1. unicode

သာမဏေကျော်စာမေးပွဲ ဆိုသည်မှာ

============ ပြင်ဆင်ရန်

သာမဏေကျော်စာမေးပွဲအကြောင်းကို အချို့ကြားဖူးကသော်လည်း ဂဃနဏသိချင်မှ သိပေမည်။ သာမဏကျော်စာမေးပွဲသည် အသက်(၂၀)ထိသာ ၀င်ရောက်ဖြေဆိုခွင့်ရှိခြင်း၊ ပြဌာန်းစာ ခက်ခဲများပြားခြင်း၊ ရာနှုန်းပြည့် သန့်ရှင်းမှုရှိခြင်း၊ အဂတိတရားကင်းရှင်းခြင်း စသည်များကြောင့် သာသနာတွင်း ဘုန်းကြီးလောက၌ နာမည်ကြီးသောစာမေးပွဲ တစ်ခုဖြစ်ပါသည်။

သာသနာတော်သုံးရပ်ထဲတွင် ပရိယတ်သာသနာသည် အခြေခံပဓာနအကျဆုံး (ပရိယတ္တိယေ၀ သာသနဿ မူလံ) ဖြစ်၏။ ပရိယတ်(စာပေ)ရှိမှ ပဋိပတ်(ကျင့်စဉ်)ရှိမည် ဖြစ်ပြီး ထိုကျင့်စဉ်မှတဆင့် ပဋိဝေဒ(အကျိုးအမြတ်) ကို ခံစားနိုင်မည် ဖြစ်၏။ သို့အတွက် ပရိယတ်မကွယ်ပရေးသည် အရေးကြီးဆုံး အခြေခံအကျဆုံး ဖြစ်ပေသည်။

ပရိယတ်စာပေကြောင့် တရားဟောခွင့် တရားနာခွင့်များ ရကြသည်။ တရားကိုသိသဖြင့် ဘုရားကိုလည်း ကြည်ညို သံဃာကိုလည်း လှူဒါန်းကြသည်။ စာပေမရှိလျှင် တရားမသိသဖြင့် ဘုရားလဲ မရှိနိုင် (ဘုရားဟု မသိနိုင်) သံဃာများကိုလည်း လူပိုတွေဟု မြင်ကြမည်ဖြစ်၏။ မိဘဆရာသမားများကိုလည်း အနန္တကျေးဇူးရှင်ဟု သတ်မှတ်ကြတော့မည် မဟုတ်ပေ။

ထိုပရိယတ်သာသနာ ရေရှည်တည်တံ့ရန်အတွက် ဆရာတော်များသည် ခေတ်၏တောင်းဆိုချက်အရ ပရိယတ်စာမေးပွဲများကို ကျင်းပကာ အနာဂတ်မျိုးဆက် သာသနာ့အာဇာနည်များကို မွေးထုတ်ပေး ခဲ့ကြပါသည်။ သာမဏေငယ်လေးများသည် အနာဂတ်သာသနာအတွက် အားထားရမည့် သာသနာ့အာဇာနည်လောင်းလျာများ ဖြစ်ပါသည်။

သာမဏေများ အသက်ငယ်စဉ်ကတည်းက ပရမတ္ထဘုရားနှင့်တွေ့ဆုံခွင့်ရစေရန်၊ ပရိယတ်စာပေ အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်၍ မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ၁၃၁၁-ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ စာမေးပွဲစည်းကမ်းနှင့် ပြဌာန်းစာများကို မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ က ရေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

အတန်းသုံးတန်း

=========== ပြင်ဆင်ရန်

သာမဏေကျော်စာမေးပွဲများတွင် ပထမဆင့်၊ဒုတိယဆင့်၊တတိယဆင့် ဟူ၍ အတန်း သုံးတန်း ခွဲခြားသတ်မှတ်ထားပြီး တတိယဆင့်အောင်လျှင် သာသနာလင်္ကာရ(သာမဏေကျော်)ဘွဲ့ကို ဆက်ကပ်အပ်နှင်းပါသည်။

ဥပမာ=မူရင်းဘွဲ့ ရှင်အာစာရ သည် သာမဏေကျော်ဘွဲ့ရလျှင် မူလဘွဲ့နောက်မှာ အလင်္ကာရ တပ်ပြီး ရှင်အာစာရာလင်္ကာရ ဟု ဖြစ်သွားမည်။ မူလနာမည် ကျော်အောင် သည် ဒေါက်တာဘွဲ့ရလျှင် ဒေါက်တာကျော်အောင် ဟု ဖြစ်သွားသကဲ့သို့တည်း။

