အာဂန္တုကဝတ်
သူတပါး ကျောင်းတိုက်သို့ ခေတ္တခဏ သွားရောက်သော ရဟန်း, သာမဏေတို့ကို အာဂန္တုကဧည့်သည်ဟုခေါ်သည်၊ ဧည့်သည် အာဂန္တုကတို့ ပြုကျင့်ရမည့်ဝတ် ဖြစ်သောကြောင့် အာဂန္တုကဝတ်ဟု ဆိုရသည်။
ထိုဝတ်တို့ကို မပြုခဲ့လျှင် ရဟန်း ဒုက္ကဋ်, သာမဏေ ဒဏ်သင့်ပါသည်။ ဝတ်အားလုံး ဤနည်းမှတ်ပါ။
အာဂန္တုကတိပြုရမည့်ဝတ်များ
ပြင်ဆင်ရန်အာဂန္တုက ပုဂ္ဂိုလ်သည် သူတပါး ဥပစာ အရံအတွင်းသို့ မဝင်မီ ဖိနပ် ချွတ်ရခြင်း၊ ထီးရုပ်ရခြင်း၊ ဦးခေါင်းခြုံ ဖွင့်ရခြင်း၊ ဦးခေါင်း၌ တင်သောသင်္ကန်းကို ပခုံးသိုချရခြင်း၊ မနှေးမလျှင် အရံတွင်းသို့ဝင်ရခြင်း၊ ဘယ်နေရာ၌ အာဝါသိက ကျောင်းနေ ရဟန်းတို့ နေထိုင် စည်းဝေးကုန်သနည်းဟု အမှတ်ပြုခြင်း၊ ထို အာဝါသိကတို့ထံ သွား၍ သင့်လျော်ရာ၌ ပါလာသော သပိတ် သင်္ကန်းတို့ကိုထားခြင်း၊ လျောက်ပတ်သောနေရာ၌ နေထိုင်ခြင်း၊ ဘယ်ဟာသောက်ရေပါနည်းဟု မေးမြန်းရခြင်း၊ ရေဆာလျှင် သောက်ရေကို ယူသောက်ခြင်း၊ ခြေဆေးလိုလျှင် သုံးရေကိုယူ၍ ဆေးရခြင်း၊ ခြေဆေးသောအခါ၌ လက်တဖက်ဖြင့် ရေသွန်းလောင်း၍ လက်တဖက်ဖြင့် ခြေကို ပွတ်တိုက် ဆေးကြောရခြင်း၊ ဆေးကြောသည့် လက်ဖြင့် ရေမသွန်ရ၊ သွန်လောင်းသည့်လက်ဖြင့် ခြေမဆေးရ၊ ဖိနပ်သုတ် ပုဆိုးကြမ်းကိုမေး၍ ဖိနပ်သုတ်ရခြင်း၊ ရှေ့ဦးစွာ ခြောက်သော ပုဆိုးကြမ်းဖြင့် သုတ်၍ နောက်မှ စိုသောပုဆိုးကြမ်းဖြင့် သုတ်ရခြင်း၊ ဖိနပ်သုတ်ပြီးသော ပုဆိုးကြမ်းကို ဖွပ်လျှော်၍ သင့်တော်ရာ၌ ဖြန့်လှန်းထားရခြင်း၊ အာဝါသိကထေရ်ကြီးကို ရှိခိုးရခြင်း၊ အာဝါသိက သီတင်းငယ်ကို ရှိခိုးစေခြင်း။
အမှာ
ပြင်ဆင်ရန်သီတင်းငယ်ကို သင်, ဘယ်လောက် ရှိပြီလဲဟု မေးလိုက်လျှင် သူ့ဘာသာ ရှိခိုးလတ္တံ့၊ ဤသို့ မေးခြင်းကို ရှိခိုးစေခြင်းဟု ဆိုလိုသည်၊ ဘယ်ကျောင်းနေရမည်နည်းဟု ကျောင်းကို မေးမြန်း ရခြင်း၊ ထိုကျောင်း၌ ရှေးက လူနေဘူး မနေဘူးကို သိအောင် မေးမြန်းရခြင်း၊ ဆွမ်းခံရွာနီးသော, ဝေးသလော စောစော ဆွမ်းခံရသော နေမြင့်မှ ဆွမ်းခံ ထွက်ရသလောဟု ဆွမ်းခံ ချိန်ကို မေးမြန်းရခြင်းနှင့် ဆွမ်းမခံသင့်သောရပ်ရွာကို မေးမြန်း ရခြင်း၊ (ဤ၌ မိစ္ဆာဒိဋ္ဌိတို့၏ ရွာ, ပိုင်းခြားသော ဆွမ်းရှိသောရွာ, တပါးနှစ်ပါးသော သံဃာအား ဆွမ်းလှူသော ရွာတို့သည် ဆွမ်းမခံသင့်သော အဂေါစရရွာတို့ မည်ကုန်၏။)
