တစ်လလျှင်ဝင်ငွေ ၂ဝဝ ကျပ် ရှိသောသူတစ်ယောက်သည် ကြိုတင်စုဆောင်းထားသော ငွေမရှိလျှင် အဖိုးငွေ ၂ဝဝ ကျပ်တန်ပစ္စည်းတစ်ခုကို လက်ငင်းပေး၍ ဝယ် ယူရန်မှာ မဖြစ် နိုင်လောက်အောင်ပင် ခဲယဉ်းပေသည်။ ထိုငွေ ၂ဝဝ ကျပ်တန်ပစ္စည်းမှာ သူအဖို့ အလွန် အသုံးလိုနေ၍ ဝယ်မှ ဖြစ်မည် ဆိုလျှင်လည်း လစဉ်ဝင်ငွေထဲမှ ချွေတာစုဆောင်းပြီး နောက် လိုသောငွေကိုရမှသာ ဝယ်နိုင်ပေမည်။ သို့ရာတွင် ထို ငွေ ၂ဝဝ ကျပ်ကို စုမိရန် ဆယ်လ၊ သို့မဟုတ် တစ်နှစ်ကြာ ချင်ကြာလိမ့်မည်။ ငွေစုနေစဉ်အတွင်း အသုံးလိုသောပစ္စည်းကို မရသေး၍ အခက်အခဲ တွေ့ရဦးမည် ဖြစ်သည်။ ငွေစုမိသော အချိန်တွင် ထိုပစ္စည်းမျိုးရချင်မှလည်း ရတော့မည်။ ပမာအား ဖြင့် အပ်ချုပ်စက်ကို ငွေပြေပေး၍ မဝယ်နိုင်လျှင် ထိုအကြံကို လက်လျှော့ ရမည်သာဖြစ်သည်။ သို့မဟုတ် ခက်ခဲစွာ ငွေစု၍ ဝယ်ရပေမည်။

ဤကဲ့သို့သော အခက်အခဲများကို များသောအားဖြင့် လခ စားများ ကြုံတွေ့ရတတ်၏။ ထိုအခက်အခဲများ သည် ၁၉ ရာ စုနှစ်အတွင်းက အရစ်ကျငွေချေစနစ်ပေါ်ပေါက်လာရာတွင် ပြေရှင်းသွားလေတော့သည်။ ထိုစနစ်အရ ရှေးဦးစွာ တန်ဖိုးငွေ အားလုံးမှ အချို့အဝက်ကို ပေးသွင်း၍ ပစ္စည်းကိုသာယူကာ ကျန်ငွေကို အရစ်ကျ တဖြည်းဖြည်း အချိန်မှန်မှန် ပေးဆပ်သွား နိုင်ကြသည်။ ယင်းသို့ပစ္စည်းကို အရစ်ကျပေး၍ အကြွေး ရောင်းချရာတွင် ရောင်းသူနှင့်ဝယ်သူ သဘောတူစာချုပ် ချုပ်ဆို ရလေသည်။ ထိုစာချုပ်အရ ငွေအပြေမပေးသွင်း ရသေးမီ ပစ္စည်းကို ဝယ်ယူသူက လုံးဝ မပိုင်ဆိုင်သေးချေ။ တန်ဖိုးငွေကို အပြေဆပ်ပြီးမှသာလျှင် ပိုင်ဆိုင်ခွင့် ရရှိလေသည်။ မည်သို့ပင် ဖြစ်စေ ဤသို့သော အရောင်း အဝယ်များတွင် တစ်စုံတစ်ရာ ခက်ခဲမှုမရှိ၊ အကယ်၍ ဝယ်ယူသူသည် လစဉ် အရစ်ကျငွေကို မှန်ကန်စွာ ပြေလည်အောင် မပေးဆပ်နိုင်ပါက ရောင်းချသည့် ကုမ္ပဏီက ပေးသွင်းပြီးငွေများကို ပြန်မပေးပဲ ပစ္စည်းကို ပြန်လည်သိမ်းယူလေသည်။

ဤစနစ်ကို အမေရိကန် ပြည်ထောင်စုတွင် ၁၉ ရာစုနှစ် အစလောက်က အိမ်ထောင်ပရိဘောဂဆိုင်ကြီး တစ်ဆိုင်မှ စတင် အသုံးပြုခဲ့သည်။ ထိုနောက်တွင် အင်္ဂလန်ပြည်နှင့် ကမ္ဘာ့ အနှံ့အပြား တိုင်းပြည်များတွင် သုံးစွဲလာကြပြီးလျှင် အရစ်ကျ အဖိုးချေစနစ်အတွက် ပါလီမန်၌ ဥပဒေရပ်များကိုပင် သတ်မှတ်ပြဋ္ဌာန်း ထားလေသည်။

ဤစနစ် ပေါ်ပေါက်လာသောအခါမှစ၍ အိမ်ထောင် ပရိဘောဂတိုက်ဆိုင်ကြီးများ၊ မော်တော်ကားနှင့် အခြား စက် ကိရိယာဆိုင်ကြီးများ၊ စာအုပ်တိုက်ကြီးများတွင် အရောင်း အဝယ် ပိုမိုတွင်ကျယ်ဖွံ့ဖြိုးလာသည်ကို တွေ့ရ၏။ ထို့ပြင် ယင်းစနစ် ဖွံ့ဖြိုးလာသောကြောင့် ငွေရင်းများစွာ စုဆောင်းပြီး သား မရှိသော်လည်း အိမ်ရာ အဆောက်အအုံများမှအစ အဖိုး တန်ပစ္စည်းအမျိုးမျိုးကို အပိုင်ဝယ်ယူ သုံးစွဲနိုင်ကြလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)