ကျင်းပရခြင်းရည်ရွယ်ချက်များ

========= ပြင်ဆင်ရန်

၁။အသက်(၂၀)မပြည့်မီ သဒ္ဒါ၊သင်္ဂဟ၊အဘိဓာန်၊အလင်္ကာ၊ဆန်း စသော အာဂုံစာများဖြင့်သာ စာသင်ချိန် မကုန်လွန်စေပဲ ပါဠိ၊အဌကထာများကို သဒ္ဒါနည်းမှန်မှန် အနက်ပြန်ဆိုနိုင်ပြီး ၎င်းပါဠိတော်က ပြဆိုသော အဓိပ္ပါယ်များ(မြတ်ဗုဒ္ဓ၏ဆိုလိုရင်းများ) ကို သိနားလည်စေရန်။

၂။ပါဠိတော်များတွင် ပါဝင်သော ပါဠိပုဒ်များကို သဒ္ဒါအယူအဆ အဘိဓမ္မာသဘောတရားများဖြင့် တစ်ပုဒ်ချင်းစီ စဉ်းစားတွေးခေါ်နိုင်ရန်။

၃။ပါဠိဘာသာပြောဆိုရေးသားခြင်း၌ အလေ့အလာဖြစ်စေရန်။

၄။ သဒ္ဓါ၊၀ီရိယဓာတ်ခံဖြင့် ကိုယ်တိုင်သင်ကြား၍ အခြားသူများအားလဲ သင်ကြားပြသပြီး ပရိယတ်သာသနာကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ရန်။

ပြဌာန်းကျမ်းစာများ

= ပြင်ဆင်ရန်

၁။ ပထမဆင့်။

(က)မဟာဝဂ္ဂပါဠိတော်။ (ခ)အင်္ဂုတ္ထိုရ်ပါဠိတော်(ဧကက၊ဒုက၊တိကနိပါတ်)။ (ခ)ဓမ်မပဒဌကထာ(ယမက၀ဂျ၊ အပ်ပမာဒ၀ဂျ) (ဂ)သဒ္ဒါ(သန္ဓိ၊နာမ်၊ကာရက၊အာချာတ်၊ရုပ်တွက်၊နာမ်ဂိုဏ်း။အာချာတ်ဂိုဏ်း) (ဂ)သင်္ဂဟ(စိတ်၊စေတသိက်၊ပကိဏ်း၊သရုပ်ခွဲ၊)

၂။ ဒုတိယဆင့်။

(က)စူဠ၀ဂ္ဂပါဠိတော်။ပရိဝါပါဠိတော်။ (ခ)အင်္ဂုတ္တိုရ်ပါဠိတော်(စတုက္က၊ပဉ္စက၊ဆက္က) (ခ)ဓမ္မပဒဋ္ဌကထာ(ယမက၀ဂ်မှ ဒဏ္ဍ၀ဂ်အဆုံးထိ) (ဂ)သဒ္ဒါရှစ်စောင်၊ရုပ်တွက်၊နာမ်ဂိုဏ်း။ အာချာတ်ဂိုဏ်း၊၀ိဂြိုဟ်၊ရူပသိဒ္ဓိ (ဂ)သင်္ဂဟ=အောက်ခြောက်ပိုင်း၊သရုပ်ခွဲ၊ ၀ီထိစဉ်၊ဘုံစဉ်၊ရုပ်ဖြစ်စဉ် ချုပ်စဉ် အကြောင်းတရားများ။

၃။ တတိယဆင့်။

(က)ပါရာဇိကပါဠိ+အဋ္ဌကထာ။ ပါစိတ်တိယပါဠိ+အဋ်ဌကထာ။ (ခ)အင်္ဂုတ္တိုရ်ပါဠိတော်(အစမှ အဆုံးထိ) (ခ)ဓမ္မပဒဋ္ဌကထာ(ယမက၀ဂ်မှ အဆုံးထိ) (ဂ)သဒ္ဒါရှစ်စောင်၊ရုပ်တွက်၊နာမ်ဂိုဏ်း။အာချာတ်ဂိုဏ်း၊၀ိဂြိုဟ်၊ရူပသိဒ္ဓိ ။ (ဂ)သင်္ဂဟ=ကိုးပိုင်း။သရုပ်ခွဲ၊၀ီထိစဉ်၊ဘုံစဉ်၊ ရုပ်ဖြစ်စဉ်ချုပ်စဉ်အကြောင်းတရားများ။ ရုပ်နာမ်တို့အကျိုး အကြောင်း ဆက်သွယ်ပုံ၊ စရိတ်အလိုက် ကမ္မဌာန်းပေးပုံ၊ ၀ိပဿနာပွါးပုံအဆင့်ဆင့်တို့ကို အတန်းအလိုက် ပြဌာန်းထားပါသည်။

စာမေးပွဲကျင်းပရာဌာနနှင့်ကျင်းပချိန်

============ ပြင်ဆင်ရန်

သာမဏေကျော်စာမေးပွဲသည် အစိုးရက ဦးစီးကျင်းပသော စာမေးပ္ဂွဲမဟုတ်ဘဲ အသင်းအဖွဲ့များက မိမိအစီအစဉ်ဖြင့် ကျင်းပသော ပုဂ္ဂလိကစာမေးပွဲများ ဖြစ်သည်။ သာမဏေကျော်စာမေးပွဲကို မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းမှ စတင်ကျင်းပခဲ့ပြီး ထိုအသင်း၏စည်းမျဉ်းအတိုင်း ယခုအခါ ရန်ကုန်၊ပဲခူး၊မော်ကျွန်း၊သထုံ၊တောင်ကြီး စသောမြို့တို့၌လည်း ကျင်းပနေပြီဖြစ်သဖြင့် သာမဏေကျော်အသင်းပေါင်း(၁၀)သင်းကျော် ရှိနေပြီဖြစ်ပါသည်။

၁။မန္တလေးမြို့၊ပရိယတ္တိသာသနဟိတအသင်း

============= ပြင်ဆင်ရန်

မန္တလေးမြို့၌ တည်ရှိပြီး သာမဏေကျော်စာမေးပွဲကို စတင်ကျင်းပသော အသင်းဖြစ်၏။ ရဟန်းသကျသီဟ (အဘိဝံသ)စာမေးပွဲကိုလည်း ဤအသင်းကပင် စတင်ကျင်းပခဲ့သည်။ သာမဏေကျော်စာမေးပွဲကို ၁၃၁၁-ခုနှစ် မှ စတင်ကျင်းပခဲ့သဖြင့် စာမေးပွဲသက်တမ်းမှာ နှစ်ပေါင်း(၆၀)ကျော်ပေပြီ။ ကျင်းပချိန်မှာ နှစ်စဉ် ပြာသိုလဆန်း(၂)ရက်နေ့ ဖြစ်ပါသည်။

၂။ပဲခူးမြို့၊ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်း

=========== ပြင်ဆင်ရန်

ပဲခူးမြို့တွင် တည်ရှိပါသည်။ ကျင်းပချိန်မှာ နှစ်စဉ် နတ်တော်လဆုပ်(၁၀)ရက် ဖြစ်ပါသည်။ ၁၃၄၈-ခုနှစ်မှ စတင်ကျင်းပခဲ့၍ အသင်းသက်တမ်းမှာ (၂၈)နှစ် ရှိပြီဖြစ်ပါသည်။ မန္တလေးအသင်းပြီးလျှင် ပဲခူးအသင်းသည် သက်တမ်းအရှည်ဆုံးဖြစ်၏။ (အသင်းဖွဲ့စည်းပုံ စနစ်မကျသောကြောင့်သာ စိတ်ဝင်စားမှု နည်းပါးကြပြီး မထင်မရှားအဖြစ်သို့ ရောက်နေခြင်းဖြစ်သည်။)

၃။ရန်ကုန်မြို့၊မင်္ဂလာဗျူဟာသာမဏေကျော်စာမေးပွဲ

=============== ပြင်ဆင်ရန်

ရန်ကုန်မြို့၊ရွှေတိဂုံအရှေ့မြောက်ထောင့်တွင် တည်ရှိပြီး ၁၃၅၀-ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ပါသည်။ နှစ်စဉ် နတ်တော်လဆန်းပိုင်းတွင် ကျင်းပလေ့ရှိပါသည်။ ဤအသင်း၏ထူးခြားချက်မှာ ပုံမှန်အောင်မှတ်အပြင် သတ်မှတ်ထားသော သဒ္ဒါ၊သင်္ဂဟ အမှတ်များ ရရှိမှသာ အောင်မြင်နိုင်ပါသည်။ဥပမာ-အမှတ်(၁၀၀)တန် မေးရာတွင် အမှတ်(၈၀)ရသော်လည်း သဒ္ဒါပုစ္ဆာ အမှတ်(၂၀)တွင် (၁၀)မှတ်မရလျှင် ကျရှုံးသည် ဟု သတ်မှတ်ပါသည်။