မြို့ရွာထဲ၌သဒ္ဓါပွား၍ ပစ္စည်းရှားသော ဒါယကာ, ဒါယိကာမများကို (ဆွမ်းမခံမိစေရန်) သေက္ခဟု သံဃာတော်များက သမုတ်ထားကုန်၏။ ထိုသေက္ခဟု သမုတ်ထားသော ဒါယကာတို့ကို မေးမြန်းရခြင်း၊ ကျင်ကြီး ကျင်ငယ်အိမ်တို့ကို မေးမြန်းရခြင်း၊ ဤရေတွင်းရေကန် ဤမြစ်ချောင်း၌ သောက်ရေကိုသာ အသုံးပြုသလော၊ သုံးရေကိုသာ အသုံးပြုသော၊ သောက်ရေ, သုံးရေ နှစ်မျိုးစလုံးပင် အသုံးပြုသလောဟု သောက်ရေ, သုံးရေတို့ကို မေးမြန်းရခြင်း၊ လက်ကသုံး တောင်ဝှေးကို မေးမြန်းရခြင်း၊ သံဃာများ ကတိကဝတ်တည်ထားသည်ကို မေးမြန်းရခြင်း၊ (ဤ၌ အချို့ကျောင်းတိုက်၌ သံဃာများက ဤအမှုကို တရားအားလျော်စွာ ပြုကြစတမ်း၊ ဤအမှုတို့ကို မပြုကြစတမ်းဟူ၍ အညီအညွှတ် ပြုလုပ်ထားသော ဥပဒေမျိုးကို ကတိကဝတ် တည်ထားသည်ဟု ဆိုလိုသည်။) အချို့သော အရပ်တို့၌ သားရဲ ဘီလူးတို့ ရှိကုန်သောကြောင့် ဘယ်အချိန်အခါ၌ ဝင်အပ်သနည်း၊ ဘယ်အချိန် ထွက်အပ်သနည်းဟု ဝင်ရာ ထွက်ရာအချိန် အခါကိုမေးမြန်းရခြင်း၊ အာဂန္တုကဖြစ်သော မိမိအား အာဝါသိကတို့က နေထိုင်ရန်ချထားသော ကျောင်းသည် လူမနေမထိုင်ပဲ အလွတ်ထားသော ကျောင်းဖြစ်အံ့၊ တံခါးရွက်ကို ခေါက်၍ တခဏမျှ ငံ့ဆိုင်းလျက် တံခါးကျည် မင်းတုံးကိုဖွင့်ပြီး တံခါးကို တွန်းလိုက်၍ အတွင်း၌ မြွေ, ဘီလူး အကယ်၍ ရှိလင့်က အပသို့ ထွက်ရန် လမ်းပေး၍ အပြင်၌ ရပ်လျက် ကြည့်ရှုခြင်း၊ ထိုကျောင်း၌ အမှိုက်သရိုက်ထူ၍ ညောင်စောင်းချင်းထပ် အင်းပျဉ်ချင်း ထပ်ထားလျက် အထက်၌ အစုစုပြွမ်း၍ ရှုပ်ထွေးနေအံ့၊ စွမ်းနိုင်လျှင် တကျောင်းပြင်လုံး သုတ်သင်ရခြင်း၊ မစွမ်းနိုင် မတတ်နိုင်သေးလျှင် မိမိနေရာ၌သုတ်သင်ရခြင်း၊ (တကျောင်းလုံးသုတ်သင်ပုံဝတ်ကို သေနာသနဝတ်၌ ပြဆိုပါအံ့။)
ဤဆိုခဲ့သော ဝတ်တို့၌ မသိသော အရာတို့ကို အာဝါသိကတို့အား အာဂန္တုက-က မေးမြန်းရသော ဝတ်တို့သည် ရှေးအခါ ရောက်ဘူးပြီး ဖြစ်၍ လည်းကောင်း၊ အာဝါသိက ရဟန်းက ပြောကြားပြီး ဖြစ်၍ လည်းကောင်း သိပြီးဖြစ်က မေးမြန်းဖွယ် လိုတော့ပြီ၊ တရွာတည်း၌ တပါးသောကျောင်းမှ လာသောသူသည်လည်း အာဂန္တုပင် မည်၏။ ရောက်လာစ အာဂန္တုကသည် အာဝါသိကတို့က နေရာချထား၍ နေရာရပြီးသောအခါ ကျောင်းနေ အာဝါသိကတို့ကဲ့သို့ ဖိနပ်စီးခြင်း စသည် ပြုအပ်၏၊ သူတပါးကျောင်းသို့ သွားသူသည် သွားစဉ်က ဤကျောင်း၌ ငါပြန်နေဦးမည် ဟူသော (အာဝါသ - ပလိဗောဓ) မပြတ်သေးပဲ လပေါင်းများစွာ နေခဲ့၍ ပြန်လာသော်လည်းမိမိနေရင်း ကျောင်းအတွက် အာဂန္တုကဝတ်ပြုဖွယ်မရှိ။ (အာဝါသ-ပလိဗောဓ)ပြတ်၍ အာလာယ ပြတ်သွားသောသူသည်သာ တဖန် ပြန်လာသောအခါ အာဂန္တုက ဝတ်ကို မချွတ် ကျင့်သင့်ပေသည်။
တပါးသော ကျောင်းတိုက်သို့ လမ်းဖြတ်သွားသော ရဟန်းတို့သည် အာဂန္တုကဝတ်ကို ပြုသင့်သလား?
