အင်းရဲကျွန်း အင်းရဲကျွန်းကျေးရွာအုပ်စု၊အင်းရဲကျွန်းကျေးရွာတွင် လွန်ခဲ့သော နှစ်ပေါင်း (၁၅၀)ခန့်က ဖူကျော်လှ၊ ဖီသဲမှုံ မိသားစုသည် ကညင်ဆိုင်ကျေးရွာမှ အင်းရဲကျွန်းသို့ စတင်ပြောင်းရွှေ့အခြေချ နေထိုင်ကြပါသည်။ ကျွန်းသည် မြစ်ကျိုးအင်းဖြစ်ပြီး သားငါးများ ပေါများသဖြင့် လူဦးရေ အနည်းငယ်သာ ရှိပါသည်။ ထိုစဉ်က ကျွန်းပေါ်တွင် ဖျံများ၊ တော၀က်များ နေထိုင်သည်ဟု ကျွန်းပေါ်တွင်ရှိသော သက်ကြီးစကား သက်ငယ်ကြား မှတ်သားခဲ့ရပါသည်။ အင်းရဲကျွန်းသည် မြန်မာပြည်တွင် နောက်ဆုံးကျန်ရှိသော တစ်ခုတည်းသော မြစ်ကျိုးအင်း ဖြစ်ပါသည်။ ရှေးယခင်က ရေကြည်လင်မှုမှာ ရေအောက်ရှိ ငါးများကို ကောင်းမွန်စွာမြင်တွေ့ရသည်ဟု ကြားသိခဲ့ရပါသည်။ ငါး၊ ပုစွန်များ ပေါများပြီး မြန်မာနိုင်ငံတွင် ထင်ရှားသော အင်းတစ်အင်းဖြစ်ပါသည်။ ပုစွန်၊ အင်းရဲမျှင်၊ ငါးကြင်း၊ ငါးသိုင်းတို့မှာ အဓိက ရေထွက်ကုန် ဖြစ်ပါသည်။ အင်းရဲကြီးအင်းသည် အင်းရဲကျွန်းရွာ၏ ထင်ရှားသော အမှတ်အသားအဖြစ် မြန်မာပြည်လွှား နာမည်ကြီးပြီး အင်းလုပ်ငန်းဖြင့် နိုင်ငံတော်ဘဏ္ဍာရယူပေးလျက် ရှိပါသည်။ အင်းရဲမျှင်သည် မြန်မာပြည်တလွှား ကျော်ကြားလျက် ရှိပါသည်။ အင်းရဲကျွန်းကျေးရွာအုပ်စုသည် ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း တည်ရှိပြီး ကျုံပျော်မြို့၏ တောင်ဘက် (၃)မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ကျွန်းအတွင်းပိုင်း ပတ်လည်သည် (၇)မိုင်ခန့်ရှိပြီး အပြင်ဘက်ကမ်းမှဆိုလျှင် (၉)မိုင်ပတ်လည်ရှိပါသည်။ တစ်ကျွန်းလုံး ဧရိယာမှာ (၁၂၅၁.၀၀)ဧက ကျယ်၀န်းပါသည်။ ကျွန်းပေါ်တွင် နေထိုင်သူများသည် လယ်၊ ဥယျာဉ်ခြံလုပ်ငန်း၊ အင်းလုပ်သားများအဖြစ် လုပ်ကိုင်စားသောက်ကြပါသည်။ ကလော၊ ငှက်ပျော၊ အုန်း၊ ကျွဲကော စသည့် စားသုံးသီးပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ အင်းရဲကျွန်းအုပ်စု၏ အုပ်ချုပ်ရေးတွင် ဖူသာလင်းသည် အထူးသူကြီးအဖြစ် အုပ်ချုပ်ခဲ့သည်။ ကရင်သူကြီးများ ရှိခဲ့သလို ဗမာသူကြီးများလည်း ကျေးရွာကို အုပ်ချုပ်ခဲ့သည်။ ကရင်အမျိုးသား အများစုနေထိုင်ပြီး ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြပါသည်။ ဗမာအမျိုးသား ဗုဒ္ဒဘာသာကိုးကွယ်သူများနှင့်လည်း အေးအတူ ပူအမျှ နေထိုင်ကြပါသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်းကောင်း အင်းရဲကျွန်းကျေးရွာသားများ တပ်မတော်တွင် အများအပြား အမှုထမ်းခဲ့ပါသည်။ လွတ်လပ်ရေး ရပြီးချိန် နိုင်ငံတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ်သည် အင်းရဲကျွန်းကျေးရွာမှ ဗိုလ်ချုပ် စမစ်ဒွန်း ဖြစ်ပါသည်။ ပညာရေးအနေဖြင့် ခေတ်အဆက်ဆက် မူလတန်းမှ မူလွန်၊ မူလွန်မှ အလက (တွဲ)ကျောင်း၊ အလက (ခွဲ)ကျောင်း၊ အလကကျောင်း၊ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် အထက်တန်းကျောင်း (ခွဲ)အဖြစ် တိုးမြှင့်ဖွင့်လှစ်သင်ကြားနိုင်ခွင့် ရရှိခဲ့ပါသည်။ စုစုပေါင်း ကျောင်းသား (၆၀၀)ဦးခန့် ပညာသင်ကြားလျက် ရှိပါသည်။ အင်းရဲကျွန်းအုပ်စုတွင် မြေဧရိယာ စုစုပေါင်း (၁၂၅၁.၀၀)ဧကဖြစ်ပြီး လယ်မြေ (၂၈၉)ဧက၊ ဥယျာဉ်မြေ (၄၃၉)ဧက၊ လမ်းမြေ (၄)ဧက၊ အင်းအိုင်မြေ (၄၇၃)ဧက၊ ရေအောက်မြစ်ချောင်းမြေ (၁၆)ဧက၊ ရွာမြေ (၅၈)ဧက၊ သာသနာမြေ (၆)ဧက၊ အခြားမြေ (၁)ဧက ဖြစ်ပါသည်။ အင်းရဲကျွန်းအုပ်စုတွင် ကျေးရွာခွဲ (၆)ခုရှိပြီး ရွာခွဲများ၏ အမည်များမှာ ကျွန်းအင်း၊ အိုင်ဒေါင့်၊ အုန်းတောစု၊ သင်္ဃန်းချောင်း၊ စာဖြူစု၊ ကျွန်းဦးတို့ဖြစ်ပါသည်။ အိမ်ခြေ (၆၁၆)ခန့်ရှိပြီး ကျား (၁၄၅၀)ဦး၊ မ (၁၅၆၃)ဦး၊ လူဦးရေ စုစုပေါင်း (၃၀၁၃)ဦး နေထိုင်ပါသည်။ အင်းရဲကျွန်းကျေးရွာရှိ အင်းရဲမျှင်ပြုလုပ်ပုံ နည်းစနစ်အဆင့်ဆင့်မှာ မျှင်ထိုးလများဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် အင်းရဲကြီး အင်းထဲမှ ရင်တွန်းဖြင့်ထိုးပြီး ရရှိလာသော ငါးမှုန်များကို တစ်ပိသာလျှင် ဆားငါးကျပ်သားထည့်ပြီး နေလှန်းပါသည်။ နေ (၃)ရက် လှန်းပြီး နှဲပြီးသောအခါ အင်းရဲမျှင်အဖြစ် ရရှိပါသည်။ အဆိုပါ အင်းရဲမျှင်ကို အိုးသိပ်ထားပြီး စားသုံးသူများထံသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ဧရာ၀တီတိုင်းဒေသကြီးအတွင်း ထင်ရှားသော မျှင်ငါးပိများအနက် အင်းရဲမျှင်သည် အရသာကောင်းမွန်သော မြန်မာ့ရိုးရာစားသောက်ကုန်ဖြစ်ပြီး အင်းရဲမျှင်၏ ဒေသပေါက်စျေးမှာ တစ်ပိသာလျှင် (၂၀၀၀၀)ကျပ် ဖြစ်ပြီး တစ်နှစ်လျှင် ပိသာချိန် (၁၀၀၀)ခန့် ထွက်ရှိပါသည်။ အင်းရဲကျွန်းသည် မြစ်ကျိုးအင်းတစ်ခုဖြစ်သဖြင့် ကမ်းခြေတွင် နွေရာသီ အချိန်တွင် သဲသောင်မြေဧကများစွာ ပေါ်ထွက်လာပြီး အနားယူစရာ သစ်ရိပ်၊ ဝါးရိပ်များ ရှိပါသည်။ ဒေသထွက် ထန်းရည်၊ အုန်းရည်၊ အုန်းထန်းလျှက်၊ ဇီးထန်းလျှက်၊ သား၊ ငါး၊ ပုစွန်များထွက်ရှိပါသည်။

http://ayeyarwadyregion.gov.mm/ignite/contentView/353