အာဠာဝကဘီလူး ရှုံးနိမ့်ခြင်း

ဂေါတမ မြတ်စွာဘုရားလက်ထက်တော် တွင် မဇ္ဈိမဒေသ၏ အရှေ့မြောက်စွန်းဟိမဝန္တာ အနီးတွင် အာဠာဝီ တိုင်းပြည်ရှိ၏။ ထိုတိုင်းပြည်အတွင်း မင်းနေပြည်ကြီးနှင့် မနီး မဝေး ခရီးတဂါဝုတ်ကျော် ကွာဝေးသောအရပ်၌ ညောင်ပင်ကြီး တစ်ပင်ရှိသည်။ ထိုညောင်ပင်၌ အာဠာဝကဘီလူးသည် စတုမဟာရာဇ် နတ်မင်းတို့ထံတွင် ကျိုးနွံ့ခယလေ့ရှိသောကြောင့် မွန်းတည့်ကာလ ထိုညောင်ပင်ရိပ်ကျရာသို့ ရောက်ရှိ လာသော သတ္တဝါတို့အား စားပိုင်ခွင့်ရရှိလေသည်။ ထိုကြောင့် အာဠာဝကဘီလူးသည် ညောင်ပင်ရိပ်ကျရာသို့ ရောက်လာသမျှသော သတ္တဝါတို့ကို စားသောက်နေထိုင်၏။ ထိုဘီလူး၏ ဗိမာန်မှာ ထိုညောင်ပင်ကြီး၏အနီး တောကြီးအတွင်း၌ တည်ရှိ၍ လူများ တည်ထားသော မြို့ကဲ့သို့ တန်တိုင်းမြို့ရိုး၊ ပစ္စင်၊ ရင်လျှောက်၊ ရင်တား၊ ပြအိုး၊ တံခါး၊ ကျုံးမြောင်းလည်း ရှိ၏။ အပြန့်အားဖြင့် ငါးယူဇနာ၊ အစောက်အားဖြင့် သုံးယူဇနာရှိသော ထိုဗိမာန်၏ အထက်တွင် ကြေးကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားသည် ဖြစ်ရကား လွန်စွာလုံခြုံလေသည်။

တစ်နေ့တွင် အာဠာဝီပြည့်ရှင် ဘုရင်မင်းတရားသည် တောကစားထွက်တော်မူရာ၌ နောက်ပါခြွေရံမိဿံ သင်းပင်းတို့နှင့် တကွ မိမိတို့တာမှ သားကောင်ကို မလွတ်အောင် ဖမ်းကြစတမ်းဟု ကတိကဝတ်ပြုကြပြီးလျှင် လိုက်လံရှာဖွေကြရာ တစ်ခုသော သမင်ကို တွေ့လေသည်။ ထိုသမင်ကို ဝိုင်းဝန်းဖမ်း ကြရာတွင် သမင်သည် မင်းကြီး၏ တာမှ လွတ်ထွက်ပြေးလေသည်။ ထိုအခါ မင်းကြီးက လေးမြားသန်လျှက်တို့ကို ကိုင်ဆောင်ပြီးလျှင် သမင်၏နောက်သို့ အပြင်းလိုက်လေသည်။ မကြာမီကပင် သမင်ကို မိ၍ မောပန်းစွာနှင့် ပြန်လာခဲ့ရာ လမ်းခရီးအကြားတွင် နားနေဦးမည်ဟု နှလုံးပိုက်၍ အာဠာဝက ဘီလူး၏ ညောင်ပင်အရိပ်သို့ ဝင်မိ လေ သည်။ ထိုအခါ အာဠဝကဘီလူးသည် ညောင်ပင်ပေါ်မှ ဆင်းသက်၍ သင် မင်းကြီး မသွားနှင့်တော့၊ သင်ကား ငါ၏အစာဖြစ်ချေပြီဟုဆိုရာ၊ မင်းကြီးသည် များစွာ ကြောက်ရွံ့လျက် သူ၏ကိုယ်စား သမင်ကို စားရန် ပြောလေသည်။ သို့သော် သမင်ရောလူပါ သူ၏အရိပ်သို့ဝင်လာကြသဖြင့် လွှတ်ဖို့ရာ ခွင့်မရှိဟု ဘီလူးက ဆိုလေလျှင် နေ့စဉ်ထမင်းတစ်အုပ်နှင့် လူတစ်ယောက်ကျပို့ပါမည်။ မပို့သောနေ့ကျလျှင် ငါ့အား သင်စား ပိုင်စေဟုပြောဆိုမှ အခွင့်လွတ်လိုက်လေသည်။

