကို တံခွန်အလား လွင့်ထူသွားသူ, မိမိ၏ဝါဒဖြင့် သူတပါးအို့အား နှိမ်နင်းလိုသော စိတ်ထားရှိသူ, အလွန်မိုက်မဲသည့် ကူဋဒန္တခေါ်သော သစ္စကပရိဗိုဇ်ကို မြတ်စွာဘုရားသည် ပညာတန်ဆောင် ဆီမီးရောင်ကို ညှိထွန်းတော်မူခြင်းဖြင့် အောင်တော်မူလေပြီ။ သစ္စကပရိဗိုဇ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၇။ နန္ဒောပနန္ဒ နဂါးကို အောင်မြင်ခြင်း

နန္ဒောပနန္ဒ ဘုဇဂံ ဝိဝိဓံ မဟိဒ္ဓိံ၊

ပုတ္တေန ထေရဘုဇဂေန ဓုနာပယန္တော၊

ဣဒ္ဓူပဒေသ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊

တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။

အထူးထူးအပြားပြား တန်ခိုးကြီးမားသော နန္ဒောပနန္ဒ နဂါးမင်းကို မြတ်စွာဘုရားသည် တပည့်သားဖြစ်သူ ရှင်မောဂ္ဂလာန်ကို နှစ်ဆကြီးသော နဂါးအသွင်ဖြင့် အခိုးအလျှံကို လွှတ်စေလျက် တန်ခိုးဖန်ဆင်းခြင်း၌ နည်းညွှန် ဥပဒေပေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ။ နန္ဒောပနန္ဒနဂါးမင်းကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၈။ ဗကဗြဟ္မာကို အောင်မြင်ခြင်း

ဒုဂ္ဂါဟ ဒိဋ္ဌိ ဘုဇဂေန သုဒဋ္ဌ ဟတ္ထံ၊

ဗြဟ္မံ ဝိဘူတိ တိမဟိဒ္ဓိ ဗကာ ဘိဓာနံ၊

ဉာဏာဂဒေန ဝိဓိနာ ဇိတဝါ မုနိန္ဒော၊

တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။

မကောင်းသောအယူ မိစ္ဆာဒိဋ္ဌိမြွေဆိုး လက်၌ကိုက်ခဲခြင်းခံရသူ ကျော်စော၍ ထွန်းလင်းတောက်ပသော ကြီးမားသော တန်ခိုးရှင် ဗကဗြဟ္မာကြီးကို မြတ်စွာဘုရားသည် ဉာဏ်တော်တည်းဟူသော အဆိပ်ဖြေဆေး အစီအရင်ဖြင့် အောင်တော်မူလေပြီ။ ဗကဗြဟ္မာကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

အပြင်အောင်ခြင်းရှစ်ပါးပါဌိ+မြန်မာပြန် ပြီး၏၊[၁]

