အရွယ်ရောက်ချိန်ပြင်ဆင်

ကလေးများ လူပျိုဘော် အပျိုဘော် ဝင်လာသောအခါ ကလေးဘဝမှ လူကြီးဘဝသို့ ရောက်ရန် ခြေလှမ်းပြင်နေပြီဟု ဆိုအပ်လေသည်။ ဤအရွယ်ရောက်ချိန်ကို အပျိုဖြန်း လူပျိုဖြန်းနှင့် အပျို လူပျိုလုံးဝ ဖြစ်သည့်အချိန်ဟူ၍ နှစ်မျိုးခွဲခြားနိုင်ရာ ပထမအချိန်သည် ယောကျာ်း ကလေးများအဖို့ ဆဲ့သုံးနှစ်မှ ဆဲလေးနှစ်အထိ ဖြစ်၍ မိန်းကလေးများအဖို့ ဆဲ့နှစ်နှစ်မှဆဲ့သုံးနှစ်အထိ ဖြစ်၏။ ဒုတိယအချိန်မှာ ယောကျာ်း ကလေးများအတွက် ဆဲ့ရှစ်နှစ်မှ နှစ်ဆဲ့ငါးနှစ်အထိ ဖြစ်၍ မိန်းကလေးများအတွက် ဆဲ့ခြောက်နှစ်မှ နှစ်ဆယ့် တစ်နှစ်အထိ ဖြစ်လေသည်။

ကလေးများသည် များသောအားဖြင့် လူပျိုဘော် အပျိုဘော် ဝင်စအချိန်၌ သူတို့၏ ကိုယ်လုံးကိုယ်ထည် အရပ်အမောင်း တို့သည် တစ်ရှိန်တည်း တိုးတက်လာကြ၏။ အချို့မှာ မသိ မသာ ထွားကြိုင်းလာတတ်သည်။ ယောကျ်းကလေးများကား ဤအရွယ်တွင် ခွန်အားဗလသိသိသာသာ ကောင်းလာ၍ ပခုံး နှင့်ရင်အုပ်ကျယ်ပြန့် လာပြီးလျှင် မိန်းကလေးများမှာမူ မိခင် လောင်းတို့ ပြည့်စုံအပ်သော အင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးလာ၍ ကိုယ်လုံးကိုယ်ထည် ထွက်လာပြီးလျှင် အလှကျက်သရေ တစ်မျိုး တက်လာလေသည်။

အထူးသဖြင့် လူပျိုဘော် အပျိုဘော်ဝင်လာသောအခါ လိင် နှင့်စပ်ဆိုင်သော အင်္ဂါအစိတ်အပိုင်းများ ပြောင်းလဲသွားတတ် လေသည်။ ယောကျ်ကလေးများ၌ ပါးမုန်းမွေး၊ မုတ်ဆိတ်မွေး၊ ဂျိုင်းမွေးစသည်တို့ ပေါက်ရောက်လာ၍ ငယ်သံပျောက် ပြီးလျှင် ကြီးကောင်ဝင်သံပေါက်လာ၏။ လည်ပင်း၌ စလုပ် အနည်းငယ် ထွက်လာတတ်သည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းသည် တစ်ရှိန် တည်း ကြီးထွားလာသောကြောင့် ခြေလက်ကိုးယိုးကားယားနှင့် မနေတတ်မထိုင်တတ် ရှိနေတတ်၏။ ကလေးကဲ့သို့ နေချင် သလို နေ၍ မဖြစ်နိုင်သောကြောင့် သူတို့စိတ်တွင် ယခင်ကလို လွတ်လွတ်လပ်လပ် မရှိတော့ပြီဟု ထင်မြင်လာတတ်သည်။ ကိုယ်ခန္ဓာ ပြောင်းလဲမှုများနှင့် လိုက်လျောညီစွာ နေတတ်ဖို့ များစွာ လိုလာ၏။

အသက် ငယ်ရွယ်စဉ်က အလွန်ဆော့တတ်သော ယောကျာ်း ကလေးများပင် ကိုယ်အင်္ဂါလှုပ်ရှားမှုကို အပြု မများတော့ချေ။ လူကြီးစိတ် ဝင်နေသောကြောင့် ခုန်ပေါက်ပြေးလွှားမှုတို့ကို စိတ်ပါဝင်စားခြင်း မရှိတော့ပဲ တစ်ကိုယ်တည်း အေးအေး ဆေးဆေး ဆိတ်ငြိမ်ရာ၌ နေလိုစိတ်ရှိလာတတ်ကြသည်။ သူတို့ စိတ်အခြေအနေမှာလည်း ကလေးဘဝနှင့် လုံးဝ မတူတော့ချေ။ သဘာဝ၏အလှကို ကြည့်ရှုကာ သာယာနေထိုင်လို စိတ်များ၊ အတွေးအမြင်နယ်ချဲ့လိုစိတ်များ၊ ကိလေသာစိတ်များ တက်ကြွ နေတတ်ပြီးလျှင် သူတို့ကိုယ်ကို ဝတ်စား တန်ဆာတို့ဖြင့် လှပ တင့်တယ်အောင် ဆင်ပြင်၍ ရူပရုံဗန်းပြကာ အဖိုအမတို့၏ ရာဂစိတ်ကို ဆွလိုတတ်ကြ၏။ ယောကျာ်းကလေးများက မိန်းကလေးများကိုသာ စိတ်ဝင်စားသကဲ့သို့ မိန်းကလေးများ ကလည်း ယောကျာ်းကလေးများအပေါ်၌သာ အာရုံညွတ် နေ တတ်လေသည်။

