အရှင်နန္ဒကမထေရ်

= ပြင်ဆင်ရန်

မနေ့က နန္ဒကရဟန်း၏ တရားဒေသနာသည် တဆယ့်လေးရက်နေ့၌ ပေါ်ထွက်လာသည့် လနှင့်တူပေ၏။ ယနေ့ နန္ဒကရဟန်း၏ တရားဒေသနာသည် လပြည့်နေ့၌ပေါ်ထွက်လာသည့် လပြည့်ဝန်းကြီးနှင့် တူပါပေ၏

အရှင်နန္ဒကမထေရ်လောင်းလျာသည် ပဒုမုတ္တိုရ် မြတ်စွာဘုရားရှင်လက်ထက်၌ ဟံသာ၀တီမင်းနေပြည်ဝယ် စည်းစိမ်ဥစ္စာချမ်းသာ ကြွယ်၀သည့် အမျိုးကောင်းသား ဖြစ်ခဲ့သည်။ တစ်နေ့ မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားစဉ် ရဟန်းတစ်ပါးအား ဘိက္ခုနောဝါဒက=ဘိက္ခုနီမတို့ကို ဆုံးမသောအရာဝယ် အသာဆုံး,အမြတ်ဆုံး ဧတဒဂ်ရာထူးထားသည်ကို အားကျကာ ဘုရားရှင်အား အဖိုးတစ်သိန်းထိုက်သော အဝတ်ကို လှူခြင်း၊ ဘုရားရှင်၏ အင်ကြင်းဗောဓိပင်ကို ဆီမီးပူဇော်ခြင်းစသော အဓိကာရ-ကောင်းမှုကုသိုလ်ပြုလျက် ထိုရာထူးမျိုးရလိုကြောင်း ဆုတောင်းပတ္ထနာ ပြုခဲ့သည်။

ကကုသန်ဘုရားရှင်လက်ထက်၌ ကရဝိက်ငှက် ဖြစ်သည်။ အသံဖြင့် ပူဇော်ခဲ့သည်။ ထို့နောက် ဥဒေါင်းမင်း အဖြစ်သို့ ရောက်ခဲ့စဉ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်နေထိုင်သည့် လှိုဏ်ဂူ၏အပေါက်တွင်နေလျက် တစ်နေ့လျှင်သုံး ကြိမ်တိတိ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်အား ပူဇော်သည့်အနေဖြင့် တွန်ကျူးပေး၏။ ထိုကဲ့သို့သော ကုသိုလ်ကောင်းမှု များကို ပြုလုပ်ပေးခဲ့သည်။ ထိုမှ လူ့ပြည် နတ်ပြည်စုန်ဆန် ကျင်လည်ခဲ့သည်။


ဂေါတမဗုဒ္ဓလက်ထက်တွင် သာဝတ္ထိပြည်၌ အမျိုးကောင်းသားအဖြစ် လူလာဖြစ်ခဲ့သည်။ အရွယ်သို့ရောက် သည်ရှိသော် တရားဒေသနာကို နာကြားရ၍ သဒ္ဓါတရားဖြစ်ကာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ဝိပဿနာတရားအားထုတ်ကာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ရဟန္တာ ဖြစ်တော်မူခဲ့သည်။ ထိုအရှင်မြတ်သည် ရှေးရှေးသောဘ၀တို့ကို ပြန်လည်အောက်မေ့အမှတ်ရသည့် ပုဗ္ဗေနိဝါသ အဘိညာဏ်ကိုလည်း ကောင်းမွန်စွာလေ့ လာနိုင်သူ ဖြစ်သည်။ ထို့ထက်ထူးခြားမှုကား တရားဟောရာ၌ ပရိသတ်၏အာရုံကို ဖမ်းစားနိုင်သည်အထိ တရားဟော အလွန်ကောင်းသည်။ ထို့ကြောင့် ဓမ္မကထိကအဖြစ်ဖြင့်လည်း ထင်ရှားတော်မူသည်။

