အကျယ်အဝန်းနှင့်လူဦးရေ

ပြင်ဆင်ရန်

အိန္ဒိယပြည်ထောင်စုနိုင်ငံသည် မြောက်မှတောင်သို့ အလျားမိုင် ၂,ဝဝဝ ခန့် (မြောက်လတ္တီတွဒ် ၈ံ ၄ဒ မှ ၃၇ံ ၆ဒ အတွင်း) ရှိပြီးလျှင် အရှေ့မှအနောက်သို့ မိုင် ၁၈၂၂ (အရှေ့လောင်ဂျီတွဒ် ၆၈ံ ၇ဒ မှ ၉၇ံ ၂၅ဒ အထိ) ကျယ်ပြန့်၍ ပြည်ထောင်စုတစ်ခုလုံး၏ အကျယ်အဝန်းပမာဏသည် စတုရန်း မိုင်ပေါင်း ၁,၂၆၆ယ၂၁ဝ ဖြစ်သည်။ ကုန်းမြေနယ်နိမိတ်ကြောင်း အလျားသည် ၉,၄၂၅ မိုင်ဖြစ်၍ ကမ်းရိုးတန်းသည် ၃,၅၃၅ မိုင် ရှည်လျားသည်။၁၉၇၁ ခု သန်းခေါင်စာရင်းအရ အိန္ဒိယနိုင်ငံ၏ လူဦး ရေသည် ၅၄၇,၉၄၉,၈ဝ၉ ယောက်ဖြစ်ရာ ကမ္ဘာပေါ်၌ လူဦးရေ ဒုတိယအထူထပ်ဆုံးနိုင်ငံ ဖြစ်သည်။

ထို့ပြင် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်းများစွာတို့၌ အိန္ဒိယအမျိုးသားတို့ အသက်မွေးဝမ်းကျောင်းလျက်ရှိရာ အထူး သဖြင့် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)နှင့် မြန်မာနိုင်ငံတို့၌ အများဆုံးတွေ့ရသည်။ လူဦးရေများပြားသလောက် လူမျိုးလည်း အထွေထွေဖြစ်သည်။ ယင်းလူမျိုးအထွေထွေတို့၏ မူလဘူတကို လိုက်၍ ခွဲခြားလိုက်လျှင် အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံး တိုင်း ရင်းသားလူမျိုးဟု ဆိုရသော ဒြာဗီးဒီးယန်းလူမျိုးမှ ဆင်းသက် ဆက်နွယ်လာသည့်အုပ်စု၊ (အိန္ဒိယအလယ်ပိုင်းနှင့် အနောက် ပိုင်းဒေသများ၌ တွေ့ရသော ဗီးလနှင့် ဂွန်းလူမျိုးများ၊ အိန္ဒိယ တောင်ပိုင်းမှ တမီလူမျိုးများ။) အနောက်မြောက်ဘက် တောင် ကြားလမ်းများအားဖြင့် အိန္ဒိယနိုင်ငံတွင်းသို့ တစ်သုတ်ပြီးတစ် သုတ် ဝင်ရောက်လာပြီးလျှင် ဒြာဗီးဒီးယန်းလူမျိုးများအား အိန္ဒုမြစ်ဝှမ်းဒေသမှ တိုက်ခိုက်မောင်းထုတ်၍ ထိုဒေသတစ်ဝိုက် ၌ နေထိုင်လွှမ်းမိုးခဲ့သော အာရိယန်လူမျိုးများ၏ အဆက် အနွယ်အုပ်စု၊ (ရာဇပုတ္တလူမျိုးတို့သည် ထိုအုပ်စုဝင်ဖြစ်သည်။) ဒြာဗီးဒီးယန်းနှင့် အာရိယန်အုပ်စုတို့ အရောအနှောရှိ၍ ယင်းတို့ မှ ဆက်နွယ်ပေါက်ဖွားလာသော ဟိန္ဒူ အုပ်စု၊ (ထိုအုပ်စုသည် လူဦးရေလည်းအများဆုံး အုပ်စုဝင် လူမျိုးအရေအတွက်လည်း အများဆုံးဖြစ်သည်။) ခုနစ် ရာစုနှစ်မှစ၍ အိန္ဒိယနိုင်ငံအတွင်း သို့ အဆက်မပြတ်ဝင်ရောက်လာသော မွတ်စလင် အုပ်စုဝင် များ၊ အရှေ့မြောက်ပိုင်းဒေသနှင့် ဟိမဝန္တာတောင်တန်းဒေသ၏ နယ်စပ်များ၌ တွေ့ရှိရသော မွန်ဂိုနှင့် တိဗက်အုပ်စုဝင်များဟူ၍ ငါးစုပိုင်းခြားနိုင်သည်။

