အရီဇိုးနားပြည်နယ်
အရီဇိုးနားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု ၏ အနောက်တောင်ပိုင်း ဒေသတွင် တည်ရှိသည်။ အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း၏ တစိတ်တဒေသ ဖြစ်ပြီး အနောက်ဘက်တောင်တန်းဒေသ၏ တစိတ်တပိုင်းလည်း ဖြစ်သည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဖီးနစ်မြို့ ဖြစ်သည်။ ကြေးနီအများဆုံး ထွက်သော ပြည်နယ်ဖြစ်ခြင်းကြောင့် ကြေးနီပြည်နယ် ဟူ၍လည်း ခေါ်တွင်သည်။ မြောက်ဘက်တွင် နီဗားဒပြည်နယ်နှင့် ယူးတား ပြည်နယ်၊ အရှေ့ဘက်တွင် မက္ကဆီကိုနိုင်ငံ၊ အနောက်ဘက် တွင် ကာလီဖိုးနီးယားပြည်နယ်နှင့် နီဗားဒပြည်နယ်တို့အသီးသီး တည်ရှိကြသည်။ ထိုပြည်နယ်ဒေသသည် မူလက မက္ကဆီကို နိုင်ငံ၏ အစိတ်အပိုင်းဖြစ်၍ ၁၈၆၃ ခုနှစ်တွင် အမေရိကန်နယ် အဖြစ်လည်းကောင်း၊ ၁၉၁၂ ခုနှစ်တွင် ပြည်နယ်အဖြစ် လည်းကောင်း ပါဝင်ခဲ့သည်။ ပြည်နယ်၏အကျယ်အဝန်းသည် စတုရန်းမိုင် ၁၁၃၈ဝ၉ ရှိ၍၊ လူဦးရေ ၂ဝ၅၈ဝဝဝ ယောက် (၁၉၇၃) နေထိုင်သည်။
အရီဇိုးနားပြည်နယ် | ||
---|---|---|
| ||
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ အရီဇိုးနား အားအရောင်ခြယ်ပြထား | ||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | |
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | ဖေဖော်ဝါရီ ၁၄၊ ၁၉၁၂ (၄၈ခုမြောက်) | |
အကြီးဆုံးမြို့ | ဖီးနစ်စ်မြို့ | |
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများ | ဖီးနစ်စ် မက်ထရိုပိုလစ်တန် ဒေသ | |
အစိုးရ | ||
• ပြည်နယ်အုပ်ချုပ်ရေးမှူး | ဂျန်ဘရူဝါ (R) | |
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | ကင်န် ဘက်နက် (R) | |
လူဦးရေ | ||
• စုစုပေါင်း | ၆,၃၉၂,၀၁၇[၁] | |
• သိပ်သည်းမှု | ၅၆.၃/sq mi (၂၁.၅၄/km၂) | |
ဘာသာစကား | ||
• ရုံးသုံးဘာသာစကား | အင်္ဂလိပ် | |
• ပြောဆိုသော ဘာသာစကား | အင်္ဂလိပ် ၇၂.၅၈%[၂] စပိန် 21.57%[၂] နာဗာဂျို 1.54%[၂] | |
လတ္တီကျူ | 31° 20′ N to 37° N | |
လောင်ဂျီကျူ | 109° 3′ W to 114° 49′ W |