ကပိလဝတ်ပြည် သာကီဝင်မင်းတို့နှင့် ကောလိယ သာကီဝင်မင်းတို့သည် ကပိလဝတ်နှင့် ကောလိယပြည် နှစ်ပြည်ထောင်ကြားရှိ ရောဟိဏီအမည်ရှိသောမြစ်ကို ကန်ဘောင်ဆည်ရိုးတစ်ခုတည်းဖြင့် ဆို့ပိတ်တားဆီးကြလျက် နှစ်ဦးနှစ်ဖက် သင့်တင့်ညီညွတ်စွာ သူတစ်ခါကိုယ်တလှည့် ရေကို ဆောင်သွင်း၍ လယ်လုပ်ခြင်းအမှုကို ပြုလုပ်ကြ သည်။ ရေနည်းပါးလာသည့်အခါ ထိုရေနှင့်ပတ်သက်၍ အငြင်းပွားလျက် ထုနှက်သတ်ပုတ်မှု ဖြစ်လေသည်။ ထို့နောက် စစ်ဆင်ကြလျက် စစ်တိုက်ရန် စစ်တပ်များကိုယ်စီနှင့် ချီတက်လာခဲ့ကြသည်။ ထိုစဉ် မြတ်စွာဘုရားရှင် ကြွတော်မူလာ၍ ဖန္ဒနဇာတ်,ဒုဒ္ဒုဘဇာတ်,လဋုကိလဇာတ်တို့ကို ဟောကြားလျက် ငြိမ်းအေးစေသည်။ ငြိမ်းအေးစေပြီးသည့်နောက် ညီညွတ်ခြင်း၏ဂုဏ်တို့ကို ပြလိုသည့်အတွက် ရုက္ခဓမ္မဇာတ် ဝဋ္ဋကဇာတ် အတ္တဒဏ္ဍဇာတ် တို့ကို ဟောတော်မူသည်။ ထို့နောက် နှစ်ပြည်ထောင်မင်းတို့သည် တစ်ဖက်လျှင် (၂၅၀)စီအားဖြင့် အပါး(၅၀၀)ရဟန်းပြုကြသည်။

ထိုရဟန်းတို့သည် သာသနာတော်၌ မပျော်မွေ့သည်ကို အကြောင်းပြု၍ ကုဏာလဇာတ်တော်ကို ဟောတော်မူ သည်။ ရဟန်းတော်များ၏စိတ် ထိတ်လန့်သံဝေဂဖြစ်သွားမှ သစ္စာလေးပါးတရားကို ဟောတော်မူ၍ သောတာပတ္တိဖိုလ် ၌ တည်စေတော်မူသည်။ ထို့နောက်မှ ထိုရဟန်းအပါး(၅၀၀)တို့နှင့် နတ်ဗြဟ္မာတို့အား မဟာဝုန်တောကြီး၌ မဟာ သမယသုတ်တော်ကို ဟောတော်မူပြီးသည့်အဆုံး အားလုံးရဟန္တာ ဖြစ်သွားခဲ့ကြသည်။ ထိုငါးရာသော သာကီ ဝင်မင်းသားတို့၏ ဇနီးများသည်လည်း မိထွေးတော်ဂေါတမီအား ရအောင်ခေါ်ဆောင်လျက် ဘိက္ခုနီမအဖြစ်သို့ ရရှိ ရန် အမျိုးမျိုးခွင့်ပန်လျှောက်ထား၍ ဘိက္ခုနီမအဖြစ်သို့ ရောက်လာခဲ့ကြသည်။ ထိုဘိက္ခုနီမ ငါးရာတို့သည် လွန်ခဲ့သော အခြားမဲ့ဘ၀တုန်းက ဘ၀ငါးရာပတ်လုံး အရှင်နန္ဒကမထေရ်၏ မင်းဖြစ်စဉ်ဘ၀၌ မိဖုရား မောင်းမမိဿံစသဖြင့် ငါးရာစလုံးတို့ ဖြစ်ခဲ့ကြသည်။