အပြင်အောင်ခြင်း ရှစ်ပါးအနက် ပြင်ဆင်ရန်

(၁) ယော မုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဂိရိမေခလံ၊ ဂိရိမေခလာ အမည်ရှိသော ဆင်ကို။ ဥဒိတံ၊ တက်စီးထသော။ အဘိနိမ္မိတသာ ဝုဓန္တံ၊ အလွန် ဖန်ဆင်းအပ်သော လက်နက်နှင့်တကွဖြစ်သော။ ဗာဟုံသဟဿံ၊ တစ်ထောင် သောလက်ရုံးရှိထသော။ ဃောရံ၊ ကြမ်းတမ်းစွာသော။ သသေနမာရံ၊ စစ်သည်နှင့်တကွသော မာရ်နတ်သားကို။ ဒါနာဒိ ဓမ္မ ဝိဓိနာ၊ ဒါနပါရမီအစရှိသော တရားတည်းဟူသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေ ဇသာ၊ မာရ်နတ်သားကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၂) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ မာရာတိရေကံ၊ မာရ်နတ် သားထက်အလွန်။ သဗ္ဗရတ္တိံ၊ ညဉ့်သုံးယံပတ်လုံး။ အဘိ ယုဇ္ဈိတံ၊ အလွန်စစ်ထိုး နိုင်ထသော။ ဃောရံ၊ ကြောက်မက်ဖွယ်ရှိထသော။ အက္ခမံ၊ သူတစ်ပါးတို့ သည် သည်းခံနိုင်ခဲထသော။ ထဒ္ဓံ၊ ကြမ်းတမ်းခက်မာစွာထသော။ အာဠာဝကံ၊ အာဠာဝကအမည်ရှိသော။ ယက္ခံပန၊ ဘီလူးကိုကား။ ခန္တိ သုဒန္တ ဝိဓိနာ၊ သည်း ခံတော်မူခြင်းတည်းဟူသော ကောင်းစွာယဉ်ကျေးသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ အာဠာဝကဘီလူးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၃) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဒါဝဂ္ဂိ စက္ကမသနိံဝ၊ တော မီးမိုးကြိုးစက်ကဲ့သို့။ သုဒါရုဏန္တံ၊ အလွန်ကြမ်းကြုတ်စွာထသော။ အတိမတ္တ ဘူတံ၊ အလွန်မုန်ယစ်စွာထသော။ နာဠာဂိရိံ၊ နာဠာဂိရိအမည်ရှိသော။ ဂဇဝရံ၊ မြတ်သော မင်းစီးဆင်ကို။ မေတ္တမ္ဗု သေကဝိဓိနာ၊ မေတ္တာတော်ရေကိုသွန်းခြင်း တည်းဟူသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ နာ ဠာဂိရိဆင်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၄) ယော မုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဥက္ခိတ္တ ခဂ္ဂမဘိဟတ္ထ သုဒါရုဏန္တံ၊ ချီအပ်သော သန်လျက်လက်၌ ရှိသည်ဖြစ်၍ အလွန်ကြမ်းကြုတ် စွာထသော။ တိယောဇနပထံ၊ သုံးယူဇနာရှိသော ခရီးကို။ ဓာဝံ၊ တဟုန်တည်း ပြေးစွမ်းနိုင်သော။ အင်္ဂုလိမာလဝန္တံ၊ လက်ညှိုးတည်းဟူသော ပန်းရှိသော ခိုးသူ ကို။ ဣဒ္ဓါဘိသင်္ခတ မနော၊ တန်ခိုးတော်အားဖြင့် ဖန်ဆင်းအပ်သော နှလုံး တော်ရှိသည်ဖြစ်၍။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ အင်္ဂုလိမာလအ မည်ရှိသော ခိုးသူကိုအောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော် အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာ သည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၅) ယော မုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ကဋ္ဌံ၊ သစ်သားကို။ ဂဗ္ဘိနိယံ၊ ကိုယ်ဝန်ဆောင်သော။ ဥဒရံ ဣဝ၊ ဝမ်းကိုကဲ့သို့။ ကတွာန၊ ပြုလတ်၍။ ဇနကာယ မဇ္ဈေ၊ တရားနာပရိသတ်ဖြစ်သောလူ, ရဟန်းအပေါင်းတို့အလယ်၌။ စိဉ္စာယ၊ စိဉ္စမာနဝိကာ အမည်ရှိသောမိန်းမညစ်၏။ ဒုဋ္ဌဝစနံ၊ စွပ်စွဲသောအားဖြင့် ဖျက်ဆီးသော စကားကို။ သန္တေ န၊ ငြိမ်သက်စွာသော။ သောမ္မ ဝိဓိနာ၊ ဖြူစင် အေးချမ်းစွာသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ စိဉ္စာမာနဝိကာအမည်ရှိသော မိန်မညစ်၏စွပ်စွဲသော အားဖြင့် ဖျက်ဆီးသော စကားကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင် ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၆) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ သစ္စံ၊ မှန်သောစကား ကို။ ဝိဟာယ၊ စွန့်၍။ အဘိသစ္စက ဝါဒကေတုံ၊ မမှန်သည်ကို မှန်သည်ဟု ဆို အပ်သော ဝါဒတည်းဟူသော မှန်ကင်းရှိထသော။ ဝါဒါဘိရောပိတ မနံ၊ မိမိဝါဒ ဖြင့် သူတစ်ပါးတို့ကို နှိမ်နှင်းလိုသော စိတ်ရှိထသော။ အတိအန္ဓ ဘူတံ၊ အလွန် မိုက်လှစွာသော ကူဋဒန္တအမည်ရှိသောသစ္စကပရိဗိုဇ်ကို။ ပညာပဒီပဇလိတော၊ ပညာတော်တည်းဟူသော ဆီမီးတန်ဆောင်ကို ညှိထွန်းတော်မူသည်ဖြစ်၍။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ ကူဋဒန္တအမည်ရှိသော သစ္စကပရိ ဗိုဇ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အ ကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၇) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဝိဝိဓံမဟိဒ္ဓိံ၊ အထူးထူးအ ပြားပြားကြီးမားသောတန်ခိုးရှိသော။ နန္ဒောပနန္ဒဘုဇဂံ၊ နန္ဒောပနန္ဒအမည်ရှိ သော နဂါးမင်းကို။ ထေရဘုဇဂေန၊ ကြီးမြတ်သောနဂါးမင်းဖြစ်တော်မူသော။ ပုတ္တေန၊ သားတော်ရှင်မောဂ္ဂလာန်ကို။ ဓုနာပယန္တော၊ အခိုးအလျှံ လွှတ်ချေချွတ် ဖျက်ဆီးစေလျက်။ ဣဒ္ဓူပဒေသ ဝိဓိနာ၊ တန်ခိုးဖန်ဆင်းခြင်း၌ နည်းညွှန်ဥပဒေ သကို ပေးတော်မူသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ နန္ဒောပနန္ဒ အမည်ရှိသော နဂါးမင်းကို အောင်တော်မူ သော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၈) ယော မုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဒုဂ္ဂါဟ ဒိဋ္ဌိ ဘုဇဂေန၊ မ ကောင်းသော အယူမိစ္ဆာတည်းဟူသော မြွေသည်။ သုဒဋ္ဌ ဟတ္ထံ၊ ပြင်းစွာကိုက် အပ်သော လက်ရှိထသော။ ဝိဘူတိ အတိမဟိဒ္ဓိံ၊ စိုးရတင့်တယ် အလွန်ကြီးကျယ်သော တန်ခိုး ရှိထသော။ ဗကာ ဘိဓာနံ၊ ဗကအမည်ရှိသော။ ဗြဟ္မံ၊ ဗြဟ္မာမင်းကို။ ဉာဏာဂ ဒေန၊ ဉာဏ်တော်တည်းဟူသော အဆိပ်ကို ဖျောက်တတ်သော ဆေးဟု ဆို အပ်သော။ ဝိဓိနာ၊ အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ ဗကအမည်ရှိသော ဗြဟ္မာမင်းကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင် ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

