မင်းညီမင်းသား ၊ မှူးတော်မတ်တော်တို့ ကွယ်လွန်သွားကြပြီးနောက် အမွေခံထိုက်သူတို့ အရေးနှင့် ပက်သက်၍ ဆောင်ရွက်ပေးရသူမှာ အမွေဝန်ဖြစ်သည် ။ အမွေရာထူးနှင့်ပတ်သက်၍ အထောက်အထားများစွာ မတွေ့ရပေ ။ မြေဒူးမင်း (ဆင်ဖြူရှင် ) လက်ထက် အမွေဝန်မှာ လက်ဝဲထိမ်းမှတ်ဖြစ်ပြီး ၁၅ စက်တင်ဘာ ၁၇၆၄ ခုနှစ်တွင် ဖွဲ့သည်ခဲ့သည့် အဘယသကြင်န်ဦးစီးသော ၅၀ တော်သွေးသောက်အဖွဲ့၌ ပါဝင်ခဲ့သူဖြစ်ပါသည် ။ လက်ဝဲထိမ်းမှတ်မှာ အလောင်းမင်းတရားသို့မဟုတ် ဒီပဲယင်းမင်း ( နောင်တော်ကြီး ) လက်ထက်ကပင် အမွေဝန်ရာထူးရှိခဲ့ဟန်တူပါသည် ။

အမွေဝန် ဦးစွက် ပြင်ဆင်ရန်

ဗဒုံမင်း( ဘိုးတော်ဘုရား ) လက်ထက်တွင် အမွေဝန်အဖြစ် အမှုထမ်းရွက်ခဲ့သူမှာ ဦးစွက်ဖြစ်ပါသည် ။ အမွေဝန်ဦးစွက်သည် အဲချင်း ၊ အိုင်ချင်းများနှင့်ထင်ရှားခဲ့သူ အမျိုးသမီးစာဆိုတော် မယ်ခွေ၏ ခင်ပွန်းဖြစ်ပါသည် ။ မယ်ခွေအရွယ်ရောက်သောအခါ အမွေဝန်ဟောင်းဖြစ်နေပြီဖြစ်သော ဦးစွက်နှင့်စုံဖက်ခဲ့ရာ အမွေဝန်ဦးစွက်မှာ ဗဒုံမင်းလက်ထက်အစောပိုင်းကာလတွင် အမှုထမ်းခဲ့သူဖြစ်ပေလိမ့်မည် ။

စစ်ကိုင်းမင်းလက်ထက် ပြင်ဆင်ရန်

စစ်ကိုင်းမင်း ( ဘကြီးတော်) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် အမွေဝန်အဖြစ် လက်ဝဲသိင်္ခရွှေတောင်အား ခန့်အပ်ခဲ့ပါသည် ။ ယင်းနောက် ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ်တွင် အမွေဝန် လက်ဝဲသိင်္ခရွှေတောင်ကို နေမျိုးသီဟပတေ့ဘွဲ့ပေးအက်လိုက်သည် ။

ယွန်ပေါင်ပုရပိုက် ပြင်ဆင်ရန်

မင်းညီမင်းသား ၊ မင်းသမီးများ၏ အမွေတော်ပစ္စည်းများကို ယွန်ပေါင်ပုရပိုက်ဖြင့် မှတ်တမ်းတင်လေ့ရှိသည် ။ ၎င်းင်းတွင် အများအားဖြင့်ငွေ ၊ လက်ဝတ်ရတနာနှင့် လယ်ရာမြေများကို အသေးစိတ်ဖော်ပြလေ့ရှိကြ၏ ။ မက္ခရာမင်းသားကြီး ယွန်းပေါင်ပုရပိုက်တွင် ငွေအသပြာ ၅၀ဝ၀ ပန်းလက်ချိပ်ပုဆိုး ၃၀ ၊ ပန်းပုဆိုး ၃၀ ၊ တစ်ကျွန်အနားပါပုဆိုး ၇၀ ၊ ရွှေမြိတ်တဘက် ၆၀ ၊ မာတရက်ဘက်အုပ် ၁၂၀ ၊ အနားရစ်ပုဝါအုပ် ၁၂၀ ၊ ဆာပါအုပ် ၁၂၀ တို့အပြင် သရက်ကန်ညောင်ကန်လယ် ၁၄၇ ပယ် ၊ တောင်ပြုံးအနောက် ပေါက်တစ်ပင်ရိုးလယ် ၅၀ ပယ် ၊ မက်ခရာနယ်၌ ၃၇ ပယ် ၂ စိတ်၊ မင်းလှကန်အောက်လယ် ၃၀ ပယ် ၊ ကျိုင်ဘောင်လယ် ၈၀ ပယ် ၊ ကင်းဘက်ရွာ ဥယျာဉ် စသည်ဖြင့်ဖော်ပြပါရှိပါသည် ။ မက္ခရာမင်းသားကြီး ကံကုန်သောအခါ သမီးတော်ဖြစ်သော ပုဂံမင်း၏ မိဖုရားခေါင်က ယင်းအမွေပစ္စည်းများကို ရရှိခဲ့သည် ။

ရတနာပုံခေတ် အမွေဝန် ပြင်ဆင်ရန်

၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်းနန်းတက်လာပြီးနောက် အမွေဝန်ရာထူးခန့်အပ်ခဲ့သော်လည်း အမွေဝန်၏ဘွဲ့အမည်ကိုမသိရှိရပါ။ ၁၈၅၉ ခုနှစ်တွင် ရတနာပုံမြို့တော်သစ်တည်သောအခါ နန်းမြို့တော်အကွက် အမှတ် ၁⁠၁၃ တွင်အမွေဝန်ဟူ၍တွေ့ရှိရပါသည် ။ သီပေါမင်းလက်ထက်တွင်အမွေဝန်အဖြစ် ခန့်အပ်ခံရသူမှာ မဟာမင်းထင်မင်းခေါင် စည်သူနှင့် ဦးရွှေမောင်တို့ဖြစ်ကြပါသည်။ အမွေဝန် မဟာမင်းထင်မင်းခေါင် စည်သူသည် ၁၈⁠၈၄ ခုနှစ် ဇန်နဝါရီလတွင် စက်သွင်းရာ၌ အခမ်းအနားသို့တက်ရောက်ကြောင်း တွေ့ရှိရ၏ ။ အမွေဝန် ဦးရွှေမောင်မှာမူ မြန်မာဘုရင်လက်ထက် နောက်ဆုံးခန့်အပ်ခံရသော အမွေဝန်ဖြစ်ဟန်ရှိပါသည်။ ဝက်မစွတ်ဝန်ထောက် ဦးလတ်၏ နေ့စဉ်မှတ်တမ်းအရ ၉ ဇွန်လ ၁၈⁠၈၆ ခုနှစ်တွင် မြို့ဝန်မင်းထံသို့ သွားရောက်တွေ့ဆုံပြီးနောက် အမွေဝန်နှင့်အတူ ပြန်လာခဲ့ကြောင်း ၊ အမွေဝန်၏ တိုက်သို့ ခေတ္တဝင်ရောက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