[၁] [၂] အာဠဝီနိုင်ငံ အာဠဝီမြို့တော်အနီး အာဠဝကဘီလူး၏ဗိမာန်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အာဠဝကဘီလူးရောက်လာပြီး ဗိမာန်အပြင်ဖက်သို့ သုံးကြိမ် တိုင်တိုင် ဝင်ခိုင်း ထွက်ခိုင်းပုံ၊ ဘုရားရှင်က ဘီလူး၏အလိုသို့လိုက်၍ ဆောက်ရွက်တော်မူပုံ၊ လေးကြိမ်မြောက်၌ ဘီလူး၏ဆန္ဒကို သိတော်မူ၍ မထွက်ဘဲနေသည့်အခါ ပြဿနာမေးမည် ပြောကြားပြီး ဘုရားရှင်အား ခြိမ်းခြောက်ပုံ၊ ဘုရားရှင်က သီဟနာဒ မိန့်ခွန်းတော် မြွက်ကြားတော်မူပုံ၊ အာဠာဝကဘီလူးက နန်းစဉ်ပြဿနာများ မေး မြန်းပုံတို့ကို ပြဆိုပါသည်။ ။

ဘုရားရှင်က ပြဿနာအလိုက်-ပုရိသခေါ်ဆို ပုဂ္ဂိုလ်၏ အကောင်းဆုံးပစ္စည်း ဥစ္စာ၊ ချမ်းသာကို ဆောင်ပို့နိုင်သောတရား၊ အကောင်းဆုံး အရသာ၊ အကောင်းဆုံး အသက်မွေးမှု-ဟူသော အဖြေလေးခုကိုလည်းကောင်း၊ ဒုတိယပုစ္ဆာ၌-ဩဃအဏ္ဏဝ နှင့် ဒုက္ခကိုလွန်မြောက်နိုင်သော တရားသုံးပါး၊ စင်ကြယ်သောတရားဟူသော အဖြေလေးခုကိုလည်းကောင်း၊ တတိယမေးခွန်း၌-ပညာရကြောင်း တရား ၄-ပါး၊ ပစ္စည်းဥစ္စာ ရကြောင်း တရား ၃-ပါး၊ ကျော်စောထင်ရှားနိုင်သောတရား၊ မိတ်ဆွေဖွဲ့နိုင်သောတရား။ တမလွန်ဘဝ၌ မစိုးရိမ်ရကြောင်း တရားလေးပါးတို့ကိုလည်းကောင်း ဖြေကြားတော် မူပါသည်။

ဘုရားရှင်က ဤအဖြေများကို တခြားသမဏဗြာဟ္မဏများကိုလည်း မေးနိုင်ကြောင်း မိန့်ကြားတော်မူပါသည်၊ အာဠဝကဘီလူးကြီး သောတာပန်အရိယာသာဝက ဖြစ်ပြီး သရဏဂုံဆောက်တည်ပုံတို့ ပါရှိပါသည်၊ ပါဠိတော်နှစ်ခု အတူတူပင် ဖြစ်ပါသည်။

အဋ္ဌကထာနှစ်စောင်တို့သည် ကျမ်းပြုဆရာတော်တစ်ပါးတည်းပင်ဖြစ်သော်လည်း ဘာဏကပုဂ္ဂိုလ်တို့ကိုလိုက်၍ ဘာသာပြန်ထားသောကြောင့် အနည်းငယ် ကွဲလွဲချက်များ ရှိသော်လည်း ယေဘုယျအားဖြင့် တူညီကြပါသည်။