သာသနာတော်သို့ ဝင်ရောက်လာခဲ့သည့် ဘိက္ခုနီမတို့အား အလှည့်ကျအားဖြင့် ရဟန်းတော်များထံမှ ဩဝါဒ ခံယူကြရသည်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်ပင် ဩဝါဒပေးဖို့ ဩဝါဒခံယူဖို့ အမိန့်ချမှတ်တော်မူထားသည်။ သို့အတွက် အလှည့်ကျသံဃာများသည် ဘိက္ခုနီမကျောင်းသို့သွား၍ ဩဝါဒပေးခြင်းအမှုကို ပြုလုပ်ကြရသည်။ ထိုစဉ် ဩဝါဒ ပေးဖို့ အလှည့်ကျသည့် အရှင်နန္ဒကမထေရ်သည် မိမိ၏အလှည့်ကျသည့်နေ့တွင် ဩဝါဒပေးရန်မသွားဘဲ အခြားရဟန်း တစ်ပါးကို မိမိအစားသွား၍ ဩဝါဒပေးရန် စေခိုင်းသည်။ ဘိက္ခုနီမတို့သည် အရှင်နန္ဒက၏ ဩဝါဒကိုသာ ခံယူ လိုကြသည်။ သို့အတွက် အရှင်နန္ဒကကိုယ်တော်တိုင် ကြွလာရေးကို စောင့်မျှော်ကြသည်။

အရှင်နန္ဒကသည် အဘယ့်ကြောင့် ဘိက္ခုနီမတို့ကျောင်းသွား၍ ဩဝါဒမပေးရသည်ဆိုသည်မှာ အကြောင်း ရှိသည်။ အရှင်မြတ်သည် အထက်တွင်ပြောခဲ့သည့်အတိုင်း ပုဗ္ဗေနိဝါသအဘိညာဉ်ကို ရထားသူ ရဟန်းတစ်ပါးဖြစ်သည့် အတွက် အတိတ်ဘ၀တို့ကို ပြန်လည်ဆင်ခြင်ကြည့်သော် ထိုငါးရာသော ဘိက္ခုနီမတို့သည် မိမိ၏အလုပ်အကျွေး မောင်းမများ မိဖုရားများ ဖြစ်ခဲ့သူများဖြစ်သည်ကို သိမြင်သည့်အတွက် အကယ်၍ ထိုနေရာသို့သွားခဲ့လျှင် အခြား ပုဗ္ဗေနိဝါသအဘိညာဉ်ရထားသည့် ရဟန်းတစ်ပါးပါးအနေဖြင့် ထိုအခြေအနေကို ကြည့်လျှင် မိမိတို့၏ ဘ၀ဟောင်းက အဖြစ်အပျက်တွေကို သိရှိပြီး အရှင်နန္ဒကသည် ယနေ့တိုင်ပင် မောင်းမမိဿံတို့ကို မစွန့်နိုင်သေး၊ ခြံရံလျက်တင့် တယ်နေဘိတကားဟု ကဲ့ရဲ့ရှုတ်ချစကားဆိုမည်ကို ကြံစည်မိပြီး ရှက်နိုးစိတ်ဖြစ်ကာ မသွားခြင်းဖြစ်သည်။ သို့အတွက် မိမိအလှည့်ကျသည့်အခါတိုင်း ရဟန်းတစ်ပါးပါးကို ကိုယ်စားသွားပြီး ဩဝါဒပေးစေခြင်းဖြစ်သည်။