အယ်ရီဇိုးနားပြည်နယ် မြောက်ပိုင်းတွင် ကိုလိုရားဒိုး ကုန်းပြင်မြင့်ရှိသည်။ အနောက်တောင်ပိုင်းသည် အလွန်ခြောက် သွေ့သောလွင်ပြင်ဖြစ်၍၊ ပြည်နယ်လူဦးရေ တစ်ဝက်ကျော်ကျော် တို့သည် ထိုအပိုင်း၌ နေထိုင်သည်။ ကုန်းပြင်မြင့်နှင့် လွင်ပြင်တို့အကြားတွင် တောင်တန်းဒေသရှိသည်။ ထိုတောင် တန်းများသည် ပြည်နယ်အနောက်မြောက်ပိုင်းမှ အရှေ့တောင် ပိုင်းအထိ ကျယ်ပြန့်သည်။
ကိုလိုရားဒိုးမြစ်သည် ပြည်နယ်တွင် အထင်ရှားဆုံးမြစ် ဖြစ်၍ အနောက်ဘက်နယ်နိမိတ် တစ်လျှောက်လုံးနီးပါးမျှ စီးဆင်းပြီးလျှင် ကာလီဖိုးနီးယားပင်လယ်ကွေ့ထဲသို့ စီးဝင် သည်။ အခြားမြစ်များမှာ ကိုလိုရားဒိုးမြစ်၏ မြစ်လက်တက်များ ဖြစ်သော လစ်တဲကိုလိုရားဒိုးမြစ်၊ ဝီလျံမြစ်နှင့်ဂီလာမြစ်တို့ဖြစ် ကြသည်။
အယ်ရီဇိုးနားပြည်နယ် ရာသီဥတုသည်ခြောက်သွေ့၍ တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် ၁၃ လက်မ ခန့်သာ ရရှိသည်။ ကုန်းပြင်မြင့်ဒေသတွင် ရာသီဥတုမှာ အေး၍ ဆောင်းအခါ၌ ဆီးနှင်းကျသည်။
အယ်ရီဇိုးနားပြည်နယ်သည် သဘာဝအလျောက် ဖြစ်ပေါ်လျက်ရှိသော အံ့ချီးဖွယ်ရာရှုခင်း ပေါများ၍၊ ကျန်းမာ ရေးအတွက် ညီညွတ်သော ရာသီဥတုရှိခြင်းကြောင့် အမေရိကန် ပြည်နယ်အသီးသီးမှ ခရီးဧည့်သည်ပေါင်းမြောက်မြားစွာ နှစ်စဉ် လာရောက်လည်ပတ်လေ့ရှိသည်။ သဘာဝရှုခင်းများတွင် ကိုလို ရားဒိုးမြစ်ရှိ ကင်ညွန်ချောက်ကြီးသည် အထူးထင်ရှား၏။
ဆေးရောင်ခြယ် သဲကန္တာရနှင့် ကျောက်ဖြစ်သစ်တောတို့သည်လည်း ထူးဆန်းအံ့ဩဖွယ်ရာ ဖြစ်ပေသည်။ ပြည်နယ်ရှိ တောင်တန်း တောင်စွယ်တို့သည်ကား သဘာဝအလျောက် အမျိုးမျိုးသော ပုံသဏ္ဌာန်တို့ကို ဆောင် လျက် ရှိကြလေရာ အချို့သည် လူတို့ဆောက်လုပ်သော အဆောက်အအုံကြီးများကဲ့သို့ပင် ဖြစ်သည်။ ထို့ပြင် ယင်းဒေသသို့ ဥရောပတိုက်သားများမရောက်မီ ရှေးနှစ်ပေါင်း များစွာက နေထိုင်ခဲ့ကြသော တိုင်းရင်းသားတို့၏ တောင်စောင်းနေအိမ်များသည်လည်း အံ့ဩဖွယ်ကောင်းလောက် အောင် ဆန်းကြယ်လှပေသည်။ ရေပူစမ်းရှိရာအရပ်များတွင် ကျန်းမာရေးအတွက် အနားယူစခန်းများရှိသည်။
