ကမ္ဘာပေါ်ရှိ သစ်တောများသည် အပူချိန်၊ မိုးရွာသွန်းမှု၊ ကုန်းမြေအနိမ့်အမြင့်၊ မြေဆီလွှာနှင့် ကျောက်အမျိုးအစားပေါ် တွင် တည်နေသောကြောင့် သစ်တောအမျိုးအစား အမျိုးမျိုး ကွဲပြားလျက် ရှိကြောင်း တွေ့ရပေသည်။ ထို သစ်တောများ အနက် အမြဲစိမ်းသစ်တော (ရွက်မပြတ် သစ်တော)များသည် မြေဆီလွှာအတွင်းမှ ရေအမြဲတမ်းရရှိမှသာ ပေါက်ရောက်နိုင် ရကား မိုးများစွာ ရွာသွန်းသောအရပ်များတွင် မြေဆီလွှာ အတွင်း၌ ရေတစ်နှစ်ပတ်လုံး တည်ရှိနိုင်သဖြင့် ထိုအမြဲစိမ်း သစ်တောများကို တွေ့နိုင်ပေသည်။ မိုးရေချိန် လက်မ ၁၂ဝ ကျော်ရွာသွန်းသော ဒေသများတွင် အမြဲစိမ်းသစ်တောများ ပေါက်ရောက်ကြသည်။ ထို့ပြင် မိုးရေချိန်လက်မ ၆ဝ နှင့် ၁၂ဝ အတွင်းရှိသည့် ဒေသများ၌လည်း အမြဲစိမ်းသစ်တောများကို ပြောက်ကျား တွေ့ရသည်။ အထူးသဖြင့် မြစ်ချောင်းများ၏ ဝဲယာအရပ်များနှင့် နေရောင်ချည် မထွန်းတောက်နိုင်သည့် လျှို ကြီးမြောင်ကြီးများအတွင်း၌ အမြဲစိမ်းသစ်တောများကို တွေ့နိုင် သည်။

မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီ ကမ်းရိုး တန်း နှင့်ပဲခူးရိုးမတို့တွင် အမြဲစိမ်းသစ်တောများကို တွေ့ရ သည်။ ထိုတောများရှိ သစ်ပင်ကြီးများသည် များသောအားဖြင့် ပေ ၁၅ဝ ကျော်မြင့်မား၍ ယင်းတို့ အောက်တွင် ချုံနွယ်ပိတ် ပေါင်းများ အလွန်ပေါများသည်။ ထိုချုံနွယ်ပိတ်ပေါင်းများသည် အလွန်ပေါများ ထူထပ်ရကား ထိုးဖောက်သွားလာရန်ပင် ခဲယဉ်းလှပေသည်။ ထို့ပြင် ကြိမ်တောနှင့် ဝါးရုံတောများကို လည်း တွေ့ရသေးသည်။ ထိုသို့ ရှုပ်ထွေးထူထပ်သော တော လက္ခဏာများသည် သားရဲတိရစ္ဆာန်များကို လူတို့၏ ဘေးရန်မှ အကာအကွယ် ပေးနေသကဲ့သို့ ရှိနေသောကြောင့် ဆင်များ၊ ကျားများ အစရှိသော တောရိုင်းတိရစ္ဆာန်များ နေထိုင်ကြသည်။ အမြဲစိမ်းသစ်တောများ၌ ပေါက်ကြသော သစ်ပင်အမျိုး ပေါင်း မြောက်မြားစွာအနက် စီးပွားရေးအနေနှင့် အရေးကြီး သော သစ်ပင်များမှာ ကညင်ပင်၊ သင်္ကန်း၊ သင်္ကန်းတူ(သင်္ကတူး)၊ ပျဉ်းမ၊ ကောင်းမှု၊ သစ်ခါး၊ တောင်သရက်နှင့် ဘိုင်တို့ဖြစ်ကြ သည်။ ဝါးတို့မှာ ဒေသအလိုက် အမျိုးကွဲပြားလျက် ပေါက် ရောက်ကြရာ ပဲခူးရိုးမနှင့် အောက်မြန်မာနိုင်ငံ၌ ဝါးသပွတ်၊ ဝါးပိုးကိုလည်းကောင်း၊ တနင်္သာရီနယ်၌ ဝါးနွယ်ခေါ် ဝါးပါးကို လည်းကောင်း၊ အထက်မြန်မာနိုင်ငံ၌ ဝါးပိုးမျက်ဆန်ကျယ်ကို လည်းကောင်း တွေ့ရှိရသည်။