၄။မော်လမြိုင်ကျွန်းမြို့၊ပရိယတ္တိ သာသနာလင်္ကာရစာမေးပွဲ

================== ပြင်ဆင်ရန်

ဤအသင်းကို ၁၃၅၂-ခုနှစ်တွင် တည်ထောင်ကာ စာမေးပွဲ စတင်ကျင်းပခဲ့ပြီး နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျင်းပလေ့ရှိပါသည်။ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ပစ္ဆိမာရုံကျောင်းတွင် အသင်းတည်ရှိပါသည်။

၅။သထုံမြို့၊ရွှေပါရမီသာမဏေကျောစာမေးပွဲ

=========== ပြင်ဆင်ရန်

ဆရာတော်ဦးဆန္ဒာဓိက ဦးစီး၍ ၁၃၆၉-ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ နှစ်စဉ်ပုံမှန် ပြာသိုလပြည့်ကျော် (၃)ရက်နေ့တွင် ကျင်းပပါသည်။ တခြားအသင်းများတွင် သာမဏေများကိုသာ အသက်(၂၀)ထိ ဖြေဆိုခွင့်ပြုသော်လည်း ဤအသင်းတွင်မူ ရဟန်းသာမဏေ၊သီလရှင်၊မည်သူကိုမဆို အသက်အကန့်အသတ် မရှိ ၀င်ရောက်ဖြေဆိုခွင့် ပြုထားပါသည်။

၆၊ရက္ခပူရသာမဏေကျော်စာမေးပွဲ

======= ပြင်ဆင်ရန်

၁၃၇၇.ခုနှစ်မှစတင်၍ ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် စတင်ကျင်းပသည်။ နှစ်စဉ်တပို့တွဲလပြည့်ကျော်(၂.၃.၄)ရက်နေ့တို့တွင် ကျင်းပ္ပါသည်။ သာမဏေများသာမက ရဟန်းများလည်း ဝင်ရောက်ဖြေဆိုခွင့်ပြုသည်။ သကဒေသီများအတွက် ပ ဒု တသုံးဆင့်အပြင် မူလတန်းနှင်ဥပစာတန်းများကို ကျင်းပပါသည်။

အခြားသောသာမဏေကျော်အသင်းများမှာ

၇။ တောင်ကြီးမြို့ ကမ္ဘောဇသာမဏေကျော်အသင်း _______________________ ၈။ မြင်းခြံမြို့ ပုညမဉ္ဇရီသာမဏေကျော် _______________________ ၉။တံတားဦးမြို့ သူငယ်တော်တောရသာမဏေကျော်စာမေးပွဲ


၁၀။ ပခုက္ကူမြို့ သာသနစက်ကပ်ပဝတ်တကအသငျး


၁၁။နေပြည်တော် ရန်အောင်မြင်သာမဏေကျော်စာမေးပွဲ


၁၂။ မုံရွာမြို့ ပိဋကာလင်္ကာရအသင်း


၁၃။ ပြင်ဦးလွင်မြို့ ပြင်စာဒေသ ပရိယတ္တိသာသနပါလအသင်း


စာမေးပွဲအတွက် ခရီးစရိတ်

====== ပြင်ဆင်ရန်

သာမဏေကျော်စာမေးပွဲများကို သီတင်းကျွတ်ပြီး နောက်ပိုင်း ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံအနှံ့တွင် ကျင်းပကြပါသည်။ သို့အတွက် သာမဏေတစ်ပါး သာမဏေကျော်အောင်ရန်မှာ ကံ၊ဉာဏ်၊၀ီရိယ ရှိရမည်သာမက စာဖြေကြွနိုင်ရန် ခရီးစရိတ်များကို ထောက်ပံ့ပေးမည့် ဆရာသမားများနှင့် ဒါယကာ ဒါယိကာမများလည်း ရှိထားဖို့လိုအပ်ပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ

======== ပြင်ဆင်ရန်

ပထမဆင့်၊ဒုတိယဆင့်၊ တတိယဆင့်တို့ကို အောင်မြင်၍ သာမဏေကျော်ဘွဲ့ရသောကိုရင်သည် ၀ိနည်းငါးကျမ်း(စာမျက်နှာ-၂၀၀၀-ခန့်) အင်္ဂုတ္တိုရ်သုံးကျမ်း(စာမျက်နှာ-၁၅၀၀-ကျော်) ဓမ္မပဒဋ္ဌကထာ (စာမျက်နှာ-၉၀၀-ခန့်)တို့ကို လေ့လာကျက်မှတ်ပြီးသား ဖြစ်သွားပေမည်။