အဋ္ဌကထာ၌ -အာဠဝီမြို့တော်နှင့် အာဠဝကဘီလူး၏ဗိမာန် အကွာအဝေး၊ အာဠဝီမင်းကြီး တောကစားထွက်သည့် ရည်ရွယ်ချက်သုံးမျိုး၊ “ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်”ဟူသော စကားပုံ၊ ဧဏီသားကောင်၏ သဘာဝ၊ တပ်မတော်၏ ကျေးဇူးသစ္စာ စောင့်သိတတ်ပုံ၊ အာဠဝကဘီလူးနှင့် အာဠဝီမင်းကြီးတို့ ကတိပြုချက်များ၊ အာဠာဝကဘီလူး၏ အခွင့်အရေး၊ မြို့တော်ဝန်၏ ဆောင်ရွက်ချက်၊ လူသားနှင့် ဘီလူး၊ ၁၂-နှစ်တိုင်တိုင် ဘီလူးစာကျွေးခဲ့ပုံ၊ ဘုရင်က တိုင်းသူပြည်သားတို့ဆန္ဒကို ဂရုစိုက်ပုံ၊ “ကိုယ်မချိအမိ(အဖ)သော်လည်း သားတော်ခဲ”စကားပုံ၊ ဘုရားရှင်၏ မဟာကရုဏာ သမာပတ်၌ ဝေနေယျသတ္တဝါတို့ ထင်မြင်လာပုံ၊ သာဝတ္ထိနေပြည်တော်နှင့် ယူဇနာ ၃၀-ဝေးသော အာဠာဝကဗိမာန်သို့ နေ့ဝက် ချေလျင်ခရီးကို တစ်ပါးတည်းကြွတော်မူပုံ၊ ဂဒြဘဘီလူးထံ ခွင့်ပန်ပုံ၊ အာဠဝကဗိမာန်အကြောင်းနှင့် အာဠာဝကဘီလူး၏ ရက်စက်ကြမ်းကြုတ်ပုံ၊ ဘုရားရှင်၏ အထက်ကောင်းကင်၌ မည်သည့်သတ္တဝါမျှ ဖြတ်သန်း၍ မသွားနိုင်ပုံ၊ ဟေမဝတနှင့် သာတာဂိရိဘီလူးတို့ အာဠာဝကဘီလူးနှင့် ဆွေးနွေးခန်း၊ အာဠာဝကဘီလူး၏ ကြုံးဝါးသံ၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကြားနိုင်သော အသံ ကြီးလေးမျိုး၊ အာဠာဝကဘီလူး လက်နက်ကြီး (၁၀)မျိုးတို့ဖြင့် ဘုရားရှင်အား တိုက်ခိုက် ပုံတိုက်ပွဲအချိန် ညဉ့်နှစ်ယာမ်ကြာပုံ၊ အာဠာဝကဘီလူး မာန့်လျော့သွားပုံ၊ လက်နက်ကြီး လေးမျိုး၊ မေတ္တာစွမ်းအင်၊ အာဠာဝကဘီလူး၏အလိုသို့ ဘုရားရှင်လိုက်၍ ပြုပေးတော်မူပုံ၊ နန်းစဉ်ပုစ္ဆာများအကြောင်း၊ အဖြေဂါထာ အကျယ်ဖွင့်ဆိုချက်များ၊ အာဠာဝကသုတ္တန်ပြီးဆုံးချိန်၊ နတ်ဗြဟ္မာတို့ သာဓုခေါ်ချိန်၊ အာဠဝီမင်းသားငယ်ကို ဘီလူးထံ ဆက်သချိန်၊ မိုးလင်းချိန်တို့ တစ်ချိန်တည်း တိုက်ဆိုင်ပုံ၊ အာဠာဝကဘီလူးက မင်းသားငယ်ကို ဘုရားရှင်အား လှူဒါန်းပုံ၊ ဘုရားရှင်က မင်းချင်းယောက်ျားတို့လက်သို့ အပ်နှင်းပုံ၊ အာဠဝီမြို့တွင်းသို့ ဘုရားရှင်ဆွမ်းခံဝင်ပုံ၊ အာဠာဝကဘီလူး သပိတ် ထမ်း၍ လိုက်ပို့ပုံ၊ အာဠဝီမြို့တော်အပြင်၌ အာဠဝကသုတ္တန်ကို ဘုရားရှင်ဟောတော် မူရာ ပရိသတ် ၈-သောင်း လေးထောင်တို့ တရားအရသာကို သုံးဆောင်နိုင်ကြပုံ၊ ဝေဿဝဏ်နတ်မင်းကြီး ဗိမာန်၏အနီး၌ အာဠာဝကဘီလူး၏ ဗိမာန်ကို တည်ဆောက်၍ လူတို့ကိုးကွယ် ပူဇော်ပသကြပုံ၊ ဟတ္ထာဠဝကမင်းသားလေး အနာဂါမ်ဥပါသကာ ဖြစ်ပြီး ပရိသသင်္ဂဏှက ဧတဒဂ်ဘွဲ့ကို ခံယူရရှိပုံတို့ကို ဖွင့်ပြထားပါသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၂၁၆-၇။ သံ၊မြန်၊၁၊၂၀၀-၂။ သံ၊ဋ္ဌ၊၁၊၂၈၉-၃၀၈။ သံ၊ဋီ၊၁၊၃၁၈-၃၂၉။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁၀-ယက္ခသံယုတ္တ၊ ဒွါဒသမသုတ်။
  2. -သုတ္တနိ၊၃၀၅-၇။ သုတ္တနိ၊မြန်၊၂၈၉-၂၉၁။ သုတ္တနိ၊ဋ္ဌ၊၁၊၂၁၂-၂၃၃။ -ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊ ၁-ဥရဂဝဂ္ဂ၊ ဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