ဒြာဗီးဒီးယန်း အုပ်စုဝင်တို့သည် အရပ်ပု၍ အသားမဲ သည်။ ဆံပင်ကောက်သည်။ နှာခေါင်းပွသည်။ ရာဇပုတ္တ လူမျိုးတို့ကဲ့သို့ အာရိယန်အနွယ်ဝင်တို့သည် အရပ်အမောင်း ရှည်သွယ်သည်။ ရုပ်ဆင်းအင်္ဂါ ချောမောသည်။ ဟိန္ဒူအုပ်စုဝင် တို့သည် ဆိုခဲ့သောအုပ်စုကြီးနှစ်စု၏ ကြားဖြစ်လေသည်။ထွေပြားစုံလင်သော လူမျိုးအလိုက်နှင့် ဒေသအလိုက် ပြောဆိုကြသည့် ဘာသာစကားတို့မှာ ၁၉၆၁ ခုနှစ် သန်းခေါင် စာရင်းအရ ၁၆၅၂ မျိုးဖြစ်ကြောင်းတွေ့ရသည်။ အဓိကအားဖြင့် ပင်မဘာသာ စကားကြီးနှစ်မျိုးမှ အခက်အလက်များ ဝေဖြာ ထွက်ခြင်းဖြစ်ရာ ထိုအဓိကဘာသာစကားကြီး နှစ်မျိုးတို့မှာ အင်ဒို-အာရိယန်ခေါ် မြောက်ပိုင်းဘာသာစကားနှင့် ဒြာဗီးဒီး ယန်းခေါ် တောင်ပိုင်းဘာသာစကားတို့ ဖြစ်သည်။ အင်ဒို-အာရိ ယန် ဘာသာစကားမှ ဆင်းသက်ဆက်နွယ်လာသော ဘာသာ စကားတို့အနက် အရေးပါသော ဘာသာစကားတို့မှာ ဟင်ဒီ (လူဦးရေ ၄၆ ရာခိုင်နှုန်း၏ ဘာသာစကား)၊ အူရဒူ၊ ဟိန္ဒူ စတန်နီ၊ ပန်ဂျာဗီ၊ ဗင်္ဂါလီ၊ မာရသီ၊ ဂူဂျာရတ်တီတို့ဖြစ်ကြ သည်။ ဒြာဗီးဒီးယန်းပင်မကြီးမှ ခွဲထွက်လာခဲ့သော ဘာသာ စကားများအနက် တယ်လဂူ (လူဦးရေ ၁ဝ ရာခိုင်နှုန်း၏ ဘာ သာစကား)၊ တမီ၊ ကန္နန္နာ၊ မာလယာလမ်တို့သည် အရေးပါကြ သည်။ ယင်းသို့ ဘာသာစကားအမျိုးမျိုး အပြားပြားဖြစ်နေ သဖြင့် ဆက်ဆံရေးလွယ်ကူစေရန် လွတ်လပ်ပြီးသည့်နောက်ပိုင်း ၌ပင် အင်္ဂလိပ်ဘာသာကို ရုံးသုံးပြုလုပ်ထားခဲ့ရသည်။ သို့သော် ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှအစပြု၍ ဟင်ဒီ ဘာသာကို ရုံးသုံးပြုလုပ်ထားခဲ့လေသည်။

