လိုအပ်သည့် ပစ္စည်းများ

အမဲပေါင်သား ၊ ဆား ၊ ဆီ ၊ နနွင်းမူန့် အနည်းငယ် ( မထည့်လည်း ရသည် ) ၊ တန်စို့ ( အရှည် ၂ ပေ ခန့် ) တန်စို့ဟူသည် ဝါး ကို အချောသက်ထားသော အချောင်းတစ်ချောင်းဖြစ်သည်။ ဝါးမှ မဟုတ် သံနှင့်လည်းကောင်း အဆင်ပြေရာ တခုခုနှင့်တန်စို့ လုပ်နိုင်သည်။

အမဲပေါင်သားကို အကြောအတိုင်း လက်နှစ်လုံးခန့် အထူ ဖြင့် အမြှောင်းလိုက် ဖြတ်ပါ။ ၁၂ လက်မ လောက်အရှည် ရနိုင်သည်။ ၂ဝ ချောင်းခန့်ရနိုင်သည်။ ရရှိလာသော အမဲသား မြှောင်းများကို ဆား ၊ နနွင်း ၊ ဆီသန့်သန့် များဖြင့်နယ်ပြီးလျှင် တန်စို့ တွင် ထိုး၍ နေပူလှန်းပါ။ တန်စို့တွင် အထိုးမတတ်လျှင် လက်ကို ခိုက်မိတတ်သည်။ အညာရွာများတွင် တန်စို့၏ အစွန်းနှစ်ဖက်တွင် ကြိုးတစ်ချောင်းချည်၍ ထိုကြိုး ဆွဲပြီး နေပူလှန်းကြလေ့ရှိသည်။ မြို့မှ ရောင်းသော အမဲခြောက်များက မူ နေပူလှန်းသည့်အထိ မစောင့်နိုင်သောကြောင့် မီးသွေးဖိုနှင့် အခြောက်ခံလေသည်။ အသားစိမ်းအတိုင်းတွင် လက် နှစ်လုံးခန့် ပက်လည် ထူသော်လည်း နေပူလှန်း၍ ခြောက်သွားသည့်အခါ လက်တစ်လုံး သာသာခန့်သာ ကျန်ပေလိမ့်မည်။ တိုလည်း တိုသွားပေမည်။ ၄ ၊ ၅ ရက်ခန့်ကြာနိုင်သည်။ အမဲသားမခြောက်လျှင် မှိုတတ်လွယ်သည်။ ခြောက်သွားသော အမဲခြောက်များကို မီးဖိုပေါ်တွင် ကင်၍ ၎င်း ၊ ပြာပူထဲတွင် ထည့်၍ ၎င်း ၊ မီးသွေးထဲတွင် ထည့်၍၎င်း ဖုတ်နိုင်သည်။ ထို့နောက် ရရှိလာသော အမဲသားခြောက်များကို ငရုတ်ကျည်ပွေ့ဖြင့်ထု၍ ဆီဆမ်း ပြီး စားနိုင်သည်။ ဟင်းအဖြစ်၎င်း ၊ ရေနွေးကြမ်းဖြင့်၎င်း သုံးဆောင်နိုင်သည်။ အမဲပေါင်သားသည် မည်သည့် အရွတ် မှ မပါသည့်အတွက် ကောင်းဆုံးအသား ဖြစ်သည်။ အညှိနံပျောက်လိုလျှင် အရက် အနည်းငယ်ထည့်ပြီး နယ်နိုင်သည်။

ကိုးကား ပြင်ဆင်ရန်