အသိလက္ခဏဇာတ်
ဧကကနိပါတ် - ၁၃။ ကုသနာဠိဝဂ် -၁၂၆ - အသိလက္ခဏဇာတ်။ ။ လာဘ်စားကာ သန်လျက်လက္ခဏာဖတ်သဖြင့် နှာခေါင်းပြတ်သော သန်လျက် လက္ခဏာဖတ်ပုဏ္ဏား အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်သန်လျက်နန်းလတ် လက္ခဏာဖတ်
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးထံမှာ သန်လျက်လက္ခဏာဖတ်တတ်သော ပုဏ္ဏားတစ်ယောက် ရှိလေ၏။ ထိုပုဏ္ဏားသည် သန်လျက်ကိုနမ်း၍ လက္ခဏာကို ဖတ်လေ့ရှိ၏။
ပန်းပဲတို့သည် မင်းကြီးအား သန်လျက်ဆက်သသောအခါ လာဘ်မရသော ပန်းပဲ၏ သန်လျက်ကို လက္ခဏာနှင့် မပြည့်စုံ မင်္ဂလာမရှိဟု ဖတ်လေ့ရှိ၏။
ပုဏ္ဏားချေဆတ် နှာခေါင်းပြတ်
ပြင်ဆင်ရန်ထိုအခါ ပန်းပဲတစ်ယောက်သည် သန်လျက်အိမ်တွင် အလွန်နူးညံ့သော ငရုတ်သီးမှုန့်ထည့်၍ သန်လျက်ကိုသွင်းကာ မင်းကြီးထံ ဆက်သလေ၏။ မင်းကြီးလည်း ပုဏ္ဏားကို ခေါ်စေ၍ “ပုဏ္ဏားကြီး ... သည်သန်လျက်ကို စုံစမ်းလော” ပုဏ္ဏားလည်း သန်လျက်ကို အိမ်မှ ချွတ်နမ်းလတ်သော် ငရုတ်သီးမှုန့် နှာခေါင်းထဲဝင်၍ ချေဆက်ရာ အသွားနှင့်ခတ်မိသဖြင့် နှာခေါင်းပြတ်လေ၏။ ထိုအကြောင်းသည် သံဃာ့ဘောင်တိုင်အောင် ပျံ့နှံ့လေ၏။
ရဟန်းတို့သည် တရားဘဘင်ဝယ် စကားစပ်မိ၍ ထိုပုဏ္ဏားအကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤပုဏ္ဏားသည် ယခုအခါ၌သာ သန်လျက်ကိုနမ်း၍ နှာခေါင်းပြတ်သည် မဟုတ်၊ ရှေးအခါ၌လည်း ပြတ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်နှာခေါင်းပြတ် အတုတတ်
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗြဟ္မဒတ်မင်း၏အထံမှာ သန်လျက် လက္ခဏာကို ဖတ်တတ်သော် ပုဏ္ဏားတစ်ယောက် ရှိလေ၏။ [ပစ္စုပ္ပန်ဝတ္ထုနှင့်တူ၏။]
ထိုပုဏ္ဏားသည် သန်လျက်ကိုနမ်း၍ လက္ခဏာဖတ်လတ်သော် ငရုတ်သီးမှုန့် နှာခေါင်းထဲဝင်၍ ချေဆက်ရာ သန်လျက်သွားနှင့် ခတ်မိသဖြင့် နှာခေါင်းပြတ်လေ၏။ မင်းကြီးလည်း ပုဏ္ဏားကို အနာပျောက်ကင်းအောင် ဆေးကုပေးပြီးလျှင် ချိပ်ဖြင့် နှာခေါင်းတုကိုပြု၍ တပ်စေလျက် ခစားမြဲ ခစားစေ၏။
သမီးနှင့်တူတွက် စီမံချက်
ပြင်ဆင်ရန်ထိုမင်းကြီးဝယ် သားမရှိ၊ သမီးတစ်ယောက်နှင့် တူတစ်ယောက် ရှိလေ၏။ ထိုသမီးနှင့် တူတို့သည် မင်းကြီးထံ၌သာ အတူတကွ ကြီးပြင်းကာ အရွယ်သို့ ရောက်လာကြ၍ တစ်ဦးနှင့်တစ်ဦး တပ်စွန်းသောစိတ် ရှိကြကုန်၏။
တစ်နေ့သ၌ မင်းကြီးသည် အမတ်တို့ကိုခေါ်၍ “အို အမတ်တို့ ... သမီးနှင့် တူတို့မှာ ထီးမွေနန်းမွေ ခံမည့်သူများ ဖြစ်ကြသည်၊ ၎င်းတို့နှစ်ဦးကို လက်ထပ်လိုက်လျှင် ဆွေမျိုး နည်းပါးမည်၊ သမီးကို တခြားတိုင်းပြည်က မင်းသားတစ်ပါးနှင့်၊ တူကိုလည်း တခြားတိုင်းပြည်က မင်းသမီးတစ်ပါးနှင့် လက်ထပ်လျှင် နှစ်ပြည်ထောင်ဖြစ်၍ ဆွေမျိုးများမည်” ဟု တိုင်ပင်လေ၏။ အမတ်တို့လည်း တခြားစီ လက်ထပ်ရန် သဘောတူညီကြသဖြင့် သမီးနှင့် တူကို အတူတကွ မနေစေဘဲ တစ်အိမ်စီ ခွဲထားကြကုန်၏။