ထိုကဲ့သို့ အလှည့်ကျ၍ ဩဝါဒမပေးခြင်းကို မြတ်ဗုဒ္ဓသိတော်မူသည့်အတွက် အရှင်နန္ဒကအား မိမိအလှည့် ကျသည့်အခါ မဖြစ်မနေ သွားရမည်ဟု မိန့်တော်မူသည်။ မြတ်ဗုဒ္ဓ၏ စကားတော်ကို မလွန်ဆန်နိုင်သည့် အရှင်မြတ် သည် မိမိအလှည့်ကျသည့်ရက်တွင် ကိုယ်တိုငြွ်ကလျက် ဆုံးမဩဝါဒပေး၍ တရားစကား ဟောပြောပေးသည်။ ထိုနေ့က စတုဒ္ဒသီ=လဆန်း(၁၄)ရက်နေ့ ဖြစ်သည်။ မထေရ်မြတ်သည် အာယတနခြောက်ပါးကို အခြေခံလျက် တရားဓမ္မများကို ဟောပြောပေးသည်။ တရားစကားဆုံးသည့်အခါ ဘိက္ခုနီမအားလုံး သောတာပတ္တိဖိုလ်၌ တည်စေကြ သည်။ အရိယာများ ဖြစ်သွားခဲ့ကြသည်။ နောက်နေ့တွင် မြတ်ဗုဒ္ဓသည် အရှင်နန္ဒကကိုပဲ ထိုနေရာသို့ကြွရောက်၍ တရားဟောတော်မူရန်, ဆုံးမဩဝါဒပေးရန် တိုက်တွန်းတော်မူပြန်သည်။ သို့အတွက် နောက်နေ့တွင်လည်း အရှင်နန္ဒက သည် ဘိက္ခုနီမကျောင်းသို့ ကြွရောက်ပြီး ဆုံးမဩဝါဒပေး တရားဟောကြားပေးတော်မူသည်။ တရားစကားအဆုံးတွင် ဘိက္ခုနီမငါးရာလုံး အရဟတ္တဖိုလ်သို့ရောက်ကာ ရဟန္တာမများ ဖြစ်သွားခဲ့ကြသည်။ ထိုအခြင်းအရာနှင့် ပတ်သက်၍ မြတ်ဗုဒ္ဓသည် အရှင်နန္ဒကကို ချီးကျူးစကားဆိုတော်မူသည်။

မနေ့က နန္ဒကရဟန်း၏ တရားဒေသနာသည် တဆယ့်လေးရက်နေ့၌ ပေါ်ထွက်လာသည့် လနှင့်တူပေ၏။ ယနေ့ နန္ဒကရဟန်း၏ တရားဒေသနာသည် လပြည့်နေ့၌ပေါ်ထွက်လာသည့် လပြည့်ဝန်းကြီးနှင့် တူပါပေ၏ဟု မိန့်တော်မူသည်။ ထို့ကြောင့်ပင် နောင်တစ်ချိန်၌ ဘိက္ခုနောဝါဒက=ဘိက္ခုနီတို့ကို ဆုံးမဩဝါဒပေးသည့် အရာ၌ အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး၌ ထားတော်မူခဲ့သည်။

တစ်ခါက သာဝတ္ထိပြည်သို့ ဆွမ်းခြွံကတော်မူစဉ် ရှေးလူဘ၀တုန်းက မယားဟောင်းဖြစ်ခဲ့ဖူးသည့် မိန်းမသည် ကိလေသာဖြင့် စူးစူးစိုက်စိုက်ကြည့်ပြီး ရယ်သည်။ ထိုအခြင်းအရာကို မြင်၍ စက်ဆုပ်ရွံ့ရှာဘွယ်မြင်သည်ကို အကြောင်း ပြု၍ ကိုးပေါက်သောအမာ၀တို့မှ ယိုစီးကျနေသည့် ခန္ဓာကိုယ်အတ္တသဘောကြီး၏ စက်ဆုပ်စရာအဖြစ်ကို ကွက်ကွက် ကွင်းကွင်းမြင်တော်မူအောင် ဟောတော်မူသည်။ ရဟန္တာများသည် ထိုကဲ့သို့စက်ဆုပ်စရာ အာရုံတို့၌ မတပ်မက်သည့် အကြောင်း၊ နတ်အဖြစ်သည် လူ့သား၏ခန္ဓာကိုယ် အတ္တသဘောထက်စာလျှင် ပိုမိုတင့်တယ်စရာ ရှိပေ၏။ ထိုနတ်ပြည်၌ သော်လည်း တပ်မက်ခြင်းမျိုး မရှိကြောင်း ဟောတော်မူပြီး ထွကြွ်ကတော်မူခဲ့သည်။