အပျိုဘော်ဝင်စ မိန်းကလေးများသည် ယောကျာ်းကလေးများ ထက်စော၍ အရပ်ထွက်ကာ ထွားကြိုင်းတတ် ကြသောကြောင့် အသက်ဆဲ့သုံးနှစ်လောက်ဆိုလျှင် ငယ်ရုပ်ပျောက်ကာ အနေ အထိုင် လုပ်ပုံကိုင်ပုံ စိတ်နေသဘောထားတို့မှာ လူကြီးဆံ သွားလေတော့၏။ အပျိုဘော်ဝင်ပြီဆိုလျှင်ပင် အရှက်၊ အကြောက်ကို နားလည်လာပြီ ဖြစ်သောကြောင့် စကားကို ရဲရဲ မပြောဝံ့တော့သည့်ပြင် ဖိုနှင့်ဆက်ဆံရမည့် အလုပ်များကိုလည်း ရဲရဲတင်းတင်း မလုပ်ဝံတော့ချေ။ သို့သော် ကိလေသာစိတ်များ သက်ဝင်စဖြစ်၍ ရှက်ရ၊ ကြောက်ရသည့်အထဲမှာပင် အဖိုကို တွေ့လျှင် မျက်နှာချင်း မဆိုင်ဝံ့သော်လည်း ချောင်းမြောင်းကာ ကြည့်ရှုလိုစိတ်၊ အာရုံငါးပါးကျင်းပကာ သွေးဆောင်လိုစိတ်များ ပေါ်ပေါက်နေတတ်ပေသည်။ အထူးသဖြင့် မိန်းကလေးများမှာ အပျိုပေါက်ကလေးများဖြစ်လာပြီဆိုလျှင် အာဝေဏိကဒုက္ခ ငါးပါးတွင် တစ်ပါးအဝင်ဖြစ်သည့် ဥတုလာရခြင်းသည် ရှေးဦးစွာ အပျိုဘဝကို ရောက်ကြောင်း ထင်ရှားစေသည်။ ထို ဒုက္ခကို ကညာပျိုများ ကိုယ်တွေ့ခံစားရသောအခါ ကလေးစိတ် လုံးလုံးမရှိတော့ပဲ တကယ့်လူကြီးပမာ သွားလာနေထိုင် ပြော ဆိုကြလေသည်။

လူပျိုဘော် အပျိုဘော်ဝင်စ ကလေးတိုင်းသည် ကဗျာ လင်္ကာစသော စာနုစာယဉ် အချစ်နှင့်မကင်းသည့် အကြောင်း အရာကလေးများကို သိလို ဖတ်လိုကြသည်။ အတွေးမှာလည်း ယောကျာ်းကလေးတိုင်းသည် ယောကျာ်းပီပီ တွေးတတ်၍ မိန်းကလေးများကလည်း မိန်းကလေးပီပီ တွေးတတ်လာကြ၏။ အရွယ်ရောက်လာသော သူတို့၏ ဉာဏ်စွမ်းသည် အတွေးဘက် ၌ တိုးတက်ထက်သန်လာသဖြင့် မည်သည်ကိုမဆို သိနားလည် လွယ်ပြီးလျှင် အကဲခတ်တတ်လာကြလေသည်။ သို့သော် အရှက်အကြောက် များသောကြောင့် တစုံတစ်ခုဖြစ်ခဲ့သော် မျိုသိပ်ထားလိုတတ်ကြ၏။ အပြစ်ပြုမိခဲ့လျှင်လည်း ဖုံးအုပ် ထားတတ်ကြသည်။ စိတ်အား တက်ကြွချိန်ဖြစ်သောကြောင့် ဆိုဆုံးမရခက်သည်။ နာခံတတ်သောစိတ်မရှိဘဲ ခေါင်းမာတတ် ၏။ သူတို့တွင် စဉ်းစားဉာဏ်ကလေးများ ဝင်လာပြီဖြစ်၍ သူများပြောတိုင်း မယုံကြည်တတ်တော့ချေ။ ဂုဏ်၊ မာန တက်ကြွ နေတတ်ပြီးလျှင် ဆွေဂုဏ်မျိုးဂုဏ်၊ ပညာဂုဏ်၊ အလှ ဂုဏ်စသော ဂုဏ်အမျိုးမျိုးဖြင့် အမွှမ်းတင်လိုစိတ် ရှိတတ်ကြ ၏။ ဤအရွယ်တွင် ထုံသွားသော ဝါသနာများသည် ကောင်း သည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ တစ်သက်လုံး စွဲသွား တတ်ပြီးလျှင် နောင်ကို ပြန်၍ ပြုပြင်ရန် ခဲယဉ်းသွားတော့၏။ ထိုကြောင့် ဝါသနာကောင်းများသာ ပါသွားစေရန် ဆရာမိဘ တို့က အထူးပင် သွန်သင် ပဲ့ပြင်ပေးသင့်လေသည်။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)