မင်းကြီးလည်း နန်းတော်သို့ ရောက်သောအခါ မြို့ဝန် ကိုခေါ်၍ အကြောင်းကို ပြောကြားလျှင် မြို့ဝန်လည်း နေ့ရက် အပိုင်းအခြား မထားခဲ့မိသည်ကို မေးမြန်းသိရှိရ၍ ကြာမြင့်စွာ ဤတာဝန်ကို ရွက်ဆောင်ရလိမ့်မည် ဖြစ်လတ္တံ့ဟုသိသဖြင့် နေ့စဉ်နှောင်အိမ်မှ လူတစ်ယောက်ကျ အပြစ်မှ လွတ်အံ့သကဲ့သို့ ပရိယာယ် ဉာဏ်ဆင်ကာ အပြင်သို့ ထုတ်ပြီးသော် ဤထမင်းထုတ်ကို ညောင်စောင့်နတ်အား ပို့ဆက်၍ သွားလိုရာ သွားလေတော့ဟု နေ့စဉ် တစ်ယောက်ကျ စေလွှတ်လေသည်။နှောင်အိမ်တွင်း၌ လူကုန်လတ်သော် ဥစ္စာထုပ်ကို သင့်လျော်ရာတွင် ချထား၍ ကောက်ယူသူအား အပြစ်ပြုကာ နှောင်အိမ်သို့ ချ၍ ရှေးနည်းအတိုင်း စေလွှတ်ပြန်၏။ နောင်ကာလကြာသော် ထိုအကြောင်းကို ပြည်သူတို့သိ၍ အပြစ်ရှိသူကို မရနိုင်လတ်သော် မွေးဖွားစ ပုခက်တွင်းရွယ် သူငယ်များကို ပို့ပြန်လေသည်။ ဤနည်းအားဖြင့် ၁၂ နှစ်တိုင်တိုင် လူပေါင်း ၄၃၂ဝ ကုန်လေသော် အာဠဝီပြည်၌ တစ်ယောက်သော သူငယ်ကိုမျှရှာ၍ မရနိုင်သဖြင့် တစ်နေ့သောအခါ မင်းကြီး၏သားတော် အာဠဝက ကုမာရမင်းသားငယ် တစ်ယောက်သာလျှင် ပြည်တော်တွင်ရှိကြောင်းကို လျှောက်ကြရာ ထိုမင်းသားငယ်ကိုပင် ပို့ရန်အမိန့်ကျ လေသည်။

