အရဟတ်စခန်းကွာ၊ ပရမတ်ကျမ်းဆရာ

အရဟတ်စခန်းကွာ၊ ပရမတ်ကျမ်းဆရာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

အချို့သော သူတို့သည် ဒါနသည် သံသရာချဲ့ထွင်ကြောင်းဖြစ်၍ ပရမတ်ကိုသာ ပြုလုပ်ကြိုးစားသင့်ကြောင်း ပြောကြသဖြင့် ထိုသူတို့အား ပညာပေး ဖွဲ့ဆိုလိုက်သည့် သံချိုကဗျာ ဖြစ်သည်။

အရဟတ်စခန်းကွာ၊ ပရမတ်ကျမ်းဆရာ ပြင်ဆင်ရန်

တသိန်းရယ် ကမ္ဘာနှင့်၊ ကိန်းဇယာ သင်္ချေယျံက၊ ဆင်ခြေပန်၊ ဝေသန်ဇာတ်ကဲ့ပြင်၊ သိဒ္ဓတ္တာ နိက္ခမတ် သဒ္ဓါပွားသော်ကြောင့်၊ ရပ်တားသည် မာရိဒေဝါနှင့်၊ မယားပါသားပါပစ်ခဲ့လို့၊ ဘုရားမဟာဓမ္မရာဇ် ဖြစ်တော်မူ။

အများသတ္တဝါ၊ တရားမနားတတ်မည်ကြောင့်၊ ရှားလှပ်ချန် သမ္ဗုဒ္ဓေါက၊ ထုတ်ဟောမည်မကြံဘိဘူ့၊ သန္တိကေ အထံသို့၊ ဗြဟ္မာသဟံ၊ ပန်ဆင်လှာသောကြောင့်၊ မိဂဒါဟိမဝါတောတွင်မှ၊ ဓမ္မစကြာ၊ မြွက်ခါဟောတော့၊ အာသဝေါစင်ပဉ္စဝဂ်ကယ်တို့၊ ဇောမဂ်သို့ယူ။

ခြောက်နှစ်လွန်ခုနှစ်ဝါတော့၊ လွန်တရာအမွန်ဗြဟ္မာနတ်တွေတို့၊ ပျပ်ဝပ်ကာ အဉ္ဇလီနှင့်၊ ဓမ္မသင်္ဂဏီ၊ အစဉ်အစီတန်းခဲ့၊ ပဋ္ဌာန်းပါစာဝဘင်းတို့၊ အမိရင်းကံ၊ မယ်တော်နတ်ကယ်ကြောင့်၊ လင်းလှပ်၍ဗျာသံကြူ၊ သယမ္ဘူဘုရား။

စာပေတွင်ပါလေသမျှတို့၊ ဒါနသီလာနှင့်၊ နိက္ခမာသိက္ခာရင့်မှ၊ ဆင်ခြင်စရာ ပညာပွင့်သတဲ့၊ ဗြဟ္မာမင့်ထုံတိဟိတ်သား သော်မှ၊ စိတ်မှားလျှင်လွယ်တကူနှင့်၊ အပါယ်စတူ မျော်ကာကျတတ်တဲ့၊ လောဘတဖြာနှင့်၊ ဒေါသပါမောဟာငြိုကြ၊ ဒိဌီသက္ကာယတွေနှင့်၊ ဒါနကိုအမူကြမ်းသည်ဟု၊ မလှူမတန်းချင်၊ ရဟန်းရှင်ရသေ့တို့၊ ဖြတ်လမ်းရှာ၊ ပရမတ်ကျမ်းစာငွေ့ရုံနှင့်၊ မတတ်မစွမ်းပါနိုင်၊ အရဟတ်စခန်းသာလို့ ကွေ့တော့မပ၊ မှန်း၍ချင့်စား။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ကိန်းဇယာ = ကိန်လေးခု။

၂။ သင်္ချေယျံ = အသင်္ချေယျအရေအတွက်။

၃။ သိဒ္ဓတ္ထာ = သိဒ္ဓတ္ထမင်းသား။

၄။ နိက္ခမတ်သဒ္ဓါ = တောထွက်လိုသော စေတနာ။

၅။ မဟာဓမ္မရာဇ် = မြတ်သောတရားမင်း။

၆။ သန္တိကေ = အနီးအပါး၊ အထံတော်သို့။

၇။ ဗြဟ္မာသဟံ = သဟမ္ပတိဗြဟ္မာကြီး။

၈။ မိဂဒါဟိမဝါတော = ဆီးနှင်းဖုံးသည့် မိဂဒါဝုန်တော။

၉။ ပဉ္စဝဂ် = ပဉ္စဝဂ္ဂီငါးဦး။

၁၀။ အပါယ်စတူ = အပါယ်လေးပါး။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။