အရှုံးအမြတ်ရှင်းတမ်း (အင်္ဂလိပ်: Statement of Profit or Loss) (သို့မဟုတ်) အရှုံးအမြတ်နှင့်အခြားဝင်ငွေအားလုံးပါဝင်သောရှင်းတမ်း (အင်္ဂလိပ်: Statement of Profit or Loss and other Comprehensive Income) (သို့မဟုတ်) ဝင်ငွေရှင်းတမ်း (အင်္ဂလိပ်: Income Statement) ဆိုသည်မှာ လုပ်ငန်းတစ်ခု၏ စာရင်းကာလတစ်ခုအတွင်း ယင်းလုပ်ငန်း၏ ဝင်ငွေ၊ စရိတ်နှင့် အရှုံးအမြတ်တို့ကိုဖော်ပြသော ဘဏ္ဍာရေးရှင်းတမ်းဖြစ်သည်။ အရှုံးအမြတ်ရှင်းတမ်းကို နိုင်ငံတကာစာရင်းစံနှုန်းများအပိုဒ်-၁ (IAS-1) အရ အောက်ပါအတိုင်းရေးဆွဲရသည်။

အရှုံးအမြတ်ရှင်းတမ်း
ပင်မဝင်ငွေ xx
ပင်မဝင်ငွေအတွက်ကုန်ကျသည့်စရိတ် (xx)
အကြမ်းအမြတ်/(အရှုံး) xxx/(xxx)
အခြားဝင်ငွေများ xx
စီမံခန့်ခွဲရေးနှင့်ဆိုင်သောစရိတ်များ (xx)
ဖြန့်ချိရေးနှင့်ဆိုင်သောစရိတ်များ (xx)
လုပ်ငန်းမှရရှိသောအမြတ်/(အရှုံး) xxx/(xxx)
ချေးငွေကြောင့်ကုန်သည့်စရိတ် (xx)
အခွန်မပါဝင်သည့်အမြတ်/(အရှုံး) xxx/(xxx)
အခွန် (xx)
အသားတင်အမြတ်/(အရှုံး) xxx/(xxx)

ပင်မဝင်ငွေ (အင်္ဂလိပ်: Main Income) ဆိုသည်မှာ လုပ်ငန်းတစ်ခုတွင် ယင်းလုပ်ငန်း၏ အဓိကရည်မှန်းချက်ဖြင့်ဆောင်ရွက်သော လုပ်ငန်းဆောင်တာများမှ ရရှိသည့်ဝင်ငွေဖြစ်သည်။ အရောင်းဝင်ငွေသည် အရောင်းလုပ်ငန်းများ၏ ပင်မဝင်ငွေဖြစ်သကဲ့သို့ ဝန်ဆောင်ခသည် ဝန်ဆောင်မှုလုပ်ငန်းများ၏ ပင်မဝင်ငွေပင်ဖြစ်သည်။

ပင်မဝင်ငွေအတွက်ကုန်ကျသည့်စရိတ် (အင်္ဂလိပ်: Cost of Revenue) ဆိုသည်မှာ ပင်မဝင်ငွေရရှိစေရန် တိုက်ရိုက်ကုန်ကျသည့်စရိတ်ဖြစ်သည်။ ၎င်းကို အရောင်းလုပ်ငန်းများတွင် ကုန်စည်ရောင်းချရန်ကုန်ကျသည့်စရိတ် (အင်္ဂလိပ်: Cost of Goods Sold) ဟုဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အရောင်းအတွက်ကုန်ကျသည့်စရိတ် (အင်္ဂလိပ်: Cost of Sales) ဟုဖြစ်စေ သုံးလေ့ရှိသည်။ ပင်မဝင်ငွေအတွက်ကုန်ကျသည့်စရိတ်ကို ဥပမာပေးရလျှင် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းတစ်ခုတွင် ကုန်ပစ္စည်းထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအတွက်ကုန်ကျစရိတ်၊ ယင်းကုန်ကြမ်းပစ္စည်းများကို ထုတ်ကုန်အချောမဖြစ်မီ သယ်ဆောင်ရသောစရိတ်၊ ကုန်ပစ္စည်းများထုတ်လုပ်ရတွင် လိုအပ်သော အလုပ်သမားများအတွက်ကုန်ကျစရိတ် အစရှိသည်တို့သည် ပင်မဝင်ငွေရရှိစေရန် တိုက်ရိုက်ကုန်ကျသောစရိတ်များဖြစ်သည်။

အကြမ်းအမြတ်/အရှုံး (အင်္ဂလိပ်: Gross Profit / Loss) ဆိုသည်မှာ ပင်မဝင်ငွေထဲမှ ယင်းပင်မဝင်ငွေရရှိစေရန်တိုက်ရိုက်ကုန်သည့်စရိတ်ကို နှုတ်ထားသည့် လက်ကျန်အမြတ် (သို့မဟုတ်) အရှုံးဖြစ်သည်။