မင်းသမီးဆောင်ရန် ပရိယာယ်ဉာဏ်
ပြင်ဆင်ရန်ထိုအခါ မင်းကြီးတူ မင်းသားသည် ဦးရီးသမီးကို နန်းတွင်းမှထုတ်ရန် ဥပါယ်တစ်ခု ရှိသည်ဟု ကြံစည်ကာ နတ်ဝင်မကို ခေါ်စေ၍ ငွေတစ်ထောင် ပေးလေ၏။ နတ်ဝင်မက “အရှင်မင်းသား ... အကျွန်ုပ် အဘယ်အမှုကို ပြုရမည်နည်း” ဟု မေးလျှောက်သော် “ငါ့ဦးရီးသမီးကို နန်းတွင်းမှ ထုတ်လိုသည်” ဟု မိန့်ဆိုလေလျှင် “အရှင် ... ကောင်းပြီ အကျွန်ုပ် မင်းကြီးထံသွား၍ ‘အရှင်မင်းကြီး ... မင်းကြီး၏ သမီးတော်မှာ ပယောဂအစွဲရှိသည်၊ ဘယ်သူမျှ ဂရုမစိုက်ကြ၊ လက်နက်ကိုင် အစောင့်များစွာခေါ်၍ သမီးတော်ကို ရထားဖြင့် တင်ယူကာ သုသာန်သို့သွား၍ အင်းပျဉ်ဝန်းပေါ်၌ သေသူကိုတင်၍ ၎င်းအပေါ်၌ ညောင်စောင်းကိုတင်ပြီးလျှင် ညောင်စောင်းပေါ်တွင် သမီးတော်ကိုတင်ကာ နံ့သာရေအိုး တစ်ရာ့ရှစ်လုံးဖြင့် ရေချိုးစေလျက် ချွတ်လွှဲရမည်’ ဟု လျှောက်ထားပြီး သမီးတော်ကို ခေါ်ယူခဲ့မည်၊ အရှင် မင်းသားက ငရုတ်သီးမှုန့်ကိုယူ၍ ရှေးဦးစွာ သွားနှင့်ပြီး အင်းပျဉ်ပေါ်တွင် မှောက်လျက်အိပ်ကာ သူသေယောင်ဆောင် နေရမည်။ အရှင့်အပေါ်တွင် ညောင်စောင်းကို တင်ပြီးလျှင် ၎င်းအပေါ်တွင် သမီးတော်ကို တင်ထားသောအခါ ငရုတ်သီးမှုန့်ကိုရှု၍ နှစ်ကြိမ် သုံးကြိမ် ချေဆတ်ရမည်။ ထိုအခါ အကျွန်ုပ်တို့ ထွက်ပြေးကြမည်။ ထိုအခါ သမီးတော်ကို ယူ၍ နှစ်ဦးလုံး ခေါင်းလျှော်ပြီး သွားကြပါ” ဟု အစီရင် အလုံးစုံကို လျှောက်ထားလေ၏။ မင်းသားလည်း ဤဥပါယ်ကား ကောင်းသည်ဟု နှစ်သက်လေ၏။
နတ်ဝင်မလည်း မင်းသားနှင့် အသေအချာ တိုင်ပင်ပြီးလျှင် မင်းကြီးထံသွား၍ ထိုအကြောင်း အလုံးစုံကို လျှောက်ထားလေ၏။ မင်းကြီးလည်း နှစ်သက်တော်မူသဖြင့် ကောင်းပြီဟု ဝန်ခံခွင့်ပြုလေ၏။ သမီးတော်ထံ ထိုအကြောင်း လျှောက်ထားပြန်၏။ သမီးတော်လည်း နှစ်သက်တော်မူသဖြင့် ကောင်းပြီဟု ဝန်ခံခွင့်ပြုပြန်၏။
ကြောက်လန့်ပြေးငြား ခေါ်ဆောင်သွား
ပြင်ဆင်ရန်ထို့နောက် နတ်ဝင်မသည် မင်းကြီးထံမှခွင့်ရ၍ အလုံးစုံစီမံပြီးလျှင် လက်နက်ကိုင် အစောင့်အရှောက် လူများစွာနှင့် သုသာန်သို့ ထွက်သောနေ့ဝယ် မင်းသားထံ အကြောင်း ကြားလိုက်၏။ မင်းသားလည်း သုသာန်သို့သွားကာ အသင့်နေနှင့်၏။ နတ်ဝင်သည်မလည်း လက်နက်ကိုင်တို့ကို “အမောင်တို့ ... သမီးတော်ကို ညောင်စောင်းပေါ် တင်ထားသော အခါ လူသေကောင်က ချေဆတ်လိမ့်မည်၊ နောက် ညောင်စောင်းအောက်မှထွက်၍ ရှေးဦးစွာ မြင်သူကို အရဖမ်းလိမ့်မည်၊ သတိနှင့်နေကြကုန်” ဟု ကြောက်လောက်အောင် ခြိမ်းခြောက်ထားနှင့်၏။