အိန္ဒိယနိုင်ငံတွင် အယူဝါဒကြီးသုံးရပ် ထွန်းကားခဲ့ သည်။ ဟိန္ဒူ (ဗြဟ္မဏ) အယူဝါဒ၊ ဗုဒ္ဓအယူဝါဒ နှင့် အစ္စလာမ် အယူဝါဒတို့ဖြစ်သည်။ ယခုအခါတွင်မူ ဟိန္ဒူအယူဝါဒသည် လူဦးရေ ၈၅ ရာခိုင်နှုန်း ခံယူကိုးကွယ်သော အယူဝါဒကြီး ဖြစ်နေ၍ အစ္စလာမ်အယူဝါဒီများသည် ၁ဝ ရာခိုင်နှုန်းခန့်မျှ သာရှိသည်။ ဗုဒ္ဓဝါဒီများမှာ နိုင်ငံ၏လူဦးရေနှင့် နှိုင်းစာသော် အလွန်နည်းပါးလှသည်။ နိုင်ငံလူထု ကိုးကွယ်ကြသော အခြား အယူဝါဒတို့မှာ ခရစ်ယာန် (၂၏၃၅ ရာခိုင်နှုန်း)၊ ဆစ် (၁၏၇၄ ရာခိုင်နှုန်း)၊ ဂျိန်း၊ ပါရစီ၊ ယဟူဒီ စသည်တို့ဖြစ်ကြလေသည်။

အာရှတိုက်မှ တောင်ဘက်သို့ထိုးထွက်နေသော ကျွန်း ဆွယ်ကြီးသုံးခုအနက် ဗြိတိသျှအိန္ဒိယသည် အလယ်ကျွန်းဆွယ် ကြီး၏ ကြီးမားလှသောအစိတ်အပိုင်းဖြစ်သည်။ မြောက်ဘက် ပိုင်းရှိ ဟိမဝန္တာတောင်တန်းကြီးက အခြားနိုင်ငံများနှင့် သီးသန့် ပိုင်းခြားထားခြင်း၊ တိုင်းပြည်၏ ကျယ်ဝန်းကြီးမားခြင်း၊ အမြဲ တစေ ရေခဲ၍ ချမ်းအေးလှသောဒေသ၊ အမြဲပူပြင်းခြောက်သွေ့ သောဒေသ၊ မိုးများသောဒေသ၊ မိုးပါးသောဒေသ စသည်ဖြင့် ရာသီဥတုအထွေထွေရှိခြင်း၊ လူမျိုးအစုံစုံ၊ ဘာသာအယူဝါဒ အဖုံဖုံရှိခြင်းကြောင့် တိုက်ကလေး တစ်တိုက်သဖွယ် မှတ် ယူရပေသည်။ အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နှစ်နိုင်ငံပိုင်းခြား လိုက်ပြီးသည့်နောက်တွင်ပင် အိန္ဒိယပြည်ထောင်စုသမ္မတနိုင်ငံ သည် ကမ္ဘာ၌ သတ္တမအကြီးဆုံးနိုင်ငံကြီး ဖြစ်နေပေသေးသည်။ဆီးနှင်းရေခဲများ မပြတ်ဖုံးလွှမ်းသော တောင်စဉ်တောင် ထွတ် အများအပြားပါဝင်သည့် ဟိမဝန္တာတောင်တန်းဒေသ၏ တစ်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးရှိ၍ နီပေါနိုင်ငံ နှင့် အိန္ဒိယအစိုးရ၏ အစောင့်အရှောက်ခံ ဘူတန်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်လာသော ဆစ်ကင်းပြည်နယ် နှစ်ခုတို့သည် ဟိမဝန္တာတောင်တန်းဒေသ၌ ပါဝင်သည်။ အရှေ့ ဘက်ရှိ တောင်စဉ်တောင်တန်းတို့သည် အိန္ဒိယနိုင်ငံနှင့် မြန်မာ နိုင်ငံကို ပိုင်းခြားထားသည်။ အရှေ့မြောက်ဘက်၌ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိသည်။ အနောက်မြောက်ဘက်တွင် ပါကစ္စတန်နိုင်ငံ ရှိသည်။ တောင်ဘက်တွင် မန္နားပင်လယ်ကွေ့နှင့် ပေါ့ရေလက် ကြားတို့သည် အိန္ဒိယနှင့် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ကို ပိုင်း ခြားထားသည်။

