အမ္ဗခါဒကမဟာတိဿမထေရ်
သီဟိုဠ်ကျွန်း စိရဂုမ္ဗအရပ်၌ သီတင်းသုံးနေတော်မူသော မဟာတိဿမထေရ်သည် ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်ရောက်နေသည့်အခါ ခရီးသွားတော်မူစဉ် ဆွမ်းပြတ်သဖြင့်၎င်း ခရီးပန်းသဖြင့်၎င်း နွမ်းနယ်သော ကိုယ်ရှိကာ အားအင်များစွာ ဆုတ်ယုတ်လျော့ပါး၍ အသီးပြည့်နှက်နေသော သရက်ပင်တပင်၏အရင်း၌ သီတင်းသုံး၍ နေလေ၏။ များစွာသော သရက်သီးတို့သည်လည်း အနီးအပါး ထိုထိုဤဤ ကြွေကျကြကုန်၏။ မထေရ်သည် မည်မျှပင် ဆာလောင်မွတ်သိပ်သော်လည်း ကိုယ်တိုင်ကောက်ယူ သုံးဆောင်ရန် စိတ်ကူးတော်မမူပေ။[၁]
ထိုအခါ လူအိုတယောက်သည် မထေရ်မြတ်အနီးသို့ ရောက်ရှိလာပြီးလျှင် မထေရ်၏ ပင်ပန်းနွမ်းနယ်ခြင်းကိုသိ၍ သရက်သီးတို့ကို အဖျော်ပြုလုပ်ကာ တိုက်ကျွေးပြီးလျှင် မထေရ်ကို မိမိကျောပေါ်မှာတင်၍ မထေရ်ကြွလိုရာအရပ်သို့ ပို့ဆောင်ပေ၏။ မထေရ်သည် “ဤသူကား သင်၏ အဖလည်းမဟုတ်၊ အမိလည်းမဟုတ်၊ ဆွေမျိုးဉာတိလည်း မဟုတ်ပါပဲလျက် ဤကဲ့သို့ ကျောပိုး ဆောင်ယူခြင်းအမှုကို ပြုလုပ်ရှာပေသည်၊ ထိုသို့ ပြုလုပ်ခြင်းမှာ ငါ၏ သီလရှိခြင်းကြောင့်သာ ဖြစ်သည်”ဟု ဆင်ခြင်လျက် မိမိကိုယ်ကို သီလ သမာဓိ မပျက်စေရန် ဆုံးမပြီးလျှင် ကျောပေါ်မှလိုက်ရင်း ဝိပဿနာကိုပွါးများ၍ ထိုကျောပေါ်မှာပင် မဂ်အစဉ်အားဖြင့်တက်ကာ ရဟန္တာအဖြစ်သို့ ရောက်လေ၏။[၁]
ဤမထေရ်မြတ်လည်း ပစ္စည်းစားသောက်ဖွယ်တို့၌ မက်မောမှု မပြုသောအရာမှာ စံနမူနာ အတုယူထိုက်သော ပုဂ္ဂိုလ်မြတ်ဖြစ်ပေ၏။[၁]
ဤဝတ္ထု၌ မထေရ်သည် သရက်သီးကို ကပ်လှူမှသာ စားသောကြောင့် အမ္မခါဒက အမည်ရသည် ဖြစ်ရာ၏၊ သို့မဟုတ် ကြွေကျ နေသော သရက်သီးများကို မိမိအလိုလို ကောက်ယူ မစားသောကြောင့် အမ္ဗခါဒက အမည်ရသည် ဖြစ်ရာ၏။ နောက်နည်းအလို အမ္ဗ+အခါဒက ပုဒ်ဖြတ်၍ သရက်သီးကို မစားတတ်သော-ဟု ပေး။ အမ္ဗာခါဒက-သော်လည်း မူရင်းအမည် ဖြစ်ရာ၏။ [၂] [၃]