အာဠာဝကမင်းသားအား ဘီလူးစားအဖြစ် မပို့မီ တစ်နေ့ နံနက်ကပင် မြတ်စွာဘုရားသခင်သည် မဟာကရုဏာ သမာပတ်ကို ဝင်စားတော်မူ၍ သဗ္ဗညုတညာဏစက္ခုဖြင့် လောကကို ရှုတော်မူသောအခါ အာဠာဝက မင်းသား၏ အနာဂါမိဖိုလ်သို့ရောက်မည့်အကြောင်း၊ အာဠာဝကဘီလူး သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်မည့် အကြောင်းနှင့် ရှစ်သောင်းလေးထောင်သော သတ္တဝါတို့၏ တရားရအံ့သော အကြောင်းကို မြင်တော်မူသဖြင့် လကွယ်နေ့ ညချမ်းအချိန်ကပင် တစ်ကိုယ်တော်တည်း ပရိက္ခရာရှစ်ပါးကို ယူဆောင်လျက် သာဝတ္ထိပြည်မှ ယူဇနာသုံးဆယ်ကွာသော အာဠာဝီပြည်သို့ ကြွတော်မူပြီးလျှင် အာဠာဝကဘီလူး၏ ဗိမာန်သို့အရောက်တွင် တံခါးစောင့်ဖြစ်သော ဂဒြဘဘီလူးက အာဠဝကဘီလူးထံ ခွင့်တောင်းပေးမည့် အကြောင်းလျှောက်ထား ပြီးနောက် အာဠာဝက ဘီလူးရှိရာသို့ ထွက်သွားလေသည်။

မြတ်စွာဘုရားသည် အာဠာဝကဘီလူး၏ ဗိမာန်တွင်းသို့ ဝင်ပြီးလျှင် အာဠာဝကဘီလူး၏ ရာဇပလ္လင်ထက်သို့ တက်၍ ထိုင်တော်မူသည်။ ထိုအခါ အာဠာဝကဘီလူး၏ မောင်းမမိဿံ တို့သည် မြတ်စွာဘုရားထံသို့ လာရောက်ကြပြီးလျှင် ရိုသေစွာ ရှိခိုး၍ ခြံရံကာ နေကြသောအခါ မြတ်စွာဘုရားက သင့်တော် သည့်တရား စကားများကို မိန့်ကြားဟောပြောနေလေသည်။နတ်သဘင်အစည်းအဝေးတွင် သာတာဂိရိနှင့် ဟေမဝတ နတ်ဘီလူးနှစ်ယောက်တို့က အာဠာဝကဘီလူးအား သူ့ဗိမာန်၌ မြတ်စွာဘုရားစံပယ်တော်မူနေသဖြင့် လျင်မြန်စွာ သွားကာ ရှိခိုးပူဇော်ရန် ပြောကြားကြလေသည်။ တံခါးစောင့်ဖြစ်သော ဂဒြဘကလည်း မြတ်စွာဘုရားဗိမာန်တွင်း၌ စံပယ်နေတော်မူ ကြောင်းကို လျှောက်ကြားလေသည်။

အာဠာဝကဘီလူးသည် ဟိမဝန္တာအရပ် နတ်တို့၏ အစည်းအဝေးမှ ပြန်လာ၍ မြတ်စွာဘုရားကို မြင်လေသော် စော်ကား သည့်သဘောအရနှင့် ရုတ်ခြည်းဒေါသထွက်ပြီးလျှင် လက်နက် အမျိုးမျိုး၊ မိုးကြိုးပုဆိန်၊ တိမ်ခိုး လျှပ်စစ်၊ ချုန်းထစ်ရိုက်ကျူးလျက် အထူးထူးသော ကြောက်မက်ဖွယ်တို့ဖြင့် မှုတ်လွှင့် ဖျောက်ဖျက်ရန် နှလုံးသွင်းနှင့် တန်ခိုးချင်းပြိုင်လေရာ အနိုင် မရ ရှုံးသည်ချည်းသာ ဖြစ်၍ နည်းသစ်ကြံကာ ပြဿနာကို မေးမြန်း၏။

ထိုပြဿနာကို အာဠာဝကဘီလူး၏ အမိအဖများသည် ကဿပမြတ်စွာဘုရားထံမှ အဖြေနှင့်တကွ သင်ကြားပြီးသော် သားဖြစ်သော အာဠာဝကအား ငယ်စဉ်ကပင် ကာလကြာရှည် သဖြင့် အဖြေကို မေ့လေလျှင် မေးစဉ် ပုစ္ဆာမျှကိုသာ မမေ့ရလေအောင် ရွှေပြားထက်၌ ဆေးဒန်းမြင်းသီလာဖြင့် သေချာစွာ ရေးကူး၍ ဗိမာန်ဦး၌ ထားလေသည်။