မြေမျက်နှာသွင်ပြင်

ပြင်ဆင်ရန်

အိန္ဒိယနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို သဘာဝအား ဖြင့်သုံးပိုင်းပိုင်းခြားနိုင်သည်။ ယင်းတို့မှာ (၁)ဟိမဝန္တာတောင် တန်းဒေသ၊ (၂)အိန္ဒု-ဂင်္ဂါလွင်ပြင်ဒေသ၊ (၃)တောင်ပိုင်းကျွန်း ဆွယ်ဟူ၍ဖြစ်သည်။ ဟိမဝန္တာတောင်တန်းဒေသတွင် တောင်စဉ်တောင်တန်း သုံးခု ယှဉ်ပြိုင်ပါဝင်၍ ကုန်းပြင်မြင့်ကြီးများနှင့် တောင်ကြား ချိုင့်ဝှမ်းများလည်းရှိရာ ကသ္မီရနှင့် ကူလူတောင်ကြားဒေသကဲ့ သို့သော အချို့ တောင်ကြားချိုင့်ဝှမ်းကြီးများသည် ကျယ်ပြန့်၍ မြေဩဇာ ထက်သန်ကောင်းမွန်ကြပြီးလျှင် အလွန်သာယာလှပ သော ရှုခင်းရှုကွက်များလည်း ပေါများလှပေသည်။ ကမ္ဘာပေါ်၌ အမြင့်ဆုံးတောင်ထွတ်များဖြစ်ကြသော ဧဝရက်တောင် (၂၉ဝ၂၈ ပေ)၊ ကန်ချန်ဂျန်ဂါတောင် (၂၈၁၄၆ ပေ)၊ ဒေါ်လာဂီရိတောင် (၂၆၈၂၆ ပေ) နှင့် နန္ဒာဒေဝီတောင် (၂၅၆၆၁ ပေ) တို့ကို ထိုတောင်တန်းဒေသ၌ တွေ့ရသည်။ မြင့်မားသော တောင်စဉ် တောင်တန်းများဒေသဖြစ်သဖြင့် ထိုအပိုင်းတွင် တောင်ကြား လမ်း အနည်းငယ်ကိုသာ တွေ့ရသည်။ ယင်းတို့အနက် ဂျီလက် လာနှင့် နတူးလာတောင်ကြားလမ်းတို့သည် ထင်ရှားလေသည်။

နံရံတံတိုင်းကြီးသဖွယ် ဝိုက်ပတ်ကာဆီးလျက်ရှိသော တောင်တန်းဒေသ၏ အလျားသည် မိုင် ၁၅ဝဝ ခန့်ရှိ၍ အနံ အားဖြင့် မိုင် ၁၅ဝမှ ၂ဝဝ အထိ ကျယ်ပြန့်သည်။ အရှေ့ဘက် ၌ အိန္ဒိယနှင့် မြန်မာနိုင်ငံ အကြားတွင်လည်းကောင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် အကြားတွင်လည်းကောင်း တောင်နံရံကြီး သည် အတော်ပင်နိမ့်ဆင်းသွားသည်။ ဂါရို၊ ခါဆီ၊ ဂျိန်တီယာ နှင့် နာဂတောင်တန်းတို့သည် အရှေ့အနောက် သွယ်တန်းလျက် ရှိရာ တောင်နှင့်မြောက် သွယ်တန်းလျက်ရှိသော လူရှိုင်းတောင် တန်းနှင့် ရခိုင်ရိုးမတို့ကို ဆက်စပ်ပေးလေသည်။

အိန္ဒု-ဂင်္ဂါလွင်ပြင်ကြီးသည် အိန္ဒိယမြောက်ဘက်ပိုင်း တစ်ခုလုံးလောက်ပင်ဖြစ်၍ ယင်းကို ဟိန္ဒူစတန်လွင်ပြင်ဟု လည်းခေါ်သည်။ အိန္ဒု၊ ဂင်္ဂါ၊ ဗြဟ္မပုတ္တရမြစ်ကြီးများနှင့် ယင်း တို့၏လက်တက်များ စီးဆင်းရာဒေသဖြစ်သည်။ အာရေဗျ ပင်လယ်မှသည် ဘင်္ဂလားပင်လယ်အော်အထိ ကျယ်ပြန့်၍ မိုင် ၂ဝဝဝ ခန့် အလျားရှိပြီးလျှင် မိုင် ၁၅ဝ မှ ၂ဝဝ ခန့်မျှ ကျယ်ပြန့်သည်။