အယ်ရီဇိုးနားပြည်နယ်တွင်ရေရှားသဖြင့် မြစ်များ၌ ရေကာတာများကိုဆောက်လုပ်၍ ဆည်မြောင်းများဖြင့် ရေသွယ် စိုက်ပျိုးရသည်။ ကိုလိုရားဒိုးမြစ်ပေါ်ရှိ ဗိုလဒါရေကာတာနှင့် ဆော့မြစ်ပေါ်ရှိ ရူးဇဗဲ့ ရေကာတာတို့မှာ ကြီးကျယ်ထင်ရှားသော ရေကာတာကြီးများဖြစ်သည်။ ထိုရေကာတာကြီးများအပြင် အခြားရေကာတာများ၊ ရေလှောင်ကန်များလည်းရှိသည်။ ထို ရေကာတာများအားဖြင့် လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်ယူရရှိ သည်။ ကိုလိုရားဒိုးမြစ်ရှိ ရေကာတာများမှရေဖြင့် လျှပ်စစ် ဓာတ်အားရရှိသည့်အပြင် ထိုရေကာတာများဖြင့် ရေလွှမ်းမိုးခြင်း ဘေးကိုလည်း တားဆီးနိုင်လေသည်။
အယ်ရီဇိုးနားပြည်နယ်တွင် ချည်မျှင်ရှည်ဝါမျိုးကောင်း ကို အများဆုံးစိုက်ပျိုးသည်။ လိမ္မော်၊ ရှောက်၊ စပျစ်၊ စွန်ပလွန် စသောသစ်သီးများနှင့် တိရစ္ဆာန်အစာအတွက် အယ်လဖားဖားပဲပင်ကိုလည်း အကြီးအကျယ်စိုက်ပျိုးသည်။ သို့ရာတွင် အယ်ရီဇိုးနားပြည်နယ်သည် တွင်းထွက်ပစ္စည်းကြွယ် ဝသော ပြည်နယ်ဖြစ်ခြင်းကြောင့် သတ္တုတူးဖော်ခြင်းနှင့် သတ္တု အရည်ကျို ချေးချွတ်ခြင်းတို့သည် အဓိကစက်မှုလုပ်ငန်းများ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ကြေးနီအများဆုံး ထွက်သော ပြည်နယ်ဖြစ်၍ ပြည်ထောင်စုတစ်ခုလုံးမှထွက်သော ကြေးနီ၄ဝ ရာခိုင်နှုန်းကိုအယ်ရီဇိုးနားပြည်နယ်မှရရှိသည်။ ရွှေ၊ ငွေ၊ ခဲ၊ သွပ်၊ ပြဒါး၊ တန်စတင်၊ မင်ဂနိ၊ ကျောက်ဂွမ်း စသည်တို့ကိုလည်း တူးဖော်ရရှိသည်။
အယ်ရီဇိုးနားပြည်နယ်တွင် တိုင်းရင်းသားအင်ဒီးယန်း လူမျိုး ၆၅ဝဝဝ ကျော်ခန့်ရှိရာ၊ ယင်းတို့သည် သီးသန့်နယ်မြေ တို့၌ နေထိုင်ကြသည်။ နာဗာဟိုအင်ဒီးယန်းတို့သည် အများဆုံး အစုဖြစ်၍ ပြည်နယ်အရှေ့မြောက်ပိုင်းတွင် နေထိုင်ကြသည်။ နာဗာဟိုတို့သည် ရောင်စုံခြယ်စောင်ယက်လုပ်ရာ၌ ကျွမ်းကျင် ကြသည်။ အယ်ပက်ချီအင်ဒီးယန်းတို့သည် အရှေ့ပိုင်းရှိ တောင်တန်းဒေသ၌နေထိုင်၍ ခြင်းတောင်း စသည်တို့ကို ယက် လုပ်ရာ၌ လက်မြောက်သည်။ ဟိုပီအင်ဒီးယန်းတို့သည်ကား ပွက်ဗလိုတိုင်းရင်းသားလူမျိုးများဖြစ်၍ လယ်ယာစိုက်ပျိုးခြင်း၊ သိုးမွေးမြူခြင်းဖြင့် အသက်မွေးကြသည်။ ယင်းတို့သည် ပြည်နယ်မြောက်ပိုင်းတွင် တောင်ကုန်းများပေါ်၌ နေလှန်းအုတ် ဖြင့်ဆောက်လုပ်သော အိမ်များတွင်နေထိုင်ကြသည်။