တစ်ခါက မြတ်ဗုဒ္ဓ ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အရှင်နန္ဒကသည် စည်းဝေးရာဇရပ်၌ ရဟန်း တော်များကို တရားဟောတော်မူနေသည်။ ထိုစဉ်မြတ်ဗုဒ္ဓသည် ထိုနေရာသို့ ရောက်ရှိသွားသည်။ မြတ်ဗုဒ္ဓသည် ဆိုင်းငံ့တော်မူလျက် တံခါးမုခ်အပြင်ဘက်၌ ရပ်၍နေလျက် တရားတော်ကို နာနေခဲ့သည်။ တရားပြီးဆုံးသည့်အခါမှသာ တံခါးကို ခေါက်တော်မူ၍ စည်းဝေးရာသို့ ဝင်ရောက်တော်မူသည်။ ထို့နောက် အရှင်နန္ဒကအား မိန့်တော်မူသည်။

နန္ဒက သင်တရားဟောတာကို ငါဘုရားရပ်စောင့်ရင်း နာနေခဲ့တာ၊ ကျောကုန်းတွေတောင် ညောင်းညာ လိုက်တာဟု တရားစကားရှည်တော်မူခြင်းကို မသိမသာ သာသာထိုးထိုးလေး မိန့်တော်မူသည်။ အရှင်နန္ဒကသည် မိမိ၏ တရားရှည်တော်မူခြင်းကို သိ၍ ရှက်နိုးစိတ်ဖြစ်သွားခဲ့သည်။ ထိုအခြင်းအရာကို သိတော်မူသော မြတ်ဗုဒ္ဓသည် အရှင်နန္ဒကအား သက်တောင့်သက်သာဖြစ်စေရန်အတွက် မိန့်တော်မူလိုက်ပြန်သည်။

နန္ဒက ကောင်းပေစွ၊ ကောင်းပေစွ၊ သဒ္ဓါတရားနဲ့ လူ့ဘောင်ကနေ ရဟန်းဘောင်ကို ဝင်ရောက်လာကြသည့် ရဟန်းတော်များသည် တရားနှင့်စပ်သော စကားဖြင့် အညီအညွတ် ထိုင်နေကြခြင်းဖြင့် သင့်လျော်ပေ၏။ နန္ဒက စုဝေးကြသူတို့သည် တရားနှင့်စပ်သော စကားကိုဖြစ်စေ၊ အပြစ်မရှိသော ဆိတ်ဆိတ်နေခြင်းမျိုးဖြစ်စေ ကိစ္စနှစ်ပါးကို ပြုရမည်ဟု မိန့်တော်မူသည်။