ယင်းသည် ကမ္ဘာပေါ်၌ အကျယ်ပြန့်ဆုံးသော နုန်း တင်မြေနုလွင်ပြင်ကြီး ဖြစ်ပြီးလျှင်လူဦးရေ အထူထပ်ဆုံးအပိုင်း လည်းဖြစ်သည်။ ဂင်္ဂါမြစ်နှင့် မြစ်လက်တက်များဖြစ်ကြသော ယမုနာ၊ ဂုမ္မတိ၊ ဆုန်း၊ ဂိုဂရာ၊ ဂန်ဒတ်နှင့် ကိုစီမြစ်တို့၏ မြစ် ဝှမ်းများ၊ အရှေ့ဘက်စွန်းမှနေ၍ လွင်ပြင်ကြီးထဲသို့ ဝင်လာ သော ဗြဟ္မပုတ္တရမြစ်ဝှမ်း၊ အိန္ဒုမြစ်၏ လက်တက်များဖြစ်ကြ သော ရာဗီ၊ ဗီအပ်နှင့် ဆတ္တလက် မြစ်ကြီးသုံးသွယ်တို့၏ မြစ်ဝှမ်းများ ဆက်စပ်ဖြစ်ပေါ်သော လွင်ပြင်ဒေသကြီးဖြစ်၍ ဆို ခဲ့သောမြစ်များ ရေလျှံပြီးသည့်အခါ ကျန်ရစ်သော နုန်းမြေများ ကြောင့် မြေဩဇာ ထက်သန်ကောင်းမွန်သော ဒေသဖြစ်သဖြင့် စိုက်ပျိုးဖြစ်ထွန်းလှပေသည်။ လွင်ပြင်ကြီးတစ်ခုလုံးတွင် တောင် ကုန်းဟူ၍ မရှိသလောက်ရှားပြီးလျှင် မြေပြန့်မြေနိမ့်ဖြစ်သော ကြောင့် မြစ်တို့သည် နှေးကွေးစွာ စီးဆင်းကြသည်။

အိန္ဒု-ဂင်္ဂါလွင်ပြင်ကြီး၏ တောင်ဘက်ပိုင်းဖြစ်သော အိန္ဒိယကျွန်းဆွယ်သည် တစ်ခုလုံးလိုလို ကုန်းပြင်မြင့်ဖြစ်ရာ ဒက္ခိဏကုန်းပြင်မြင့်ဟုခေါ်သည်။ အင်ဒို-ဂင်္ဂါလွင်ပြင်နှင့် ဒက္ခိ ဏကုန်းပြင်မြင့်ကို ပေ ၁၅ဝဝ မှ ၄ဝဝဝ အထိ အနိမ့်အမြင့်ရှိ ကြသော တောင်ကုန်းတောင်တန်းများဖြင့် ပိုင်းခြားထားရာ ယင်းတို့အနက် အာရဝတီ၊ ဝိန္ဒိယ၊ ဆတ်ပူရ၊ မိုင်ကာလာနှင့် အဇန္တတောင်တန်းတို့သည် ထင်ရှားပေါ်လွင်ကြသည်။ ဒက္ခိဏ ကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းသည် အရှေ့ဘက်စွန်းထက် ပို၍မြင့်သည်။ ထိုကြောင့် ကျွန်းဆွယ်၏ မြေမျက်နှာပြင်သည် အနောက်မှအရှေ့သို့ နိမ့်‌ေလျှာသွားသည်။ ဒက္ခိဏကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းကို အနောက်ဘက် တောင်တန်းဟုခေါ်၍ အရှေ့ဘက်စွန်းကို အရှေ့ဘက်တောင် တန်းဟု ခေါ်လေသည်။ အနောက်ဘက်တောင်တန်းသည် ပေ ၃ဝဝဝ မှ ၄ဝဝဝ အထိမြင့်၍ အချို့နေရာများတွင် ပေ ၈၈၄ဝ မြင့်သည်။ အရှေ့ဘက်တောင်တန်းမှာမူ ပျမ်းမျှပေ ၂ဝဝဝ ခန့်သာ အမြင့်ရှိလေသည်။ အနောက်ဘက်တောင်တန်းနှင့် အာရေဗျပင်လယ်ရေပြင်အကြားတွင် ကျဉ်းမြောင်းသော ကမ်း မြှောင်ဒေသရှိ၍ အရှေ့ဘတ်တောင်တန်းနှင့် ဘင်္ဂလားပင်အော် ရေပြင်အကြားရှိ ကမ်းမြှောင်ဒေသမှာမူ ပို၍ကျယ်ပြန့်လေသည်။ ဒက္ခိဏကုန်းပြင်မြင့်၏ တောင်ဘက်စွန်းသည် အနောက်ဘတ် တောင်တန်းနှင့် အရှေ့ဘက်တောင်တန်းတို့ ပေါင်းဆုံရာ တောင်ကုန်းဖြစ်၍ ယင်းကို နီလာဂီရိတောင်ကုန်းဟု ခေါ်ဝေါ် ကြသည်။