အပြင်အောင်ခြင်းရှစ်ပါးအနက် ပြီး၏။[၂]

ရှစ်လုံးဖွဲ့ ဓမ္မကဗျာ ပြင်ဆင်ရန်

၁။ဗောဓိညောင်နန်း အောင်ဝန်းရိပ်သာ၊

တထောင်လက်ရုံး စက်ဘုန်းလျှံဖြာ။

မာရ်နတ်မင်းနှင့် သင်းပင်းဗိုဇ်ပါ၊

တို့ဘုရား တရားတော်ဖြင်သာ။

အခေါင်နင်း အောင်ခြင်းလက်ဦးစွာ၊

ငါတို့လဲ ထိုနဲ-အောင်စေပါ။


၂။ အာဠာဝက ယက္ခယုတ်မာ၊

ညဉ့်သုံးယာမ်လုံး အုံးအုံးကြွက်ညာ။

လက်နက်မိုးဖြင့် ထစ်ကြိုးတိုက်လာ၊

ခန္တီထုံး ကျင့်သုံး-တို့မြတ်စွာ။

အခေါင်နင်း အောင်ခြင်း-ဒုတိယာ၊

ငါတို့လဲ ထိုနဲ-အောင်စေပါ။


၃။ နာဠာဂိရိ မည်ရှိထင်စွာ၊

တောမီးမိုးကြိုး စက်မျိုးပမာ။

ကြမ်းတမ်းရုန့်ရင်း မုန်ဆင်းသတ္တဝါ၊

မေတ္တာမိုး စွေဖြိုး-တို့မြတ်စွာ။

အခေါင်နင်း အောင်ခြင်း-တတိယာ၊

ငါတို့လဲ ထိုနဲ-အောင်စေပါ။


၄။ လက်ညှိုးစုံပန်း ဆင်မြန်းလျက်သာ၊

အဟိံသက စောရ-လူစွာ။

သတ်မည်ကောဟု လျင်ဆောလိုက်လာ၊

တန်ခိုးစွမါး ဖန်ဆန်း-တို့မြတ်စွာ။

အခေါင်နင်း အောင်ခြင်းစတုတ္ထာ၊

ငါတို့လဲ ထိုနဲ-အောင်စေပါ။


၅။ ကိုယ်ဝန်စွဲပိုက် ဝမ်းတိုက်တူစွာ၊

သစ်သားကိုလုပ် မိယုတ်စိဥ္စာ။

ပရိသတ်ထဲ စွပ်စွဲလေရာ၊

သာယာညင်း မိန့်လျှင်း တိူ့မြတ်စွာ။

အခေါင်နင်း အောင်ခြင်းပဥ္စမာ၊

ငါတို့လဲ ထိုနဲ-အောင်စေပါ။


၆။ အမှန်ပယ်ရှား အမှားကိုသာ၊

ဝါဒမှန်ကင်း ထောင်လျှင်းစိုက်ကာ။

လူ,ပရိဗိုဇ် အမိုက်သစ္စကာ၊

ပညာမီး ညှိသီး တို့မြတ်စွာ။

အခေါင်နင်း အောင်ခြင်းဆဋ္ဌမာ၊

ငါတို့လဲ ထိုနဲ-အောင်စေပါ။


၇။ မဟာနန္ဒော မာန်ပြောထူစွာ၊

နဂါးရန်ကြီး ဖျက်ဆီးစိမ့်ငှါ။

ဝဲရံထေရ်အား မခြားချိန်ခါ၊

လူ,ထိပ်မိုး တန်ခိုးညွှတ်ပြကာ။

အခေါင်နင်း အောင်ခြင်းသတ္တမာ၊

ငါတို့လဲ ထိုနဲ-အောင်စေပါ။


၈။ အယူဖောက်လွဲ မြွေခဲလက်မှာ၊

တန်ခိုးရှိန်အား ကြီးမားထင်စွာ။

ဗြဟ္မာဗက ဗာလယုတ်မာ၊

ဉာဏ်တော်ဆေး တိုက်ကျွေး-တို့မြတ်စွာ။

အခေါင်နင်း အောင်ခြင်းအဋ္ဌမာ၊

ငါတို့လဲ ထိုနဲ-အောင်စေပါ။[၃]

