အမှတ် ၇ အငူ (ရုပ်ရှင်)

အမှတ် ၇ အငူ(海角七號) (Cape No. 7) ရုပ်ရှင်ဇာတ်ကားသည် ၂၀၀၈ ခုနှစ်တွင် ရုံတင်ပြသသည့် ဒါရိုက်တာ ဝေ့တယ်စိန့်၏ ပထဦးဆုံးသော ဇာတ်လမ်းရှည် ထိုင်ဝမ် ရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်သည်။ ထိုင်ဝမ်တေးသံရှင် ဖန့်ယိချိန် (范逸臣)၊ ဂျပန်သရုပ်ဆောင် ချိအဲ့ ထာနက (田中千繪) နှင့် မျိုးဆက်သစ် တေးသံရှင် လျန်ဝန်ရင်း (梁文音) ကို ပွဲထုတ်ထားသလို ဂျပန် တေးသံရှင် အတရိ ကိုစုကဲ့ (中孝介) စသည့် ဂီတပညာရှင် အတော်များများ ပါဝင် သရုပ်ဆောင် ထားသည်။ ‘အမှတ် ၇ အငူ’ကို ၂၀၀၈ ခုနှစ် ထိုင်ပေရုပ်ရှင်ပွဲတော်တွင် ဖွင့်ပွဲအဖြစ် ပြသခဲ့သည်။ ထိုပွဲမှာ ‘အမှတ် ၇ အငူ’ ဇာတ်ကား၏ ဗွေဆော်ဦး ပြပွဲလည်းဖြစ်သည်။ ၂၀၀၈ ခုန်နှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် တရားဝင် ရုံတင်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ပြသခဲ့သည်မှာ ထိုင်ဝမ်ရုပ်ရှင်များတွင် အချိန်အကြာမြင့်ဆုံး ရုံတင်သည့် ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့သည်။ အခြား ရုပ်ရှင်များမှာ ယေဘုယျအားဖြင့် ၂ ပတ်မှ ၁ လလောက်သာ ကြာလေ့ရှိသည်။

အမှတ် ၇ အငူ
海角七號
Cape No7.jpg
ရုပ်ရှင် ပိုစတာ
ဒါရိုက်တာဝေ့တယ်စိန့်
ထုတ်လုပ်သူဟွမ်ကျိမင် ( 黃志明)
ဝေ့တယ်စိန့် (魏德聖)
စာရေးသူဝေ့တယ်စိန့်
သရုပ်ဆောင်ဖန့်ယိချိန် (范逸臣)
ချိအဲ့ ထာနက (田中千繪)(ဂျပန်)
ဂီတမှူးလွီစိန့်ဖေ (呂聖斐)
လော့ကျီယိ (駱集益)
ရန်ရှို့ယွင် (楊琇雲)
Summer Hsu
ဓာတ်ပုံချင်တင်ချန်း (秦鼎昌)
တည်းဖြတ်လိုက်စွေ့ကျွမ်း (賴慧娟)
နျိုနိုင် (牛奶)
ဖြန့်ချိသည့်နေ့
ထိုင်ဝမ် : ၂၂ ဩဂုတ် ၂၀၀၈
ဟောင်ကောင် : ၂၀ နိုဝင်ဘာ ၂၀၀၈
စင်္ကာပူ : ၂၇ နိုဝင်ဘာ ၂၀၀၈
မလေးရှား : ၂၅ ဒီဇင်ဘာ ၂၀၀၈
တရုတ် : ၁၄ ဖေဖော်ဝါရီ ၂၀၀၉ [၁]
ဂျပန် : ၂၆ ဒီဇင်ဘာ ၂၀၀၉
ကြာမြင့်ချိန်
၁၂၉ မိနစ်
နိုင်ငံထိုင်ဝမ်
ဘာသာစကားမင်နန်၊ တရုတ်၊ ဂျပန်၊ ဖိုင်ဝမ်း
ကုန်ကျငွေ50 သန်း NTD
Box office530 သန်း NTD
ရောင်းရငွေ530 သန်း NTD