အိန္ဒိယကျွန်းဆွယ်ကြီး၏ တောင်ဘက်အစွန်းကို ကိုမို ရင်အငူဟုခေါ်လေသည်။ အိန္ဒိယနိုင်ငံတွင် မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့ ပေါများသော်လည်း အင်းအိုင်နည်းပါးသည်။ အိန္ဒု၏မြစ်လက် တက်ကြီးများ၊ ဂင်္ဂါနှင့် ယင်း၏မြစ်လက်တက်များ၊ ဗြဟ္မပုတ္တရ မြစ်တို့သည် ဟိမန္တာတောင်စဉ်တောင်တန်းတို့မှ ပျော်ကျစီးဆင်း သော နှင်းများက ရေဖြည့်တင်းပေးနေသောကြောင့် တစ်နှစ် လုံး ရေမပြတ်ပေ။ ထိုမြစ်ကြီးများတို့တွင် မိုးရာသီအခါ ပို၍မြစ်ရေများ တိုးကာရေလျှံကြသေးသည်။ ဒက္ခိဏမြစ်များဖြစ် ကြသော ဂိုဒါဝရီ၊ ကစ္စနား၊ ကာဗာရီ စသည်တို့မှာမူ မိုးရေကို အားထားနေကြရသဖြင့် နွေအခါတွင် ရေအလွန်နည်းသွားကာ အချို့မြစ်ငယ်၊ ချောင်းငယ်များသည် နွေရာသီတွင် ခန်းခြောက် သွားကြသည်။ ကမ်းရိုးတန်းမြစ်များ အထူးသဖြင့် အနောက် ဘက်ကမ်းရိုးတန်းများသည် အလျားတို၍ ရေဆင်းနယ်လည်း သေးငယ်သည်။ များသောအားဖြင့် နွေအခါရေခန်းသည်။ ရာဇာ ဋ္ဌာန်ပြည်နယ် အနောက်ပိုင်းတွင် ကုန်းတွင်းမြစ်အနည်းငယ် တွေ့ရှိရသည်။ ကြာရှည်မတည်တံ့နိုင်သော မြစ်မျိုးဖြစ်ပြီးလျှင် မြစ်တစ်မြစ်စီ သီးခြားမြစ်ကြောင်းဖြင့် စီးကြ၍ ဆမ်းဗားမြစ် ကဲ့သို့ ဆားအိုင်တစ်ခုခုအတွင်းသို့ လည်းကောင်း၊ သဲမြေ အတွင်းသို့လည်းကောင်း စီးဝင်ကြပြီးလျှင် မြစ်ကြောင်းပျောက် သွားကြသည်။ လူနီမြစ်တစ်မြစ်သာလျှင် ကတ်ချပင်လယ်ကွေ့ ထဲသို့စီးဝင်သည်။

အိန္ဒိယမြစ်ဝှမ်းဒေသများအနက် ဂင်္ဂါမြစ်ဝှမ်းသည် အကြီး ဆုံး ဖြစ်သည်။ အရေးအပါဆုံးသော မြစ်ဝှမ်းလည်းဖြစ်သည်။ ယင်း၏ရေဆင်းဒေသသည် အိန္ဒိယတစ်နိုင်လုံး၏ လေးပုံတစ်ပုံ ခန့်ရှိသည်။

အိန္ဒိယနိုင်ငံ၏ ကမ်းရိုးတန်းသည် အကောက်အကွေ့ နည်းပါးသဖြင့် သဘာဝသင်္ဘောဆိပ်ကောင်း နည်းပါးသည်။ ဘုံဘိုင်၊ ကိုချင်၊ ဂိုအာနှင့် မဒရပ်မြို့တို့၌ သဘာဝသင်္ဘောဆိပ် ကောင်းများရှိသည်။ ကာလကတ္တားမြို့၏ သင်္ဘောဆိပ်သည် ဂင်္ဂါမြစ်ဝကျွန်းပေါ်၌တည်ရှိသည်။ ထိုနိုင်ငံကြီး၏ အရှေ့ဘက် ကမ်းရိုးတန်းကို ကိုရိုမန်ဒယ်ဟုခေါ်ဆို၍ အနောက်ဘက် ကမ်း ရိုးတန်းအောက်ပိုင်းကို မာလဗာဟု ခေါ်ဆိုကြလေသည်။