ဟိုပီတို့သည် ယနေ့ထက်တိုင် အောင် မိရိုးဖလာ ထုံးစံဓလေ့များ ကိုထိန်းသိမ်းထားကြသည်။ အယ်ရီဇိုးနားပြည်နယ်တွင် စပိန်လူမျိုး နှင့် တိုင်းရင်းသား အင်ဒီးယန်းလူမျိုးတို့ သွေးစပ်သော လူမျိုး အများဆုံး နေထိုင်ကြသည်။ နေအိမ်တွင်များသောအားဖြင့် စပိန်ဘာသာ စကားကို ပြောဆိုကြသည်။ ၁၆ ရာစုနှစ်တွင် ထိုပြည်နယ်ဒေသသို့ စပိန်လူမျိုးသာသနာပြုပုဂ္ဂိုလ်များ ဦးစွာရောက်ရှိလာပြီးနောက်၊ မက္ကဆီကိုလူမျိုးများလာရောက်၍ အခြေစိုက်နေထိုင်ကြသည်။ ထို့နောက် ပြည်နယ်တွင် မီးရထားလမ်း ပေါက်သောအခါ အင်္ဂလို-အမေရိကန်လူမျိုးများ ဝင်ရောက်လာ ကြသည်။ အယူဝါဒများအနက် ဗရင်ဂျီဂိုဏ်းဝင်ဦးရေမှာ အများဆုံးဖြစ်သည်။
ထိုပြည်နယ်တွင် ကလေးသူငယ်တိုင်း ၁၆ နှစ်အထိ ပညာကိုမသင်မနေရ ဥပဒေပြဋ္ဌာန်းထားသည်။ တိုင်းရင်းသား အတွက် စာသင်ကျောင်းများကိုလည်း တည်ထောင်ထားရှိသည်။ အယ်ရီဇိုးနားပြည်နယ်၏ မြို့တော်သည် ဖီးနစ်မြို့ဖြစ်၍ လူဦးရေ ၇၄၃ဝဝဝ ယောက်(၁၉၇၄) နေထိုင်ကြသည်။ အခြား ထင်ရှားသောမြို့ကြီးများမှာ တူးစန်မြို့၊ မေစာမြို့၊ တင်ပီမြို့၊ ယူးမာမြို့၊ ဒေါက်ကလပ်မြို့များဖြစ်သည်။ တူးစန်းမြို့တွင် အယ်ရီဇိုးနားတက္ကသိုလ်တည်ရှိသည်။[၃]
အရီဇိုးနားသည် ၄၈ ခုမြောက် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခဲ့သော ပြည်နယ်ဖြစ်ပြီး တစ်ဆက်တည်း ရှိနေသော ပြည်နယ်များတွင် နောက်ဆုံး ဝင်ရောက်ခဲ့သော ပြည်နယ်ဖြစ်သည်။ ၁၉၁၂ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ အရီဇိုးနားကို ကန္တာရဆန်သော ရာသီဥတု ရှိကြောင်း လူသိများပြီး အလွန်ပူသော နွေရာသီနှင့် အလွန်အေးသော ဆောင်းရာသီ ရှိကြောင်း သိရှိကြသည်။ ထင်းရူးသစ်တောများ မှာလည်း ထင်ရှားပြီး မြောက်ဘက်ဒေသရှိ တောင်တန်းများ နှင့် နိမ့်သော ကန္တာရဒေသရှိ အေးမြသော ရာသီဥတုမှာလည်း ထင်ရှားသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Annual Estimates of the Resident Population for the United States, Regions, States, and Puerto Rico: April 1, 2000 to July 1, 2008။ United States Census Bureau။ 2009-02-05 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ mla.org Archived 15 August 2013 at the Wayback Machine. 2005 American Community Survey. Retrieved 2010-07-13.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)