အာဠာဝကဘီလူးက- (၁) လောကသုံးပါး၌ ယောက်ျားမိန်းမ ဟူသမျှတို့၏ မြတ်လှစွာသော ဥစ္စာရတနာကား အဘယ်နည်း။

(၂) လေ့ကျက်ခြင်းတကာဝယ် မည်သည့်အလေ့အကျက်သည် ချမ်းသာကို ဆောင်သနည်း။

(၃) အရသာတို့တွင် မည်သည့်အရသာကို သာလွန် ကောင်းမြတ်သည်ဟု ဆိုအပ်သနည်း။

(၄) အသက်မွေးခြင်းတို့တွင် အဘယ်မည်သော အသက် မွေးခြင်းကို မြတ်သည်ဟု ဆိုအပ်သနည်း ဟုမေး၏။

ထိုအခါ မြတ်စွာဘုရားသခင်သည် ကဿပဘုရားက ဖြေကြားတော်မူသကဲ့သို့ ဖြေကြားတော်မူသည်မှာ-

(၁) ဤလူ့ရွာ၌ ယောက်ျားမိန်းမ ဟူသရွေ့၏ မြတ်လှစွာသော ဥစ္စာရတနာမှာ ရတနာသုံးပါးတို့၏ ဂုဏ်၌ မတုန်မလှုပ် ခင်မင်ကြည်ညိုခြင်း ဖြစ်သည်။

(၂) လေ့ကျက်ခြင်းများအနက် ကောင်းစွာ လေ့လာကျင့်သုံးအပ်သော ကုသိုလ်ကမ္မပထတရား ဆယ်ပါးသည် လူ့ပြည် နတ်ရွာ နိရောဓ ဟု ချမ်းသာသုံးပါးကို မချွတ်နိုင်သော ဆောင်ရွက်ပေသည်။

(၃) အရသာတကာတို့တွင် မှန်ကန်ဖြောင့်မတ်သော စကားသည် အလွန်ကောင်းမြတ်သော အရသာ ဖြစ်သည်။

(၄) အသက်မွေးခြင်း တကာတို့တွင် ပညာဖြင့် အသက်မွေးခြင်းကို လိမ်မာကုန်သော ပညာရှိတို့က မြတ်၏ ဟုဆိုကုန်သည်။

ထိုသို့မြတ်စွာဘုရားဖြေဆိုသည်ကို အာဠဝကဘီလူးသည် အလွန် နှစ်သက်ဝမ်းမြောက်လှသဖြင့် ကြွင်းသေးသော ပြဿနာကို ထပ်ကာ မေးမြန်းပြန်သည်မှာ- (၁) အဘယ်သို့သော အကြောင်းအရာဖြင့် သံသရာဟူသော ဩဃကို ကူးမြောက်နိုင်ပါအံ့နည်း။ (၂) အဘယ်သို့သော အပြားအားဖြင့် ဝဋ်ဆင်းရဲဟူသော သမုဒ္ဒရာကို ကောင်းစွာ လွန်မြောက်နိုင်ပါ အံ့နည်း။ (၃) အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲအပေါင်းမှ ကောင်းစွာ လွတ်ပါအံ့နည်း။ (၄) အဘယ်ရေအေးဖြင့် ကိလေသာဟူသော အညစ်အကြေးကို ဆေးကြောသုတ်သင်၍ စင်ကြယ်ပါ အံ့နည်း။