အိန္ဒိယတစ်နိုင်ငံလုံးသည် အီကွေတာ၏ မြောက်ဘက် ၌ရှိ၍ နိုင်ငံ၏တစ်ဝက်ခန့်သည် အပူပိုင်းဇုန်အတွင်း၌ ကျ ရောက်ပေရာ၊ မြေနိမ့်ပိုင်းဒေသများသည် တစ်နှစ်ပတ်လုံး အပူ ချိန်မြင့်သည်။ တောင်ဘက်ကမ်းရိုးတန်းဒေသနှင့် ဂင်္ဂါမြစ်ဝ ကျွန်းပေါ်တွင် ရာသီဥတုစိုစွတ်ထိုင်းမှိုင်းသည်။ ပန်ဂျပ်ပြည်နယ် တောင်ဘက်အလွန်တွင် ပူပြင်းခြောက်သွေ့သော သဲကန္တာရရှိ သည်။ မြောက်ဘက်ပိုင်းရှိ ဟိမဝန္တာတောင်တန်းဒေသ၌မူ ရာသီဥတုအေးမြ၍ တောင်ထိပ်များစွာတို့မှ ဆီးနှင်းရေခဲများဖြင့် တစ်နှစ်ပတ်လုံး ဖွေးဖွေးဖြူနေကြလေသည်။

အိန္ဒိယနိုင်ငံ၏ ရာသီဥတုကို မုတ်သုန်လေတို့က အများဆုံးပြုပြင်ဖန်တီးသည်။ အိန္ဒိယရာသီဥတုတို့သည် ယေဘူ ယျအားဖြင့် မြန်မာနိုင်ငံမှာကဲ့သို့ (၁) အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဆောင်းရာသီ၊ (၂) မတ်လမှ ဇွန်လလယ် အထိ နွေရာသီ၊ (၃) ဇွန်လလယ်မှ စက်တင်ဘာလအထိ မိုး ရာသီဟူ၍ သုံးမျိုးရှိသည်။

အနောက်တောင် မုတ်သုန်ရာသီလေသည် အနောက် ဘက်ကမ်းရိုးတန်းဒေသဆီသို့ ဇွန်လဆန်းမှ စတင်တိုက်ခတ်ရာ အရှေ့ဃတ်တောင်တန်း၏ မိုးကွယ်အရပ်ဖြစ်သော မဒရပ်ဒေသ မှလွဲ၍ တစ်နိုင်ငံလုံးလိုလို၌ ဇွန်လမှစက်တင်ဘာလအတွင်း မိုးရွာသည်။ ထိုရာသီကုန်ဆုံးသွားသောအခါ အရှေ့မြောက်ရာသီ လေတိုက်ခတ်လေရာ ယင်းသည် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းလာသဖြင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသများဖြစ်သော မဒရပ်နှင့် ဩရိဿနယ်တို့တွင် အထူးသဖြင့် အောက်တိုဘာနှင့် နိုဝင်ဘာလများ၌ မိုးအများဆုံးရွာသည်။