အောင်ခြင်းရှစ်ပါး ကဗျာများ ပြင်ဆင်ရန်

၁။မာရ်နတ်အောင်ပွဲ လက်ရုံးတထောင် အသွင်ဆန်းနဲ့၊ ဆင်ကြမ်းကိုတဲ့ စီးလို့လာ။

မာရ်နတ်ဘုရင် ပလ္လင်လုဖို့၊ သေနင်ထုနဲ့ တိုက်ခိုက်တာ။

ပါရမီတွေ သက်သေပြုလို့၊ ဝသုန်မြေထု ညွန်ပြရာ။

မာရ်စစ်တွေဟာ ကျေကာပျက်လို့၊ ဟိုထွက်သည်ထွက် ပြေးရရှာ။

နဘံလွှမ်းမိုး ဖြန်းဖြန်းကျိုး၊ ပန်းမိုးချလို့ရွာ။

အဲဒါက ဘဂဝါ-အရဟ ပထမအောင်စဉ်ပါ။


၂။ အာဠာဝက အောင်ပွဲ ဒေါသပြင်းစွာ တင်းမာလှ၊ မင်းမာရထက် ကြမ်းတမ်းစွာ။

လက်နက်ကိုးဖြာ မိုးရွာလစ်၊ ဘွဲ့ပြူပစ်လို့ စစ်ထိုးတာ။

ဗုဒ္ဓမြတ်စွာ မေတ္တာပွားလို့၊ သစ္စာတရားနဲ့ ချေပရာ။

လက်နက်တွေဟာ ခြေတော်အနီး၊ ပန်းစည်းပန်းဆုပ် ခြေသုတ်ပမာ။

အာဠဝက မာန်စွယ်ကျ၊ ဦးချဝပ်တွားလာ။

အဲဒါက ဘဂဝါ-သုဂတ ဒုတိယအောင်စဉ်ပါ။


၃။ နာဠာဂိရိဆင် အောင်ပွဲ နာဠာဂိရိ ဆင်ပြောင်မိုက်ကို၊ သေရည်တိုက်လို့ ခိုင်းတဲ့ခါ။

လောင်မီးစံပုံ မာန်ဟုန်ပြင်းလို့၊ နင်းဖို့ သတ်ဖို့ အတင်းလာ။

ဓာတ်ဗြဟ္မစိုရ် လှစ်ကာနိုး၊ မေတ္တာမိုးနဲ့ သွန်းလိုက်တာ။

နှာမောင်းလေးကို ကွေးကာကုပ်လို့၊ ဒူးတုပ်ဝပ်တွား ညွှတ်သွားရှာ။

တိုက်ဆင်ပြောင်ကြီး လိမ္မာပြီး၊ ငြမ်ကြီးငြိမ်သက်လာ။

အဲဒါက ဘဂဝါ-ဇိန တတိယအောင်စဉ်ပါ။


၄။ အင်္ဂုလိမာလ အောင်ပွဲ သန်လျက်ကို ယမ်းကာဝှေ့လို့၊ လမ်းလာသရွေ့ သတ်ဖြတ်ကာ။

လက်ချောင်းတွေကို သီကာတွဲလို့၊ လည်မှာဆွဲတဲ့ လူကြမ်းဟာ။

ဘုရားရှင်ကို လမ်းဝယ်တွေ့တော့၊ ဖမ်းမယ်ဟေ့လို့ ပြေးလိုက်ရာ။

တန်ခိုးတော်ဘိညာဉ် ထင်စွာပြုမှ၊ အင်္ဂုလိမာလ ညွတ်တွားလာ။

တရားရေအေး အမြိုက်ဆေး၊ တိုက်ကျွေးကျွတ်စေတာ။

အဲဒါက ဘဂဝါ-နုတ္တရ စတုတ္ထအောင်စဉ်ပါ။


၅။ စိဥ္စမာဏ အောင်ပွဲ ပျဉ်ချပ်တွေကို ခံခွေပြုလို့၊ သန္ဓေအတုနဲ့ စိဥ္စမာ။

