ဗုဒ္ဓဘုရားရှင်၏ တရားတော်တို့ကို သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူ၍ ပိုင်းခြားထားသည်။ ယင်းတို့ကို ပိဋကတ်သုံးပုံဟူ၍ ခေါ်သည်။ အဆိုပါ ပိဋကတ်သုံးပုံတွင် အဘိဓမ္မာတရားသည် သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသည်။ နက်နဲခက်ခဲသည်။ ထို့ကြောင့် အဘိဓမ္မာဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။

အဘိဓမ္မာတရားတော်ကို ဗုဒ္ဓဘုရားရှင်သည် ၆-ဝါအလွန် ၇-ဝါအရောက် သက်တော် ၄၂-နှစ်တွင် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သည်။ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူခြင်းဖြစ်သည်။ မယ်တော်မိနတ်သားသာမက မယ်တော်မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာများကပါ နာယူခဲ့ကြသည်။

ဗုဒ္ဓဘုရားရှင်သည် အဘိဓမ္မာတရားကို တာဝတိံသာနတ်ပြည်၌ ဟောပြောစဉ် ဆွမ်းခံချိန်၊ ဆွမ်းစားချိန် စသည်တို့၌ ကိုယ်ပွားဖြစ်သော နိမ္မိတဗုဒ္ဓဘုရားရှင်ကို ဖန်ဆင်းထားလျက် လူ့ပြည်သို့ ခေတ်တကြွသည်။ ထိုသို့ကြွစဉ် နိမ်မိတဘုရားရှင်က ဆက်လက်၍ ဟောကြားသည်။ ဘုရားရှင်သည် လူ့ပြည်၌ တနေ့တာအတွက် ဆောင်ရွက်ဖွယ်ရှိသည်တို့ကို ဆောင်ရွက်၍ နတ်ပြည်သို့ တဖန်ပြန်ကြွကာ တရားဟောပြန်သည်။ နတ်ပြည်၌ ပကတိဘုရားရှင်တလှည့်၊ နိမ္မိတဘုရားရှင်တလှည့် ဟောပြောတော်မူခဲ့သည်။

ဘုရားရှင်သည် လူ့ပြည်၌ ခေတ္တ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာမထေရ်အား အဘိဓမ္မာ၏ နည်းအမြွက်ကိုပေး၍ ဟောတော်မူသည်။ အရှင်သာရိပုတ္တရာကလည်း လင်းနို့သားငါးရာ ဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာတို့အား ဘုရားဟောတော်မူသည်တို့ကို မကျဉ်းမကျယ် ဟောကြားတော်မူခဲ့သည်။ နတ်ပြည်၌ ဘုရားရှင် ဟောတော်မူသော အဘိဓမ္မာတရားတော် ပြီးဆုံးခြင်းနှင့် အရှင်သာရိပုတ္တရာ အဘိဓမ္မာသင်ယူ ဟောပြောခြင်းကိစ္စ ပြီးဆုံးခြင်းတို့သည် တပြိုင်နက်ပင် ဖြစ်ပေသည်။

ဗုဒ္ဓဘုရားရှင်သည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ကာလပတ်လုံး နတ်ပြည်၌ဟောကြားရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးခဲ့သည်။ ပြီးဆုံးသောနေ့မှာပင် လူတို့နေရာ သင်္ကဿနဂိုပြည်သို့ နတ်ဗြဟ္မာများ ခြံရံလျက် ကြွဆင်းတော်မူလာခဲ့သည်။ ထိုသို့ ကြွဆင်းရာ၌ လူတို့ကလည်း မီးရှူးတန်ဆောင်အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော် ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ကိုလည်း အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပကြသည်။

အဘိဓမ္မာတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဟူ၍ ၇-ကျမ်းပါရှိသည်။ ဘုရားရှင်သည် အဘိဓမ္မာကို နတ်ဗြဟ္မာတို့အား အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းအားဖြင့် ဟောကြားသည်။ အရှင်သာရိပုတ္တရာက လင်းနို့သားများ ဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူသည်။