ဤနေရာ၌ အချက်နှစ်ချက်ကို အတုယူသင့်သည်။ လိုက်နာသင့်သည်။ ပထမတစ်ချက်က မြတ်ဗုဒ္ဓသည် သာသနာတော်မြတ်ကြီးကို မိမိကိုယ်တော်တိုင် တည်ထောင်ထားသည်။ မိမိသည်လည်း သာသနာတော်ကြီးအား ကောင်းစွာ ဆက်လက်တည့်တန့်နိုင်အောင် ဦးဆောင်လျက် တရားဓမ္မများကို ဟောကြားပြီး ခေါင်းဆောင်နေရာတွင် ရှိနေခဲ့သည်။ မြတ်ဗုဒ္ဓထက်ကြီးသည့်ပုဂ္ဂိုလ် သာသနာတော်တွင် မရှိ။ မိမိ၏သာသနာတော်တွင် မိမိ၏ အယူဝါဒများ ကို နှစ်သက်မြတ်နိုးသဖြင့် ဝင်ရောက်လာကြသည့် သံဃာအားလုံးသည် မြတ်ဗုဒ္ဓ၏တပည့်များသာ ဖြစ်သည်။ သို့အတွက် မည်သူကိုမျှ ဦးစားပေးနေစရာမလိုဟု ဆိုကားရသည်။ သို့သော်မြတ်ဗုဒ္ဓသည် ငါ့သာသနာ၊ ငါပိုင်သည်၊ ငါခေါင်းဆောင်ဆိုသည့် အတွေးကို မတွေး။ အလုပ်လုပ်နေသူများအား နှောက်ယှက်မှု မပေး။ ငါပိုင်သည်ဆိုပြီး မာန်တက်ကာ ရဟန်းတော်များ စည်းဝေးစုစည်း၍ တရားစကားပြောဆို ဆွေးနွေးရာသို့ ရပ်ဆိုင်းစေခြင်းမျိုး မလုပ်။ ကိုယ်ထင်ပြလျက် ရပ်နေခြင်းမျိုးလည်း မလုပ်။ အားလုံးပြီးအောင် စောင့်ဆိုင်းပြီးမှသာ ထိုနေရာသို့ တံခါးကိုခေါက်ကာ ဝင်သွားတော်မူခဲ့သည်။ ကိုယ်နှင့်မဆိုင်သည်ကို ဝင်ရောက်မရှုပ်ခြင်းဟုဆိုကား ရပေလိမ့်မည်။ များသောအားဖြင့် အဖွဲ့အစည်းတိုင်းလိုလိုတွင် ခေါင်းဆောင်များသည် ထိုကဲ့သို့သဘောထားခြင်းမျိုး မရှိ။ ငါပိုင်သည် ငါဆိုင်သည်၊ ငါလုပ်ပိုင်ခွင့်ရှိသည်။ ငါ့မှာအာဏာရှိသည့်ဆိုသည့် သဘောဖြင့် ငါတကော ကောချင်ကြသည့်ပုံစံမျိုးဖြင့် ချီတက်ကြ သည်။ ဤကား အတုယူစရာကောင်းသည့် လုပ်ရပ်ဖြစ်သည်။

နောက်တစ်ခုက အရှင်နန္ဒကသည် တရားဟောကောင်းသည့် ဓမ္မကထိကတစ်ပါး ဖြစ်သည်။ သို့အတွက် မိမိသိသည့်အချက်အလက်၊ အကြောင်းအရာများကို တန်ဆာဆင်လျက် အားရပါးရ တရားတော်ကို ဟောကြားတော်မူ ပေလိမ့်မည်။ မြတ်ဗုဒ္ဓသည် တရားရှည်သည်ကို ဒဲ့မပြောသော်လည်း မိမိရပ်စောင့်နေရသည်မှာ ညောင်းညာကြောင်း စကားလေးကို အရိပ်အမြွက်ဆိုစေပြီး သိစေသည်။ ထိုအခြေအနေကို သုံးသပ်ကြည့်လျှင် တရားဟောသည်ကို ရှည်လျားစွာ ဟောခြင်းမျိုးသည် တရားနာပရိသတ်အား ငြီးငွေ့စေနိုင်သည့်အတွက် လိုရင်းတိုရှင်းဖြင့် ထိထိမိမိပြော တတ်ဖို့ လိုအပ်ကြောင်းကိုလည်း နည်းယူရမည်။ ထို့နောက် မိမိ၏စကားကြောင့် အနေအထိုင် ခက်နေသည့်သူအား မိမိကိုယ်တိုင် မသိမသာ စကားဖြင့် ပြန်လည်ဖြေပေးလိုက်သည့်လုပ်ရပ်သည်လည်း ကြည်နူးစရာကောင်းသည့် လုပ်ရပ်ဖြစ်သည်။ ခေါင်းဆောင်ကောင်းပီသသည့် လုပ်ရပ်ဖြစ်သည်။ ထိုအချက်ကိုလည်း ခေါင်းဆောင်ဆိုသူများ အနေဖြင့် အတုယူသင့်ပေသည်။ ထို့နောက် မြတ်ဗုဒ္ဓသည် ရဟန်းတော်တို့အား ရဟန်းပြုခြင်း၏အင်္ဂါများနှင့် ပြည့်စုံရန် ဟောကြားတော်မူခဲ့သည်။