အရှက်ကွဲရုံ ဂုဏ်တော်ဖြုတ်ဖို့၊ သမုတ်စွပ်စွဲ လူထဲမှာ။

ငြိမ်းအေးမေတ္တာ ဓာတ်တရားကြောင့်၊ နတ်သိကြားတို့ မနေသာ။

ပျဉ်ကြိုးဖြေကာ ခြေကိုဖြတ်လို့၊ မြျေိုဟပ်တော့ ငရဲမှာ။

ဂုဏ်တော်တန်ခိုး ဆတမ်းပိုး၊ တိုးလို့တက်လို့လာ။

အဲဒါက ဘဂဝါ-ယှဉ်မရ ပဥ္စမအောင်စဉ်ပါ။


၆။ သစ္စကပရိဗိုဇ် အောင်ပွဲ ဝါဒချင်းပြိုင် နိုင်မလားလို့၊ ဘုရားကိုတဲ့ အတ်တုလာ။

အယူတထောင် ဆောင်ကိုမိုက်တဲ့၊ ပရိဗိုဇ်ကွဲ့ သစ္စကာ။

မိမိကိုယ်ဟာ အတ္တလားလို့၊ မြတ်စွာဘုရား မေးတဲ့ခါ။

မသိတွေမှိုင် ဖြေနိုင်ဘဲမို့၊ ခွေယိုင်လဲလို့ ရှုံးရတာ။

တိတ္တိအမျိုး မာန်စွယ်ကျိုး၊ ငုံ့လျှိုးနေရရှာ။

အဲဒါက ဘဂဝါ-မြတ်လှ ဆဋ္ဌမအောင်စဉ်ပါ။


၇။ နန္ဒေပနန္ဒ နဂါးမင်း အောင်ပွဲ နန္ဒောပနန် မျက်မာန်ကြွ၊ ခက်ထန်လှတဲ့ နဂါးဟာ။

မြင်းမိုရ်တောင်ကို ခွေပတ်ပြီးတော့၊ ကတ်သီးကတ်သတ် ရန်ပြုတာ။

ဘုရားသခင် မယှဉ်လောက်တော့၊ ရှင်မောဂ္ဂလာန်နဲ့ ပြိုင်စေရာ။

လက်ဝဲတော်ရံ ဈာန်တန်ခိုးနဲ့၊ မာန်ဟုန်ချိုးလို့ ဆုံးမတာ။

နတ်နဂါးမင်း ခြေတော်ရင်း၊ ဝပ်စင်းခယလာ။

အဲဒါက ဘဂဝါ-မြတ်လှ သတ္တမအောင်စဉ်ပါ။


၈။ ဗကဗြဟ္မာ အောင်ပွဲ ဗကဆိုသူ လူတမျိုးနဲ့၊ အယူဆိုးတဲ့ မိုးဗြဟ္မာ။

အနိစ္စကို နိစ္စပဲလို့၊ စိတ်ကစွဲလို့ လွဲခဲ့တာ။

တို့ဘုရားရှင် လျင်စွာကြွလို့၊ ထင်စွာပြတော့ မြတ်ဓမ္မာ။

တန်ခိုးချင်းတောင် တူသလားလို့၊ လူဘုရားက ပြတဲ့ခါ။

မိုးဗြဟ္မာကြီး မာန်ကွာပြီး၊ ရှုံးကြီးရှုံးရရှာ။

အဲဒါက ဘဂဝါ-မြတ်လှ အဋ္ဌမအောင်စဉ်ပါ။[၄]


ကိုးကား ပြင်ဆင်ရန်

  1. ဝိသုဒ္ဓါရုံရှင်ကျင့်ဝတ်
  2. ဝိသုဒ္ဓါရုံရှင်ကျင့်ဝတ်
  3. အာဒိဝဋံသကာထေရ် (မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ မထေရ်)
  4. ပါရမီခန်းပျို့ဋီကာ ကျမ်းပြုဆရာတော် အရှင်ကောသလ္လ ( ဓမ္မာစရိယ၊ ဘီအေ )