အိမ်ထောင်အတွင်း သာယာစိုပြည် အောင် ပြုစုထိန်းသိမ်းသော အတတ်ကို အိမ်တွင်းမှုသိပ္ပံပညာ ဟု ခေါ်သည်။ ဤပညာတွင် အချက်အပြုတ်၊ အချုပ်အလုပ်၊ အသိမ်းအဆည်း၊ အိမ်ကို တန်ဆာဆင်မှု၊ ဈေးဝယ်ခြမ်းမှု၊ သား သမီးများကို ပြုစုထိန်းသိမ်းမှု၊ ကျန်းမာရေးပညာ စသည်တို့ ပါဝင်လေသည်။

ရာသီဥတုဒဏ်ကို ခံနိုင်ရန်အတွက် ငှက်တို့သည် အသိုက်ပြုလုပ်၍ ခိုလှုံကြသည်။ သားရဲ တိရစ္ဆာန်တို့သည် ဂူ တွင်း၌ အောင်းကြသည်။ ထို့အတူပင် လူသည်လည်း ရှေး ပဝေဏီကစ၍ အပူအအေးဒဏ်နှင့် ဘေးအန္တရာယ်တို့မှ ကာ ကွယ်ရန် ဂူအတွင်းနေထိုင်ခဲ့ရာမှ ယခုခေတ်တွင် နေအိမ် တိုက်တာ အဆောက်အအုံနှင့် နေထိုင်ကြသောအဆင့်အတန်းသို့ ရောက်ခဲ့သည်။ နေအိမ်ဟူသည် လူအများအား ဘေးအန္တရာယ် အပေါင်းမှ လုံခြုံမှုကိုပေး၍ ကိုယ်စိတ်နှစ်ပါးသာယာချမ်းမြေ့စွာ နားရာ၊ မွေ့လျော်ရာ လောကီသားတို့၏ အာရုံအစူးစိုက်ဆုံး နေရာ ဖြစ်ပေသည်။ ယင်းသို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို ဆောင်သောအိမ်ကို အထူးသဖြင့် မိန်းမသားများသည် စီမံခန့်ခွဲ ညီညွတ်အောင် ကွပ်ကဲကြရလေသည်။ ထို့ကြောင့် အိမ်တွင်းမှု လုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာဒဒ ဟူ၍ အိမ်သူမိန်းမ ၏ ဝတ္တရားငါးပါးတွင် အိမ်တွင်းမှုအလုပ်ကို ဝတ္တရားတစ်ပါး အနေဖြင့် သိင်္ဂါလောဝါဒသုတ်တွင် ပြဆိုထားခဲ့လေသည်။

လူနေမှုအခြေအနေသည် အစဉ်မပြတ်ပြောင်းလဲနေသည် နှင့်အမျှ အိမ်မှုကိစ္စအဝဝသည်လည်း များပြားရှုပ်ထွေးလာလေ သည်။ ရှေးအခါက အိမ်ရှင်မများသည် အမိ၊ အဒေါ် စသော ကိုယ့်ထက်ကြီးသည့် အိမ်ရှင်မများ သင်ကြားပေးသည့် စနစ် များအတိုင်း အိမ်တွင်းမှုကို ဆောင်ရွက်ထိန်းသိမ်းသွားကြသည်။ သို့ရာတွင် သိပ္ပံပညာထွန်းကားလာ၍ လူ့အသုံးအဆောင်ပစ္စည်း၊ အိမ်သုံးပစ္စည်းများ ရှေးနှင့်မတူ ပြောင်းလဲလာသောအခါ ရှေး စနစ်အိမ်တွင်းမှုပညာနှင့်သာမလုံလောက်တော့ဘဲ ခေတ်နှင့်အညီ ကောင်းမွန်တိုးတက်စေရန် ကြံဆပြုပြင်ကြရသည့်အတိုင်း လွန် ခဲ့သည့်နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ် ခန့်မှစ၍ ထို အိမ်တွင်းမှုဝတ္တရား အထွေထွေကို သိပ္ပံပညာရပ်တစ်ခုအနေဖြင့် အသိအမှတ်ပြုခဲ့ရလေသည်။ ထိုအချိန်မှစ၍ တိုးတက်လျက်ရှိ သောနိုင်ငံကြီးများတွင် အမျိုးသမီးများအတွက် အိမ်တွင်းမှုသိပ္ပံ ကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်ခဲ့ကြ၍ အချို့နိုင်ငံများ တွင် ကျောင်းများ၊ တက္ကသိုလ်များ၌ ဘာသာရပ်တစ်ခုအနေနှင့် သင်ကြားပေးလျက်ရှိလေသည်။