ရွာချသော မိုးရေချိန်အနည်းအများကိုလိုက်၍ ဒေသ သုံးမျိုးခွဲခြားနိုင်ရာ၊ (၁) တစ်နှစ်အတွင်း ပျမ်းမျှမိုးရေချိန် လက်မ ၈ဝ ကျော်၍ မိုးကောင်းသည်ဟု ခေါ်ဆိုရသောဒေသ များမှာ အနောက်ဘက် ကမ်းရိုးတန်းဒေသ၊ ဘင်္ဂလားပြည်နယ် နှင့် အာသံပြည်နယ်တို့ဖြစ်သည်။ အာသံပြည်နယ်ရှိ တောင် တန်းဒေသတွင် တစ်နှစ်အတွင်း မိုးရေချိန်လက်မ ၄၈ဝ ကျော် သည်။ မိုးကောင်းသော ထိုဒေသများအနက် လွင်ပြင်ဒေသ ဖြစ်လျှင် ဆန်စပါးစိုက်ပျိုးဖြစ်ထွန်း၍ တောင်ကုန်းဒေသဖြစ်ပါမူ အမြဲစိမ်းသစ်တောများ ထူထပ်စွာပေါက်ရောက်သည်။ (၂) မိုးရေ ချိန်လက်မ ၈ဝ မှ ၄ဝ အတွင်းရရှိ၍ မိုးသင့်တင့်သော ဒေသများမှာ ဒက္ခိဏကုန်းပြင်မြင့်၏ အရှေ့မြောက်ပိုင်းနှင့် ဂင်္ဂါ မြစ်ဝှမ်းတို့ပါဝင်သည်။ ယင်းဒေသမျိုးအနက် လွင်ပြင်ဒေသဖြစ် ပါမူ တူးမြောင်းမသွယ်ဘဲနှင့် စိုစွတ်ဒေသပေါက်ကောက်မျိုးနှင့် မိုးပါးရေရှားဒေသ ပေါက်ကောက်မျိုးတို့ကို စိုက်ပျိုးလုပ်ကိုင်နိုင်သည်။ တောင်ကုန်းဒေသများ၌မူ အဖိုးတန်ကျွန်းနှင့် အင်ကြင်း တောများ ပေါများသည်။ (၃) မိုးရေချိန်လက်မ ၄ဝ မှ ၂ဝ အကြားရရှိ၍ မိုးပါးသောဒေသတို့မှာ ဒက္ခိဏကုန်းပြင်မြင့်၏ တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်း၊ မဒရပ်နှင့် ဂင်္ဂါမြစ်ဖျား ဒေသတို့ဖြစ်သည်။ လွင်ပြင်ဒေသတို့၌ နှံစားပြောင်း၊ လူး၊ ဆတ် စသော မိုးပါးရေရှား ကောက်မျိုးတို့ကိုလည်းကောင်း၊ တူးမြောင်းသွယ်ပြီးလျှင် ဆန်စပါးစသော စိုစွတ်ဒေသကောက် မျိုးတို့ကိုလည်းကောင်း စိုက်ပျိုးလုပ်ကိုင်နိုင်သည်။ ကုန်းမြင့် ဒေသများ၌မူ သစ်ကြီးဝါးကြီးမရှိလှဘဲ ချုံပုတ်စေးပျစ်များသာ ထူပြောလေသည်။ ရာဇဌာန်ပြည်နယ် အနောက်ပိုင်းနှင့် သား သဲကန္တာရတို့တွင် တစ်နှစ်ပတ်လုံးမိုးရေချိန်သည် လက်မ ၂ဝ မှ ဝ အထိဖြစ်၍ အလွန်မိုးနည်းပါးသဖြင့် ပူပြင်းခြောက်သွေ့ လှပေသည်။ ဟိမဝန္တာတောင်တန်း ဒေသမှာမူ အလွန်မိုးများ သည်။ တစ်နှစ်လျှင် မိုးရေချိန် လက်မ ၁ဝဝ မှ ၃ဝဝ ခန့် အထိ မှန်မှန်ရရှိသည်။

ဇန်နဝါရီလတွင် အနောက်မြောက်ဘက်ပိုင်း၌ အပူချိန် သည် ဖာရင်ဟိုက်ဒီဂရီ ၅ဝ မှ ၅၅ အထိ ရှိ၍ တောင် ဘက်ပိုင်းတွင် ဒီဂရီ ၇၅ မှ ၈ဝ အထိရှိသည်။ ဖေဖော်ဝါရီလ ကုန်ဆုံးလျှင် အပူချိန်တက်စပြုလာ၍ မေလတွင် အလွန်ပူပြင်း ခြောက်သွေ့လှရာ၊ ပင်လယ်ရေပြင်နှင့် နီးစပ်သောဒေသများနှင့် တောင်စခန်းမြို့များမှလွဲလျှင် မြောက်ပိုင်းတွင် မဇ္ဈိမအပူချိန် သည် ဖာရင်ဟိုက် ဒီဂရီ ၉ဝ ပတ်ဝန်းကျင်၌ရှိ၍ အမြင့်ဆုံး အပူချိန် ဒီဂရီ ၁၁ဝ မှ ၁၂ဝ အထိပင် တက်တတ်လေသည်။ လွင်ပြင်ဒေသများတွင် သဲမုန်တိုင်းများ မကြာခဏ ကျရောက် တတ်လေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)