အဘိဓမ္မာသည် ထူးမြတ်၍ အလွန်ကျယ်ဝန်း နက်နဲခက်ခဲလှသည်။ အဘိဓမ္မာ၏ သဘောများကို လူသာမန်တို့ သိနိုင်ရန် အလွန်ခဲယဉ်းလှသည်။ ထို့ကြောင့် လူသာမန်တို့ အကျိုးငှါ အဘိဓမ္မတ္ထသင်္ဂဟခေါ် သင်္ဂြိုဟ်ကျမ်းကို အရှင်အနုရုဒ္ဓါဆရာတော်က စီရင်ရေးသားတော်မူခဲ့သည်။ ထိုကျမ်းမှာ အကျဉ်းချုပ်ဖြစ်သည့်အတိုင်း အဘိဓမ္မာတရားတို့၏ အမည်သရုပ်တို့သာ များသည်။ လိုရင်းသဘောများမှာ တိမ်မြုပ်နေသည်။ ထို့ကြောင့် ထိုကျမ်း၏ အဖွင့်ကျမ်းများကို ပါဠိဘာသာ၊ မြန်မာဘာသာ စသည်ဖြင့် အမျိုးမျိုး ဖွင့်ဆိုရေးသားခဲ့ကြပေသည်။

ဤလူ့ပြည်လောက၌ ရှိသော အဘိဓမ္မာတို့သည် အရှင်သာရိပုတ္တရာ ဟောတော်မူအပ်သော အဘိဓမ္မာတို့သာ ဖြစ်သည်။ အဘိဓမ္မာ၏ စကားအစီအစဉ်တို့သည်လည်း အရှင်သာရိပုတ္တရာ၏ စကားအစီအစဉ်တို့သာ ဖြစ်သည်။ ထို့ကြောင့် အချို့က အဘိဓမ္မာသည် ဘုရားဟောမဟုတ်၊ အရှင်သာရိပုတ္တရာ၏ ဟောကြားချက်သာဖြစ်သည်ဟု ဆိုကြသည်။ ထိုအဆိုသည် လုံးဝ မသင့်ပေ။ အဘိဓမ္မာကို အရှင်သာရိပုတ္တရာသည် မိမိကိုယ်တိုင် ဉာဏ်ထုတ်၍ ဟောသည်မဟုတ်၊ ဘုရားရှင်ပေးသော နည်းနာနယ ဉာဏ်တို့ဖြင့်သာ ဟောခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားဟောပင်ဖြစ်ပေသည်။

  • အဘိဓမ္မာတရားသည် အမေ့ကျေးဇူးဆပ်တရားဖြစ်ခြင်း၊
  • နတ်ပြည်၌ ဟောကြားခြင်း၊
  • သုံးလကြာမျှ ဟောကြားခြင်း၊
  • ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီ ဟောကြားခြင်း-တည်းဟူသော ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံပေသည်။
  • ထိုမျှမက အဘိဓမ္မာတရားသည် ပါဠိ၏ နက်နဲခြင်း၊
  • သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊
  • ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်းဟူသော နက်နဲခြင်းနှင့် ပြည့်စုံပေသည်။

ထို့ကြောင့် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အင်္ဂမဟာပဏ္ဍိတ၊ ပထမကျော် ဆရာတော်ကြီး အရှင်သေဋ္ဌိလက အဘိဓမ္မာတရားတော်သည် စိတ်အကြောင်းအရာ ပညာ၊ သူတော်ကောင်း ကျင့်စဉ်ပညာ၊ ကြောင်းကျိုးမြင်ပညာဟူသော ပညာသုံးရပ် ပါဝင်သဖြင့် ရိုးရိုးစိတ်ပညာ (Psychology)၊ ရိုးရိုးကျင့်စဉ်ပညာ (Ethics)၊ ရိုးရိုးကြောင်းကျိုးမြင်ပညာ (ဒဿနိကဗေဒ) ( Philosophy) တို့ထက် သာလွန်ပေသည်-ဟူ၍ ဆိုထားပေသည်။

ထို့ပြင် ဆရာတော် ဦးပညာသာမိ (မာဂဓီသာစည်) က အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ သင်ကြားနာယူခြင်းကြောင့် လင်းနို့သားများ ဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ နာမရူပ ပရိစ္ဆဒဉာဏ် ရင့်သန်စေနိုင်သည်။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းကြောင်း အထောက်အပံ့ကောင်း ရနိုင်သည်။ ဘေးဥပအန္တရာယ် ကင်းဝေးနိုင်သည်။ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံနိုင်သည်-ဟူ၍ အကျိုးတရားများကို ရေးသားဖော်ပြထားသည်။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်