လူ၏ခန္ဓာကိုယ်ထဲ၌ အမည်းရောင်ခြယ် ပစ္စည်း (Melanin) သည် အရေပြားနှင့် မျက်လုံးတို့တွင်ရှိရာ ဤရောင်ခြည် ပစ္စည်းများက အသားမည်း၊ မျက်လုံးနက်သည်၊ ဥပမာ-နီဂရိုးနှင့် အိန္ဒိယလူမျိုးများ။ ဤရောင်ခြည်ပစ္စည်း နည်းပါးလွန်းက အသားဖြူ၍ မျက်လုံးပြာသည်။ သို့မဟုတ်-မျက်လုံးစိမ်းသည်။ ဥပမာ-ဥရောပတိုက်သားများ။ ဤရောင်ခြယ်ပစ္စည်း အတန်အသင့်ရှိက အသားညိုသောသူများ ဖြစ်လာသည်။ ဥပမာ-မြန်မာနှင့် မလေးရှား လူမျိုးများ။ ဤရောင်ခြယ်ပစ္စည်း အနည်းငယ် လျော့က တရုတ်နှင့် ဂျပန်ကဲ့သို့ အသားဝါ-ဟုခေါ်သည့် အာရှတိုက်သားများ ဖြစ်လာသည်။

အသားဝါခြင်း

သွေးထဲတွင်ရှိသော ဟီမိုဂလိုဗင်(Haemoglobin) ဓာတ်သည် အောက်စီဂျင်နှင့် ပေါင်း၍ အနီရောင်ဖြစ်စေသည်။ ကျန်းမာသူများ၏ နှုတ်ခမ်းနှင့် မျက်ခွံအတွင်းသားများ နီနေခြင်းမှာ နီနေရခြင်းမှာမူ ဤဓာတ်ကြောင့်အပြင် အီလီဒင် (Eleidin) ကြောင့် ဖြစ်သည်။

သို့ဖြစ်၍ လူတယောက်၏ မျက်ခွံအတွင်းသားနှင့် မျက်လုံးများ ဝါနေလျှင် ပုံမှန်မဟုတ်တော့ဟု ပြောနိုင်သည်။ အပြင်က ကိုယ်တွင်းသို့ဝင်လာသော ဓာတ်များကြောင့် ဖြစ်နိုင်သလို ကိုယ်တွင်းရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။ ဥပမာ-အနီရောင်၊ အဝါရောင်၊ အသီးများကို စားဖန်များလျှင် အသားများဝါ၍ အရေပြားတွင် အသားဝါဖုများ ဖြစ်နိုင်သည်။ ကရိုတင်းဓာတ် လွန်ကဲမှု (Hyper Carotenemia) ဟုခေါ်သည်။ ထို့အတူ အဝါရောင်ပစ္စည်းများနှင့် ဆေးများကို စားလျှင် လူမှာ အသားဝါတော့သည်။ ဥပမာ-မက်ပါကရင်း (Mepacrine) ဆေးကို စားခြင်းကြောင့် အသားဝါခြင်းမျိုး ဖြစ်သည်။

ကိုယ်တွင်းတွင် ဓာတ်ပြောင်းလဲမှု၊ သို့မဟုတ်-ရောဂါတခုခုကြောင့် မျက်လုံးဝါခြင်းကိုမူ အသားဝါလက္ခဏာ (Jaundice) ရသည်ဟု ခေါ်သည်။ သွေးနီဥများ လျင်မြန်စွာပျက်စီးသဖြင့် ဖြစ်နိုင်သည်။ ဥပမာ-ငှက်ဖျားရောဂါ၊ သို့မဟုတ်-အသည်းရောဂါနှင့် သည်းခြေပြွန် ပိတ်သောကြောင့် မျက်လုံးဝါခြင်းလည်း ဖြစ်နိုင်သည်။

သို့ဖြစ်၍ မျက်လုံးဝါ အသားဝါလျှင် လှသည်ဟုထင်ပြီး ကျေနပ်မနေဖို့ လိုအပ်သည်။ မိမိမှာ ဘာရောဂါရှိပြီလဲ ဆိုသည်ကို သိရန် ဆရာဝန်နှင့် တိုင်ပင်အပ်သည်။ များသောအားဖြင့် အသားဝါလက္ခဏာသည် အသည်းကြီးခြင်းနှင့် ဆက်စပ်၍ ဖြစ်တတ်ကာ မြန်မာနိုင်ငံ၌ အသည်းကြီးနိုင်သော ရောဂါများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဗိုင်းရပ်စ် အသည်းရောင် ရောဂါ
  2. အမီဘာ အသည်းရောင် ရောဂါ
  3. ကြွက်မှရသော လက်ပတိုစပိုင်ရိုးဆစ် ရောဂါ
  4. သွေးအဆိပ်တက် ရောဂါ
  5. အဆိပ်မိ ရောဂါ
  6. အရက်ကြောင့်ဖြစ်သော အသည်းရောဂါများ
  7. အသည်းကင်ဆာ အမျိုးမျိုး

သည်းခြေပြွန် ပိတ်စေသော အကြောင်းများမှာ သည်းခြေပြွန်ထဲသို့ သန်ကောင်ဝင်သည်မှစ၍ သည်းခြေပြွန် အဆုံးတွင်ရှိသော ပန်ကရိယ အကျိတ်ခေါင်းကင်ဆာ ဖြစ်ခြင်းနှင့် လက်ဆယ့်နှစ်သစ်အူခေါ် အူသိမ်ပထမပိုင်း (Duodenum) ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။ သို့ဖြစ်၍ ကလေးများတွင် အကြောင်းမရှိဘဲ ရုတ်တရက် ဗိုက်နာခြင်း၊ အသားဝါခြင်းတို့ ဖြစ်ပါက အကြီးအကျယ် ကြောက်စရာရောဂါများချည်းကို စဉ်းစား၍ တွေးပူနေခြင်းထက် သန်ကောင်ကြောင့် ဖြစ်နိုင်သည်ကိုလည်း စဉ်းစားသင့်သည်။ ထို့အပြင် ဤသို့ သည်းခြေပြွန်ပိတ်၍ အသားဝါပါက တကိုယ်လုံးသို့ သည်းခြေဓာတ်ဆား (Bile Salts) များရောက်သဖြင့် ယားယံတတ်သည်။

လူကြီးများတွင်မူ သည်းခြေအိတ် (Gall Bladder) ထဲတွင် သည်းခြေကျောက်များ (Gall Stones) တည်တတ်ရာ ထိုကျောက်များသည် သည်းခြေပြွန်တလျှောက် ဆင်းသွားပြီး သည်းခြေပြွန်ကို ပိတ်စေတတ်၏။ ထိုအခါမျိုး၌လည်း သည်းခြေပြွန်ပိတ်၍ အသားဝါခြင်း (Obstructive Jaundice) ဖြစ်စေနိုင်သည်။ ထိုသို့ သည်းခြေကျောက်တည်သူများမှာ များသေားအားဖြင့် အသက် ၄၀-ကျော် ဝသော၊ စားကောင်းသောက်ဖွယ်များ အမြဲစားနေသည့် သူများ၊ အထူးသဖြင့် မိန်းမကြီးများတွင် ဖြစ်တတ်လေသည်။ သည်းခြေပြွန်ပိတ်လျှင် ဗိုက်လည်းနာတတ်၏။ အော့အန်ခြင်း၊ လေပွခြင်းလည်း ဖြစ်နိုင်သည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. Dr.နန်းဥမ္မာ