အမေရိကန် ပြည်တွင်းစစ် (၁၈၆၁ - ၁၈၆၅) ကို ပြည်နယ်အချင်းချင်း ဖြစ်သော စစ်ပွဲဟုလည်း ခေါ်ဆိုကြပြီး အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် ဖြစ်သည်။ တောင်ဘက် ကျွန်ပိုင်ရှင် ပြည်နယ် ၁၁ နယ်မှ အမေရိကန်ပြည်ထောင်စုမှ နုတ်ထွက်သည်ဟု ကြေညာခဲ့ပြီး သူတို့က အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်လိုသည်ဟု ပြောကြားကြသည်။ ထို့နောက် အမေရိကန် ကွန်ဖက်ဒရိတ် ပြည်နယ်များ (သို့) ကွန်ဖက်ဒရေစီ ကို တည်ထောင်ကြသည်။ ဂျက်ဖာဆန် ဒေးဗစ်က ကွန်ဖက်ဒရိတ် ပြည်နယ်များကို ဦးဆောင်ပြီး အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ခဲ့ကြသည်။ ပြည်ထောင်စုနယ်များ သို့မဟုတ် မြောက်ဘက်ပိုင်းမှ ပြည်နယ်များတွင် ကျွန်စနစ်ကို တရားမဝင်ကြောင်း ကြေညာခဲ့ပြီး နယ်စပ်ပြည်နယ် ငါးခုတွင်မူ ကျွန်စနစ်သည် တရားဝင် ဖြစ်နေသေးခဲ့သည်။

(အပေါ်လက်ဝဲဘက်) တင်နက်ဆီ ပြည်နယ်၊ စတုန်းမြစ် တိုက်ပွဲမှ ဝီလီယမ် ရို့စ်ခရန်၊ (အပေါ်လက်ယာဘက်) ဂက်တီဘခ်မှ ကွန်ဖက်ဒရိတ် အကျဉ်းသားများ၊ (အောက်) ဟင်းန်မင်းခံတပ်တိုက်ပွဲ အာကန်းဆပ် ပြည်နယ်


၁၈၆၀ ခုနှစ် သမ္မတရွေးကောက်ပွဲ အတွင်းတွင် အေဘရာဟမ် လင်ကွန်း ဦးဆောင်သော ရီပတ်ဘလစ်ကင် ပါတီမှ ကျွန်စနစ်ရှိပြီးသား ပြည်နယ်များမှ အခြားပြည်နယ်များသို့ ချဲ့ထွင်ခြင်းကို ဆန့်ကျင်၍ မဲဆွယ်ခဲ့သည်။ ရီပတ်ဘလစ်ကင် ပါတီ၏ အောင်ပွဲကို တုံ့ပြန်သည့် အနေနှင့် ပြည်နယ်ခုနှစ်ခုတို့က လင်ကွန်း သမ္မတဖြစ်သော ၁၈၆၁ ခုနှစ် မတ်လ ၄ ရက်နေ့မတိုင်မီတွင် ပြည်ထောင်စုမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ကြသည်။ သမ္မတ ရာထူးပြီးဆုံးသွားသော ဂျိမ်းစ် ဘွတ်ခ်နန် အစိုးရ နှင့် သမ္မတရာထူး ဆက်လက်ရယူမည့် လင်ကွန်း၏ အစိုးရ နှစ်ခုစလုံးတို့က နုတ်ထွက်ခြင်းကို တရားမဝင်ကြောင်း ကန့်ကွက်ခဲ့ကြပြီး ပုန်ကန်မှု အဖြစ်မှတ်ယူခဲ့ကြသည်။ အခြားသော ကျွန်စနစ် ကျင့်သုံးသော ပြည်နယ်များကလည်း နုတ်ထွက်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ မည်သည့်နိုင်ငံကမှ ကွန်ဖက်ဒရိတ်ပြည်နယ်များအား နိုင်ငံတစ်ခု အဖြစ် အသိအမှတ် မပြုခဲ့ကြပေ။

ကွန်ဖက်ဒရိတ်ပြည်နယ်များက သူတို့ပိုင်နယ်မြေ အဖြစ်ကြေညာထားသော နယ်အတွင်းမှ ပြည်ထောင်စု၏ ဆမ်တာခံတပ်ကို တိုက်ခိုက်ရာမှ တိုက်ပွဲ စတင်ခဲ့သည်။ စစ်ပွဲများမှာ အများအားဖြင့် တောင်ဘက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အမေရိကန်များပင် ဖြစ်သည်။ အမေရိကန် သမိုင်းတွင် သေကြေမှု အများဆုံးဖြစ်သည်။ ပြည်ထောင်စုက စစ်ပွဲကို အောင်နိုင်ခဲ့ပြီး အဆုံးသတ် ရလဒ် အဖြစ် အမေရိကန် ပြည်ထောင်စုတွင် ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ကြသည်။