ထိုင်ဝမ်ရုပ်ရှင်ဈေးကွက် အချိန်အတော်ကြာ ထိုင်းမှိုင်းနေသည့်အခိုက် ရင်းနှီးငွေ ရှာဖွေရ ခက်ခဲနေချိန်တွင် ဒါရိုက်တာ ဝေ့တယ်စိန့်သည် ‘အမှတ် ၇ အငူ’ အတွက် ထိုင်ဝမ်ဒေါ်လာ သန်း ၅၀ အကုန်အကျခံကာ ရိုက်ကူးခဲ့သည်။ လတ်တလော ထိုင်ဝမ်တွင် ဤသို့ အကုန်အကျခံ ရိုက်ကူးသူ မရှိသလောက်ဖြစ်သည်။ ဘတ်ဂျက် များများစားစား မရှိသည့်အတွက် အခြား နိုင်ငံခြား ရုပ်ရှင်များကဲ့သို့ ငွေပုံအောကာ ကြော်ငြာခဲ့ခြင်းမရှိပါ။ များသောအားဖြင့် ထိုင်ပေရုပ်ရှင်ပွဲတော်တွင် ကြည့်ရှုဖူးသည့် ပရိသတ်များက အင်တာနက်ပေါ်တွင် ကြည့်ကောင်းကြောင်း ရေးသားမိတ်ဆက်ရာမှ လူကြိုက်များလာခြင်းဖြစ်သည်။ ရုပ်ရှင်လောကသားများကလဲ ‘အမှတ် ၇ အငူ’ သည် ထိုင်ဝမ်ရုပ်ရှင်များအနက် ထူးထူးခြားခြား အောင်မြင်မှု ရရှိသည့် ဇာတ်ကားဟု ဆိုကြသည်။[၂] ထိုင်ဝမ်ရုပ်ရှင် အများစုမှာ အရှုံးပေါ်သောကြောင့် ယင်းဇာတ်ကား ရုံဝင်ခ သန်း ၅၀ ကျော်ရသောအခါ သတင်းမီဒီယာများ အာရုံစိုက်ကာ အကျယ်တဝင့် ရေးသားဖော်ပြလာသောကြောင့် ရုပ်ရှင်ပရိသတ်လည်း များသထက် များလာခဲ့သည်။ စုစုပေါင်း ရုံဝင်ခ ထိုင်ဝမ်ဒေါ်လာ သန်း ၅၃၀ ရရှိခဲ့ပြီး ထိုင်ဝမ်ရုပ်ရှင်သမိုင်းတွင် တိုင်တဲနစ် ရုပ်ရှင် (၁၉၉၇) နောက်မှလိုက်ကာ ဒုတိယ အရောင်းရဆုံး စံချိန်တင်ခဲ့သည်။[၃] တရုတ်စကားပြော ရုပ်ရှင်များသာ တွက်မည်ဆိုလျှင် ‘အမှတ် ၇ အငူ’မှာ ပထမဖြစ်သည်။ ဟောင်ကောင်တွင်လည်း လူကြိုက်များခဲ့ပြီး ရုံဝင်ခ စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၇.၆၁ သန်း ရရှိသည်။ [၄]

ဤကဲ့သို့သော စံချိန်များဖြင့် ‘အမှတ် ၇ အငူ’ ဇာတ်ကားသည် ၄၅ ကြိမ်မြောက် ရွှေမြင်းပျံ ရုပ်ရှင်ဆုပေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုအမျိုးအစား ၉ မျိုးတွင် ပဏာမစာရင်းဝင်ခဲ့သည့်အနက် အမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံးဂီတ၊ အကောင်းဆုံး ရုပ်ရှင်တေးသီချင်း၊ အကောင်းဆုံး ထိုင်ဝမ်ရုပ်ရှင်၊ အကောင်းဆုံး ထိုင်ဝမ်ရုပ်ရှင်သမားနှင့် ပရိသတ်အကြိုက်ဆုံး ဇာတ်ကားဆု စသည့် ဆုကြီး ၆ ဆုကို ဆွတ်ခူးခဲ့ကာ ဆုအများဆုံး ရရှိသည့် ဇာတ်ကားဖြစ်သည်။