ရဟန်းတို့၊ သဒ္ဓါတရားနှင့်ပြည့်စုံအောင်၊ သီလ ရှိသူဖြစ်အောင်၊ စိတ်တည်ကြည်မှုဖြင့် နေနိုင်အောင်၊ သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ပွားများနေမှသာ ရဟန်းပြုခြင်း၏ အင်္ဂါနှင့်ပြည့်စုံကြောင်းတို့ကို ဟောတော်မူသည်။ ထိုအခြင်းအရာကို မြတ်ဗုဒ္ဓပြနြွ်ကတော်မူပြီးသည့်နောက် အရှင်နန္ဒကသည် အခြားသံဃာတော်များအား ပြန်လည်ဟော ကြားတော်မူပြီး၊ အခါအားလျော်စွာ တရားနာခြင်း၊ ဟောခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၏ အကျိုးတရားငါးမျိုးတို့ကို ဆက်လက်မိန့်တော်မူသည်။

အရှင်မြတ်၏လမ်းစဉ်သည် အတုယူအားကျစရာ ကောင်းပေသည်။ အပြစ်လုပ်ရမည်ကို ရှက်နိုးစိတ်နှင့်ပတ် သက်၍ သတိထားမိသည်။ ဘိက္ခုနီမတို့ကျောင်းမသွားရန်ကိစ္စနှင့် ယခုရဟန်းတော်များ တရားစကားရှည်လျားစွာ ဟောတော်မူသည်ကို ဘုရားရှင် သိတော်မူသည့်အတွက် ရှက်နိုးတော်မူခြင်းတို့ဖြစ်သည်။ အမှန်အားဖြင့်ဆိုရသော် ထိုအခြင်းအရာများသည် အပြစ်ဟု မဆိုသာပေ။ သို့သော် မထေရ်မြတ်သည် မိမိကြောင့်သူတစ်ပါးအား အနှောက် အယှက်ဖြစ်မည်ကို မလိုလား၊ ပြုလည်း မပြုလုပ်။ ပြုလုပ်မိလျှင်လည်း အားနာစိတ်ဖြင့် ရှက်နိုးစိတ်ဖြစ်နေခြင်းသည် အရှင်နန္ဒက၏ လေးစားအတုယူစရာကောင်းသည့် စိတ်ဓာတ်များဖြစ်ပါကြောင်းနှင့် အရှင်မြတ်အား ဦးညွတ်လိုက်ရသည်။

မောင်မင်းစိုး

မှီငြမ်း တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၂၀၁၁)။ မဟာဗုဒ္ဓဝင်(ဆဋ္ဌမတွဲ၊ ပထမပိုင်း) ၅၂၇-၅၃၁ ထေရဂါထာအဋ္ဌကထာ(ဒု)(၁၀) အင်္ဂုတ္တိုရ်ပါဠိတော်၊ သဗ္ဗောဓိဝဂ်၊ နန္ဒကသုတ်။ (အံ၊ ၃၊ ၁၆၉)