တောင်အမေရိကတိုက်ရှိ အမ္မဇုန်မြစ်ဝှမ်း၊ အာဖရိကတိုက်ရှိ ကွန်ဂိုမြစ်ဝှမ်း၊ အရှေ့အိန္ဒိယကျွန်းစု၊ ထရင်းနီး ဒက်ကျွန်းစုများ တွင် အမြဲစိမ်းသစ်တောများကို တွေ့ရသည်။ ထိုဒေသများသည် အီကွေတာမျဉ်းကြောင်း တစ်လျှောက်၊ မြောက်ဘက်နှင့် တောင် ဘက်အကြားတွင် ရှိသဖြင့် အီကွေတာရာသီဥတုမျိုးကို ရရှိကြ ရကား၊ အမြဲ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသည်။ ထိုဒေသ များ၌ ပျမ်းမျှအပူချိန်သည် အမြဲ ၈ဝံ ဒီဂရီဖာရင်ဟိုက်လောက် ရှိ၍ တစ်နှစ်လုံးတွင် ပျမ်းမျှမိုးရေချိန်မှာ လက်မ ၈ဝ ကျော်ရှိ လေသည်။ ပူအိုက်၍ မြေဆီလွှာအတွင်း၌ ရေတစ်နှစ်ပတ်လုံး တည်ရှိနေသဖြင့် ထိုဒေသများသည် အမြဲစိမ်းသစ်တောပေါက်ရာ ဒေသများဖြစ်ကြသည် တစ်ပင်နှင့်တစ်ပင် နီးကပ်ထူထပ်စွာ ပေါက်ရောက်ကြသဖြင့် အထက်၌ ယှက်သန်းလျက်ရှိသော အကိုင်းအခက်အရွက်များမှာ နေရောင်ခြည် အလျင်းမဖောက် ထွင်းနိုင်လောက်အောင် ပိတ်ဆို့ နေကြ၏။ ပင်လုံးတလက်မမှ တစ်ပေ အချင်းရှိသသော နွယ်ပင်ကြီးများသည်လည်း အလင်း ရောင်ကို ရရန် အလုအယက် နွယ်တက်လျက် ရှိကြသည်။ ထိုသစ်တောမျိုးအတွင်း၌ နေရောင်ခြည်သည် မြေသို့ အလျင်း ကျရောက်ခြင်း မရှိပဲ အစဉ် မှောင်မဲ စိုစွတ်လျက် ရှိတတ် လေသည်။

အမြဲစိမ်းသစ်တောတွင် သစ်ပင်မျိုးစုံပေါက်သော်လည်း များသောအားဖြင့် သစ်မာပင်မျိုးများ ဖြစ်ကြသည်။ ကွန်ဂို မြစ်ဝှမ်းဒေသတွင် မဟော်ဂနီကဲ့သို့ အလွန်မာ၍ ကောင်း သောသစ်မျိုး ထွက်သော်လည်း ခုတ်လှဲရန် စရိတ်ကြီးသည့်ပြင် မလွယ်ကူလှချေ။ အမ္မဇုန်မြစ်ဝှမ်းဒေသရှိ အမြဲစိမ်းသစ်တော များသည် ကြက်ပေါင်စေးပင်တို့၏ စတင်ပေါက်ရောက်ရာ ပင်ရင်းဌာန ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကြက်ပေါင်စေး အကောင်းဆုံးနှင့် အများဆုံး ထွက်သော သီဟိုဠ်ကျွန်း၊ မလ္လာ ယုကျွန်းဆွယ်၊ အရှေ့အိန္ဒိယကျွန်းစုနှင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများရှိ ကြက်ပေါင်စေးခြံများသည် အမ္မဇုန်မြစ်ဝှမ်းမှ မျိုးစေ့ကို ယူ၍ စိုက်ပျိုးသော ခြံများဖြစ်ကြသည်။ ကွီနိုင်ခေါ် အဖျားဖြတ်ဆေးဖော်ရသော ဆင်ကိုနားပင်သည်လည်း အမြဲစိမ်း သစ်တောများတွင် ပေါက်ရောက်သောအပင်များ ဖြစ်လေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)