ဇာတ်လမ်းအကျဉ်းပြင်ဆင်

၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့် အလျောက် ထိုင်ဝမ်သည်လည်း ဂျပန်ကိုလိုနီ လက်အောက်မှ လွတ်မြောက်ခဲ့သည်။ ဂျပန်ကျောင်းဆရာတစ်ဦး ဂျပန်သို့ပြန်သည့် သင်္ဘောပေါ်တွင် မူလက သူနှင့်အတူ ဂျပန်သို့ သွားရန် စီစဉ်ထားသည့် သူ၏ကျောင်းသူလည်းဖြစ် ချစ်သူလည်းဖြစ်သည့် ထိုင်ဝမ်သူ တိုမိုကို ကိုဂျိမ (ဂျပန်ကိုလိုနီခေတ်တွင် ထိုင်ဝမ်သားများသည် ဂျပန်အမည်ကို သုံးကြသည်။) ထံ စာ ၇ စောင်ရေးခဲ့သည်။ စာအိပ်ပေါ်တွင် လိပ်စာကို ‘ဟိန်ချွန်းခရိုင် အမှတ် ၇ အငူ’ ဟုသာ ရေးထားသည်။ ချစ်သူနှစ်ဦး ကွဲကွာသွားပြီးနောက် ကိုယ်စီ အိမ်ထောင်ကျကာ ထိုစာများသည်လည်း အရောက်မပို့နိုင်သည့် စာများဖြစ်သွားသည်။

နှစ်ပေါင်း ၆၀ ကျော် ကြာပြီးနောက် မျက်မှောက်ခေတ်တွင် မူလက ထိုင်ပေတွင် ဂီတအဖွဲ့၏ ပင်တိုင်အဆိုတော် အားကျား (范逸臣) သည် ၁၀ ကျော်ကြာ သီချင်းဆိုခဲ့သော်လည်း ဖြစ်ဖြစ်မြောက်မြောက် မရှိသောကြောင့် တစ်နေ့တွင် ဒေါသတကြီးနှင့် မိမိ၏ ဂီတာကို ရိုက်ချိုးကာ မီးခိုးတအူအူထွက်နေသည့် ဆိုင်ကယ်ဖြင့် ထိုင်ပေမှ မိမိ၏ ဇာတိဖြစ်သည့် ထိုင်ဝမ်တောင်ဖက်စွန်းရှိ ဟိန်ချွန်းသို့ စီးပြန်သွားသည်။ ဖခင်၏ စီမံပေးမှုဖြင့် ကားတိုက်မှုကြောင့် အလုပ်မတက်နိုင်ဖြစ်နေသည့် စာပို့သမား မောက်ပေါ်အစား ယာယီ စာပို့အလုပ်ကို လုပ်ကိုင်သည်။ သို့သော်လည်း အားကျားသည် အရာရာတိုင်းကို စိတ်တိုင်းမကျ ဖြစ်လျက်နေသည်။ စာများကို တာဝန်ကျေကျေ မပို့ပဲ တချို့တဝက်ကို အိမ်သယ်ပြန်သွားလေ့ရှိသည်။ ထိုစာများအနက် ‘အမှတ် ၇ အငူ’ သို့ဟု လိပ်မူထားသည့် ဂျပန်မှပို့လာသည့် ပါစယ် တစ်ထုပ်ပါသည်။ ဘာများလဲဟု သိလိုစိတ်ဖြင့် အားကျားသည် ထိုပါစယ်ထုပ်ကို ဖြည်ကြည့်သည့်အခါ အထဲတွင် ဂျပန်ဘာသာဖြင့် ရေးသားထားသော စာ ၇ စောင်ပါသည်ကို တွေ့ရသည်။ ဂျပန်စာ မဖတ်တတ်သောကြောင့် အားကျားသည် ထိုပါစယ်ထုပ်ကို အိပ်ခန်းထောင့်တစ်ထောင့်တွင် ချောင်ထိုးထားလိုက်သည်။