၀ိဂြိုဟ်ဆိုနည်း၊ သဒ္ဒတ္ထ၊အနက်ပေးစနစ်၊ ပါဠိအထားအသိုနှင့် အဘိဓမ္မာသဘောသဘာဝများကိုလည်း သိရှိ နားလည်သွားမည် ဖြစ်ပါသည်။

ထို့အပြင် အခြားသော ပိဋကတ်ကျမ်းစာများကိုလည်း လွယ်ကူစွာ ကြည့်ရှုနိုင်ပြီး ဓမ္မာစရိယတန်းစာမေးပွဲ၊ အဘိဝံသစာမေးပွဲ၊တိပိဋကစာမေးပွဲ၊တို့ကို တက်လှမ်းရန်အတွက် များစွာအထောက်အကူပြုနိုင်သည်ကို တွေ့ရှိရပါသည်။

ထိုထိုအဆင့်မြင့်စာမေးပွဲများ၏ အောင်ဂေဇက်တွင် သာမဏေကျော်(အလင်္ကာရ)ဘွဲ့ရပုဂ္ဂိုလ် အများအပြားပါဝင်သည်ကို ကြည့်ခြင်းအားဖြင့် ဤစာမေးပွဲ၏အကျိုးကျေးဇူးကို ခန့်မှန်းသိရှိနိုင်ပါသည်။

ပိဋကတ်သုံးပုံဆောင်ဆရာတော်များတွင် အရှင်သုမင်္ဂလာလင်္ကာရ၊အရှင်ဂန္ဓမာလာလင်္ကရ၊ အရှင်ဝံသပါလာ လင်္ကာရ၊ အရှင်ဝါသေဌာလင်္ကာရ ဆရာတော်များသည် သာမဏေကျော်ဘွဲ့ရ ဆရာတော်များ ဖြစ်ကြပါသည်။

ထို့ပြင် သာသနာ့နယ်ပယ်အသီးသီးတွင် အရည်အချင်းပြည့်ဝသည့် ပရိယတ်စာချဆရာတော်များ၊ ကမ္မဋ္ဌာန်းပြရိပ်သာဆရာတော်များ၊ ဓမ္မကထိကဆရာတော်များအဖြစ်ဖြင့် သာသနာ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့် သာမဏေကျော်စာမေးပွဲသည် ပရိယတ်သာသနာအတွက် အလွန်ကျေးဇူးများသည့် စာမေးပွဲတစ်ခု ဖြစ်ပြီး သာမဏေကျော်ကိုရင်များသည် အနာဂတ်သာသနာအတွက် အားကိုးရမည့် မျိုးဆက်များ ဖြစ်ပါသည်။

ဆရာတော်များအနေဖြင့် မိမိတပည့်ငယ်ကိုရင်လေးများကို သာမဏေကျော်စာမေးပွဲဝင်ရန် အားပေးသင့်သလို ဒါယကာ၊ဒါယိကာမများကလည်း ပရိယတ်သာသနာအတွက် သာမဏေကျော်စာမေးပွဲနှင့် သာမဏေကျော်များကို ချီးမြှောက်ထောက်ပံ့ သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

ကျမ်းကိုး။ - မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်း

 စည်းမျဉ်းစာအုပ်၊ 

- ရန်ကုန်မြို့ မင်္ဂလာဗျူဟာအသင်း

 စည်းမျဉ်းစာအုပ်။

အရှင်ဇာဂရာလင်္ကာရ

Jagara Linkara

Ps. (၂၀၁၄)ခုနှစ်က ရေးထားတဲ့စာစုလေးပါ။ ဂုဏပူဇာစာစောင်မှာ ထည့်ဖို့လိုက်ရှာရင်း ပြန်တင်လိုက်ပါတယ်။ (ဘုန်းကြီးစာမေးပွဲများသို့ချည်းကပ်ခြင်း)ဆိုတဲ့ ခေါင်းစဉ်နဲ့လိုင်းပေါ်မှာ တင်ကြတာရှယ်ကြတာတွေ့မိပါတယ်။ သာမဏေကျော်များကို ကြည်ညိုပူဇော်နိုင်ပါစေ.....

24/11/2016