အာကေးဒီးယားနယ်သည် ဂရိနိုင်ငံ တောင်ပိုင်းဖြစ်သော ပယ်လိုပွန်နီးဆပ်ကျွန်းဆွယ် အလယ်ပိုင်း တွင် တည်ရှိသည်။ ကုန်းမြင့်ဒေသဖြစ်၍ လေးဖက်လေးတန် တွင် တောင်တန်းများ ဝိုင်းရံလျက် ရှိ သဖြင့် ရှေးအခါက ထိုနယ်၌ နေထိုင်သူတို့သည် ပြင်ပနှင့် အဆက်အဆံမရှိပဲ အထီးတည်း ရှိနေခဲ့ကြသည်။ ထိုကြောင့် နယ်သူနယ်သား တို့သည် မိမိတို့၏ ထုံးစံဓလေ့၊ အလုပ်အကိုင်၊ ပြောဆိုသော ဘာသာစကား စသည်တို့ကို ရှေးရိုးအတိုင်းပင် နှစ်ပေါင်း ရာပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။ အာကေးဒီးယားနယ်သားတို့သည် သိုး၊ ဆိတ် ထိန်းကျောင်း သည့် လုပ်ငန်းဖြင့်သာ အေးချမ်းစွာ အသက်မွေးနေထိုင်ကြ၍ ဂီတာကို မြတ်နိုးကြသည်ဟု ရှေးရိုးအဆိုရှိလေသည်။ ထိုအတွက်ကြောင့် အာကေး ဒီးယားဟူသော အမည်ကို အေးချမ်းသာယာမှုနှင့်လည်းကောင်း၊ ပျော်ရွှင်စွာ နေထိုင်မှုနှင့် လည်းကောင်း စပ်လျဉ်း၍ ကဗျာလင်္ကာများ၌ တင်စားဖွဲ့ဆိုခဲ့ ကြသည်။ သိုးဆိတ်ထိန်းကျောင်းသူတို့ကို စောင့်ရှောက်သော ပန်နတ်သားကို ကြည်ညို ကိုးကွယ်မှုသည်လည်း အာကေးဒီယားနယ်တွင် အစပြုခဲ့သည်။ မူလက အာကေးဒီးယားနယ်ကို ဘုရင်များ အုပ်စိုးခဲ့ကြ သည်။ ဘီစီခြောက်ရာစုနှစ်တွင် ပယ်လိုပွန်နီးရှင်း အဖွဲ့နှင့် လည်းကောင်း၊ ဘီစီ လေးရာစုနှစ်တွင် သီးဗီး၊ မက်ဆီးဒိုးနီးယား နိုင်ငံများနှင့်လည်းကောင်း ဘီစီ သုံးရာစု နှစ်တွင် အစီယန်အဖွဲ့နှင့်လည်းကောင်း မဟာမိတ် ဖွဲ့ခဲ့သည်။ ဘီစီ ၁၄၆ ခုနှစ်တွင် ဂရိနိုင်ငံသည် ရောမတို့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် အာကေးဒီးယားနယ်သားတို့သည် ရောမ တပ်များ၌ ဝင်ရောက်၍ စစ်မှုထမ်းခဲ့ကြသည်။ ယခုအခါ အာကေးဒီးနယားနယ်နိမိတ်သည် နော်ပလီယာ ပင်လယ်ကွေ့ ကမ်းခြေအထိ ကျယ်ပြန့်လာပြီ ဖြစ်၍ နယ်၏ ကမ်းရိုးတန်းမှာ မိုင် ၄ဝ ခန့် ရှည်လျားသည်။ တောထူထပ်၍ မြေဩဇာမကောင်းသဖြင့် လူနေကျဲသည်။ အကျယ်အဝန်းအားဖြင့် ၂,ဝ၂ဝ စတုရန်းမိုင်ဖြစ်၍ လူဦးရေ ၁၃၅,၇၄၂ ယောက် (၁၉၆၁) နေထိုင်သည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)