အခြားတဖက်တွင် ဟိန်ချွန်းမှ ဟိုတယ်တစ်ခုက ဂျပန်အဆိုတော် အတရိ ကိုစုကဲ့ ထိုင်ဝမ်လာရောက် ဖြေဖျော်သီဆိုရန် ဖိတ်ခေါ်ထားသည်။ သို့သော် ဒေသခံ ဂီတသမားများအား မသုံးသောကြောင့် ကျေးလက်ကိုယ်စားလှယ်က ခွင့်မပြုနိုင်ဟု ပြဿနာရှာတော့သည်။ မလွဲသာသည့်အဆုံး ဒေသခံ ဂီတအဖွဲ့နဲ့ ပွဲဖွင့်ပေးရန် စီစဉ်ရတော့သည်။ သို့သော်လည်း ဒေသခံ ဂီတအဖွဲ့ရယ်လို့ မယ်မယ်ရရ မရှိသောကြောင့် တွေ့ကရာလူဆွဲကာ ဂီတအဖွဲ့ကို ဖုတ်ပူမီးတိုက် ဖွဲ့လိုက်ရသည်။ ထိုင်ပေတွင် အဆင်မပြေ၍ ဌာနေပြန်လာရသော အဆိုတော် အားကျား၊ အိမ်ထောင်ကွဲနေသည့် တိုင်းရင်းသား ရဲဝန်ထမ်း ဂီတာသမား လောင်မာ၊ ခရစ်ယာန်ဘုရားကျောင်းတွင် စန္ဒယားတီးသည့် မူလတန်းကျောင်းသူ တတ၊ တပါးသူ၏ ဇနီးကို စုံမက်နေသည့် ဆိုင်ကယ်ဝပ်ရှော့တွင် ပညာသင်နေသည့် ဒရမ်မာ ဆွေဝါးတို့ဖြင့် ဖြစ်သလိုပင် ဖွဲ့ထားသည်။

လေ့ကျင့်သည့် အတောအတွင်း အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ထဲတွင် မကြာခဏ ကတောက်ကစ ဖြစ်လေ့ရှိသည်။ သီချင်း ပထမတစ်ပုဒ်အတွက် အားကျားယခင်က ရေးသားခဲ့သည့် တစ်ပုဒ်ကို လေ့ကျင့်ကြသည်။ စင်တင်ပွဲ ကျင်းပရန် တနေ့တခြား နီးကပ်လာသော်လည်း ဒုတိယသီချင်းမှာ ဘယ်ဆီနေမှန်း မသိဖြစ်နေသည်။ အားကျားကလည်း စိတ်ပါပုံမပြသည့်အတွက် အဖွဲ့တာဝန်ခံ တိုမိုကို (田中千繪) က စိတ်ဆိုးကာ အလုပ်ထွက်မည်ဟု ဆိုသည်။ သို့သော်လည်း မင်္ဂလာပွဲ တစ်ပွဲဆင်နွဲရန် အကြောင်းပေါ်လာ၍ ချက်ချင်း မထွက်ဖြစ်ခဲ့ပေ။ မင်္ဂလာပွဲတွင် အားကျားနှင့် တိုကိုမိုတို့ အမူးလွန်ကာ မမျှော်လင့်ပဲ စည်းကျော်ကာ သံယောဇဉ်ဖြစ်ခဲ့သည်။ တစ်နေ့တွင် တိုကိုမိုသည် အားကျား၏ အိပ်ခန်းထောင့်တွင် ချောင်ထိုးထားသော စာ ၇ စောင်ကို တွေ့လေသည်။ ဂျပန်ကျောင်းဆရာမှာ ကွယ်လွန်သွားပြီဖြစ်ပြီး သမီးဖြစ်သူက စာများကို တွေ့ရှိ၍ ထိုင်ဝမ်သို့ ပို့လာခြင်းဖြစ်သည်။ စာထဲတွင် ကျောင်းဆရာက ချစ်သူအား တမ်းတမှုများကို ဖတ်ရသောအခါ တိုကိုမိုက အားကျား မဖြစ်မနေ အရောက်ပို့ရန် ပြောသည်။

တိုကိုမို၏ အားပေးမှုကြောင့် အားကျားလည်း ဒုတိယသီချင်းကို အချိန်မှီ ရေးသားနိုင်ခဲ့သည်။ စင်တင်ပွဲမစမှီ အားကျားသည် တိုကိုမိုကို ချစ်ကြောင်း ဖွင့်ပြောလိုက်သည်။ အားကျားတို့၏ ဖြေဖျော်မှုကို ပရိသတ်များ ကြိုက်နှစ်သက်ပြီး အောင်မြင်စွာ ပြီးဆုံးသွားသည်။ တိုကိုမိုလည်း ပရိသတ်ရှေ့မှာပင် ထိုင်ဝမ်တိုင်းရင်းသားများ၏ အချစ်သင်္ကေတ လည်ဆွဲကို ဆွဲကာ အားကျား၏ အချစ်ကို လက်ခံလိုက်သည်။

ကိုးကားပြင်ဆင်

ပြင်ပလင့်ခ်ပြင်ဆင်