မြတ်စွာဘုရားက ဖြေတော်မူသည်မှာ- (၁) သဒ္ဓါတရားဖြင့် သံသရာတည်း ဟူသော ဩဃကို ကူးမြောက်နိုင်သည်။ (၂) ကုသိုလ်ကောင်းမှုပြုရာ၌ ပျော်မွေ့ မမေ့မလျော့ခြင်းဖြင့် သမုဒ္ဒရာပမာထက်ကဲ ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်သည်။ (၃) ပါရမီဆယ်ပါး တရားဝီရိယ မြတ်ဓမ္မ၌ နိစ္စကြိုးကုတ် အားထုတ်ခြင်းဖြင့် ဆင်းရဲအပေါင်းကို လွတ်စေနိုင်သည်။ (၄) ဝိပဿနာ ပညာဆယ်ပါး ဉာဏ်တရားဖြင့် ကိလေသာမြူမှေး အညစ်အကြေးမှ စင်ကြယ်စေနိုင်သည်။ ထိုသို့ မြတ်စွာဘုရား ဖြေတော်မူသည်ကို ကြားရသောအခါ အာဠဝကဘီလူးသည် ပါရမီသမ္ဘာရ ရှိသူ ဖြစ်သည့်အလျောက် သောတာပတ္တိဖိုလ်၌ တည်လေသည်။


ထိုသို့ အာဠဝကဘီလူးအား တရားဟော၍ ပြီးဆုံးခြင်း၊ ထို ညဉ့်ကုန်လျက် နေအရုဏ်တက်လျက် မိုးသောက်ခြင်းနှင့် အာဠဝီပြည်သားတို့က အာဠဝကမင်းသားကို ဘီလူးစာအလို့ငှာ ပို့လာ၍ ရောက်ခြင်း တို့သည် တစ်ပြိုင်နက်ဖြစ်လေသည်။ အာဠဝီပြည်သားတို့သည် ဘီလူးအား အာဠဝကမင်းသားကလေးကို အလိုရှိသလိုပြုလုပ်ရန် ပေးအပ်လိုက်ရာ သောတာပန်အဖြစ်သို့ ရောက်ပြီးဖြစ်သော ဘီလူးက သူငယ်ကို လက်နှစ်ဖက်ဖြင့် ချီငင်၍ အရှင်ဘုရား ဤသူငယ်ကို အလိုရှိရာ ပြုတော်မူပါ၊ အကျွန်ုပ်ကပ်လှူ ပါသည်ဟု ဆိုပြီးလျှင် ဘုရားအား သူငယ်ကလေးကို ကပ်လှူလေသည်။


ထိုအခါ မြတ်စွာဘုရားက ချီငင်ခံတော်မူ၍ မင်းချင်းများကို ခေါ်ပြီးလျှင် မင်းသားအား ကောင်းစွာ ကျွေးမွေး၍ ကြီးရင့်သည့်အခါမှ မိမိထံသို့ ယူဆောင်လာရန် မှာကြားပြီးသော် မင်းချင်းတို့၏လက်သို့ ပြန်ရောက်ရသည်ကို အစွဲပြု၍ ထို မင်းသားငယ်ကို ထိုအခါက စ၍ ဟတ္ထာဠဝကမင်းသားဟု တွင်လေသည်။ ဟတ္ထာဠဝကမင်းသားလည်း အရွယ်သို့ ရောက်သောအခါ ခမည်းတော်မင်းကြီးနှင့်တကွ မှူးမတ်အပေါင်းများက အကြောင်းပြသ တိုက်တွန်းကြသဖြင့် မြတ်စွာဘုရားထံသို့ အခြံအရံငါးရာ နှင့်တကွ ဆည်းကပ် ရောက်လာကြလေပြီးနောက် မကြာမီပင် အနာဂါမိဖိုလ်တည်ပြီးလျှင် အရံငါးရာနှင့်တကွ ဘုရားသခင်၏ ခုနစ်ယောက်သော သီတင်းဦးတွင် အပါအဝင် ထင်ရှားစွာ ဖြစ် လေသတည်း။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)