ပြင်ဆင်ရန်တိပိဋကဝိနိစ္ဆယကျမ်း၌ ကျောင်းတိုက်ရဟန်းတို့ထံ မဝင်ပဲ လမ်းဖြတ် သွားသူသည် အာဂန္တုကဝတ် ပြုဖွယ်မလိုဟု ဆို၏။
[၁]ဟူသော ပါစိတ်ပါဠိတော် အနာပတ္တိဝါရ၌ “အာရာမေန မဂ္ဂေါ ဟောတိ”ဟု ဟောသောကြောင့် ဤ၌ အလားတူ မှတ်ရမည်၊ အနာပတ္တိဝါရ၌ ဂိလာနာယ လာသောကြောင့် ဂိလာန အာဂန္တုက ရဟန်း, သာမဏေတို့သည် သူတပါးတိုက်တာ ရဟန်းတိုထံ ထီး, ဖိနပ်, လှည်း, ယာဉ် ထမ်းစင်တို့ ဆောင်း, စီး, ဦးခေါင်းခြုံလျက် ဝင်သော်လည်း အပြစ်မရှိသည်ကို ကြံစည် ယုံကြည်ရ၏ဟု ၁၃၁-နံပါတ်၌ ပါရှိ၏။
အာဝါသိကပုဂ္ဂိုလ်တို့က ဖိနပ်စီး ထီးဆောင်းပါဟု ခွင့်ပေး၍လည်းကောင်း၊ ခွင့်တောင်း၍လည်းကောင်း အာဂန္တုကတို့က သူတပါးကျောင်း၌ ဖိနပ်စီး ထီးဆောင်းကောင်းသလား ?
ပြင်ဆင်ရန်ညောင်လေးပင် ရှင့်ကျင့်ဝတ်၌ ကျောင်းရှင် ခွင့်ပေးသော်လည်းကောင်း၊ မဂ္ဂသညာဖြင့် သော်လည်းကောင်း အပ်သည်ဟု အချို့ဆိုကြ၏။ စာ၌ မတွေ့ဟု ပါရှိသည်။
ကျမ်းရေးသူ ယူဆချက် “အညဿ ပုဂ္ဂလိကေတိ ဣဓာပိ ဝိဿာသိကပုဂ္ဂလိကံ အတ္တနော ပုဂ္ဂလိကသဒိသမေဝ၊ ယထာ စ ဣဓ ဧဝံ သဗ္ဗတ္ထ” ဟူသော နိကဍ္ဎနသိက္ခာပုဒ် အဋ္ဌကထာ၌ အကျွမ်းဝင်သော ရဟန်း၏ ပုဂ္ဂလိကဥစ္စာသည် မိမိ၏ ပုဂ္ဂလိကဥစ္စာနှင့် တူသည်ဟု ဆိုသောကြောင့် အာဝါသိက ကျောင်းရှင်က သူပိုင်ပုဂ္ဂလိက ကျောင်းအရံကို ဖိနပ်စီးပါ။ ထီးဆောင်းပါဟုဆိုလျှင် ထိုကျောင်းတိုက်သည် မိမိကျောင်းအရာ၌ တည်သောကြောင့် ထီးဆောင်း, ဖိနပ်စီးခဲ့လျှင် ဥပဇ္ဈာယဝတ်များ သဘောကဲ့သို့ အပ်နိုင်စရာရှိ၏ဟု ယူဆသည်၊ သံဃိကကျောင်းတိုက်၌ ခွင့်ပေး၍ ဖြစ်စေ၊ ခွင့်တောင်း၍ ဖြစ်စေ၊ အပ်နိုင်ဖို့ မမြင်။ [၂] [၂]