အခြားဝင်ငွေများ (အင်္ဂလိပ်: Other Income) ဆိုသည်မှာ လုပ်ငန်းတစ်ခုတွင် ယင်းလုပ်ငန်၏ အဓိကရည်မှန်းချက်ဖြင့်ဆောင်ရွက်သော လုပ်ငန်းဆောင်တာများမှ ရရှိခြင်းမဟုတ်သည့် ဝင်ငွေများဖြစ်သည်။ ဥပမာ - ဆုံးရှုံးသွားသောအကြွေးများပြန်လည်ရရှိခြင်း၊ စီးပွားရေးအကျိုးအမြတ်များရရှိခြင်း။

စီမံခန့်ခွဲရေးနှင့်ဆိုင်သောစရိတ်များ (အင်္ဂလိပ်: Administrative Expenses) ဆိုသည်မှာ လုပ်ငန်းတစ်ခုတွင် ပင်မဝင်ငွေရရှိစေရန် တိုက်ရိုက်မကုန်ကျသော်လည်း ယင်းသို့ ပင်မဝင်ငွေရရှိစေရန် အထောက်အပံ့ပေးသော လုပ်ငန်းဆောင်တာများအတွက် ကုန်ကျသည့်စရိတ်ဖြစ်သည်။ ၎င်းတွင် ရုံးပိုင်းဆိုင်ရာကုန်ကျစရိတ်များ၊ အခြားဌာနဆိုင်ရာကုန်ကျစရိတ်များ အစရှိသည်တို့ပါဝင်သည်။

ဖြန့်ချိရေးနှင့်ဆိုင်သောစရိတ်များ (အင်္ဂလိပ်: Distribution Costs) ဆိုသည်မှာ ပင်မဝင်ငွေရရှိစေသည့် ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုတို့ကို ရောင်းချခြင်းအတွက် ကုန်ကျသည့်စရိတ်များဖြစ်သည်။ ဥပမာ - ဈေးကွက်ချဲ့ထွင်ခြင်းအတွက်စရိတ်၊ ကြော်ငြာခြင်းအတွက်စရိတ်၊ စားသုံးသူထံပို့ဆောင်ရာတွင်ကုန်ကျသည့်စရိတ်။

လုပ်ငန်းမှရရှိသောအမြတ်/အရှုံး (အင်္ဂလိပ်: Profit / Loss from Operations) ဆိုသည်မှာ လုပ်ငန်းတစ်ခုတွင် ဝင်ငွေများမှ ၎င်းဝင်ငွေများရရှိစေရန် ဆက်နွှယ်ပတ်သက်နေသည့်လုပ်ငန်းအားလုံးအတွက် ကုန်ကျသောစရိတ်ကို နှုတ်ထားသည့် လက်ကျန်အမြတ် (သို့မဟုတ်) အရှုံးဖြစ်သည်။

ချေးငွေကြောင့်ကုန်သည့်စရိတ် (အင်္ဂလိပ်: Finance Costs) ဆိုသည်မှာ လုပ်ငန်းမှ အခြားအဖွဲ့အစည်းတစ်ခုခုမှ ရယူထားသော ချေးငွေကြောင့်ကုန်ကျသောစရိတ်၊ တစ်နည်းအားဖြင့် အတိုး (အင်္ဂလိပ်: Interest) ကဲ့သို့ စရိတ်မျိုးဖြစ်သည်။

အခွန်မပါဝင်သည့်အမြတ်/အရှုံး (အင်္ဂလိပ်: Profit / Loss before Tax) သည် လုပ်ငန်းတစ်ခု၏ အခွန်မစည်းကြပ်ရသေးသော အမြတ် (သို့မဟုတ်) အရှုံးဖြစ်သည်။

အခွန် (အင်္ဂလိပ်: Tax) သည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေအရ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းတစ်ခုခုအနေဖြင့် ၎င်း၏ ဝင်ငွေအပေါ်ဖြစ်စေ၊ အမြတ်အပေါ်ဖြစ်စေ ယင်းနိုင်ငံအစိုးရသို့ ပေးဆောင်ရန်တာဝန်ရှိသော ပမာဏဖြစ်သည်။

အသားတင်အမြတ်/အရှုံး (အင်္ဂလိပ်: Net Profit / Loss) သည် လုပ်ငန်းတစ်ခု၏ ရရှိသောဝင်ငွေအားလုံးမှ လုပ်ငန်းကကုန်ကျသောစရိတ်အားလုံး နှုတ်ထားသည့် အမြတ် (သို့မဟုတ်) အရှုံးဖြစ်သည်။