သုသာန်သို့ရောက်လျှင် အင်းပျဉ်ဝန်းပေါ်၌ အသင့်မှောက်အိပ်ကာ သူသေယောင်ဆောင်နေသော မင်းသားအပေါ်သို့ ညောင်စောင်းတင်ပြီးလျှင် ၎င်းအပေါ်တွင် အသာချီမကာ မင်းသမီးကို တင်ပြန်၍ အစီအမံအတိုင်း ပြုလုပ်လေ၏။ ထိုခဏ၌ မင်းသားသည် ငရုတ်သီးမှုန့်ကို ရှူကာ မွှန်သဖြင့် ချေဆတ်လေ၏။ ထိုအခါ နတ်ဝင်မသည် ကျယ်စွာသောအသံဖြင့် ကြောက်လန့်တကြား အော်ဟစ်လျက် ရှေးဦးစွာ ပြေးလေ၏။ နတ်ဝင်မ ပြေးသောအခါ အစောင့်အရှောက်တို့လည်း ဘယ်သူမျှ မနေဝံ့တော့ဘဲ ကိုက်မြဲတိုင်း လက်နက်တို့ကို စွန့်ပစ်ကာ အတင်းပြေးကြကုန်၏။ မင်းသားလည်း သမီးတော်ကိုယူကာ အိမ်သို့ပြန်လေ၏။ နတ်ဝင်မလည်း မင်းကြီးထံသွား၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။
သမီး၊ တူ လက်ထပ် ထီးနန်းအပ်
ပြင်ဆင်ရန်မင်းကြီးလည်း “အလျင်ကပင် သမီးတော်ကို ငါ့တူနှင့် လက်ထက်ရန် မွေးကျွေးခဲ့သည်” ဟူ ပြောဆိုကာ ကျေနပ်လေ၏။ နောက်အခါ တူတော်မင်းသားအား မင်းအဖြစ်ကို ပေး၍ သမီးတော်ကို မိဖုရားကြီးအဖြစ်ကို ပေးလေ၏။
ထိုအခါ တူတော်မင်းကြီးလည်း သမီးတော် မိဖုရားကြီးနှင့် ညီညွတ်ကာ တရားသဖြင့် မင်းပြုတော်မူ၏။ သန်လျက် လက္ခဏာကို ဖတ်တတ်သော ပုဏ္ဏားလည်း ထိုမင်းထံမှာပင် ဆက်လက်၍ ခစားပြန်၏။
တစ်နေ့သ၌ ပုဏ္ဏားသည် မင်းကြီးထံ ခစားရာ နေဘက်သို့လှည့်၍ ခစားမိသည့်အတွက် ချိပ်အရည်ပျော်လျက် နှာခေါင်းတုသည် မြေသို့ကျလေ၏။ ထိုအခါ ပုဏ္ဏားသည် ရှက်၍ အောက်သို့မျက်နှာပြုလျက်နေ၏။ မင်းကြီးလည်း ပုဏ္ဏားကို ပြက်ရယ်ပြုလိုသဖြင့် -
“ဆရာ ... ချေဆက်ခြင်းမှာ တချို့သူအား ကောင်း၏၊ တချို့သူအား မကောင်း။ ဆရာ့မှာ ချေဆက်သဖြင့် နှာခေါင်းအပြတ်ခံရ၏။ ငါ့မှာကား ချေဆက်သဖြင့် ဦးရီးသမီးတော်နှင့် မင်းအဖြစ်ကို ရပေ၏။ သို့အတွက် ချေဆက်ခြင်း ဟူသမျှကို အကောင်းချည်းလည်း မဆိုသာ၊ အဆိုးချည်းလည်း မဆိုသာ -”
ဟု အကြောင်းပြကာ ပြောဆိုဆုံးမလေ၏။
ဘုရားဖြစ်တော်မူသော အခါ၌လည်း ဤဂါထာဖြင့်ပင် လူအများ သမုတ်အပ်သော ကောင်းခြင်း၊ မကောင်းမှာ ဧကန်စင်စစ် မဟုတ်သည့်အဖြစ်ကို ဟောကြေားတော်မူ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ သန်လျက်လက္ခဏာဖတ် ပုဏ္ဏားသည် - ယခုအခါ သန်လျက်လက္ခဏာဖတ် ပုဏ္ဏား။
တူဖြစ်သောမင်းသားသည် - ငါဘုရားဖြစ်လာပြီ -
ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) ကောင်းမကောင်းဖြစ်၊ သမုတ်လစ်၊ စစ်စစ်မဟုတ်ရာ။
(၂) ချေဆက်ခြင်းတူ၊ မင်းတစ်မူ၊ တစ်မူနှာပြတ်ပါ။
(၃) တံစိုးစားလတ်၊ သန်လျက်ဖတ်၊ နှာပြတ်ပုဏ္ဏားညာ။
အသိလက္ခဏာဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။