အိမ်တွင်းမှုလုပ်ငန်းသည် တိတိကျကျ အမည်ဖော်မပြ နိုင်သော်လည်း၊ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး အားလပ်ခွင့် မရလောက်အောင် ကျယ်ဝန်းများပြားလှလေသည်။ ယင်းသို့ အပြောကျယ်လှစွာသောလုပ်ငန်းကို အချိန်လည်းမကုန်၊ လူ လည်းမပင်ပန်းစေဘဲ၊ ခေတ်မီနည်းများဖြင့် တွင်ကျယ်စွာဆောင် ရွက်နိုင်အောင် အိမ်တွင်းမှုသိပ္ပံပညာက သင်ပြပေးလေသည်။ အိမ်တွင်းမှုဆိုသည့်အတိုင်း အိမ်တွင်းနှင့် သက်ဆိုင်သော အိမ်ထောင်ပရိဘောဂ၊ စဖိုဆောင်သုံးပစ္စည်း ကိရိယာများ ကို ခေတ်အမီဆုံး လျှပ်စစ်ဓာတ်အား အကူအညီဖြင့် အသုံးချ နိုင်အောင် ပြုလုပ်ထားသောကြောင့် အနောက်နိုင်ငံများတွင် စဖို ဆောင်၌ ရေနွေးကျိုလျှင် လျှပ်စစ်ဓာတ်ကရားနှင့် ငါးမိနစ် အတွင်း ရေကိုပွက်ပွက်ဆူစေနိုင်၏။ ပန်းကန်ပြားများကို ဆေး ကြောလိုလျှင်လည်း လက်ဖြင့် အညစ်အကြေးအပေအရေမခံရဘဲ စက်ဖြင့် သန့်ရှင်းစင်ကြယ်အောင်ဆေးကြောနိုင်၏။ အဝတ် အစားအဟောင်းတို့ကို လျှော်ဖွပ်ပြီး၍ မီးပူတိုက်ပြီးသားအဖြစ် တစ်ခါတည်းထွက်လာနိုင်အောင် ဖန်တီးပေးသောစက်များလည်း ရှိလေသည်။ သို့မဟုတ်လျှင်လည်း လျှော်ပြီးသားအဝတ်တို့ကို လျှပ်စစ်ဓာတ်အားဖြင့် သုံးနိုင်သည့် မီးပူဖြင့် မီးပူတိုက်နိုင်လေ သည်။ ထို့ပြင် လျှပ်စစ်ဖြင့် မုံ့ကင်နိုင်ရန်အတွက် အသုံးပြု သော ကိရိယာများ၊ လျှပ်စစ်ဓာတ်အားသုံး ရေခဲသေတ္တာများ၊ အစားအသောက်ကို မပုပ်မသိုးအောင်ထားနိုင်သော လျှပ်စစ် ဓာတ်အားသုံး အအေးသေတ္တာများ၊ အလိုအလျောက် အလုပ်ပြီး သွားနိုင်သော လျှပ်စစ်ဓာတ်အားသုံး အဝတ်လျှော်စက်များ၊ အဝတ်ည|စ်သည့် ကိရိယာများ၊ လျှပ်စစ်ဖြင့် ထမင်းဟင်းစသော စားသောက်ဖွယ်ရာတို့ကို အချိန်နှင့်ကိုက်၍ ချက်သွားနိုင်သော မီးဖိုစင် (ယင်းမီးဖိုစင်၌ နာရီအပြီးပါသည်။) စသော ပြော၍ မယုံနိုင်လောက်အောင် ထူးခြားဆန်းပြားသည့် မီးဖိုဆောင်သုံး ပစ္စည်းများကို တီထွင်လုပ်ကိုင်ပြီး ဖြစ်သည်။ ထိုကိရိယာများကို ကိုင်တွယ်အသုံးချတတ်ဖို့ အိမ်ရှင်မအတတ်ကို စနစ်တကျတတ် မြောက်ဖို့ လိုလာလေသည်။

အိမ်တွင်းမှုသိပ္ပံပညာကို ကျောင်းသင်ဘာသာရပ်တစ်ခု အဖြစ်သင်ကြားရာ၌ နေထိုင်ရန်အိမ်ကို ရွေးချယ်ပုံ၊ သာယာ ချမ်းမြေ့သော အိမ်ဂေဟာဖြစ်အောင် မွမ်းမံပြင်ဆင်ပုံ၊ အစား အစာရွေးချယ်ပုံ၊ စီမံချက်ပြုတ်ပုံ၊ အဝတ်အစားရွေးချယ်ပုံ၊ ချုပ် လုပ်ပုံ၊ သိမ်းဆည်းပုံ၊ ကလေးသူငယ်များ ထိန်းသိမ်းစောင့် ရှောက်ပုံ အိမ်သူအိမ်သားများ နာမကျန်းဖြစ်သည့်အခါ ပြုစု စောင့်ရှောက်ပုံတို့ ပါဝင်လေသည်။

အိမ် ပြင်ဆင်ရန်

အိမ်သည် လူတို့ခိုလှုံရာ မရှိမဖြစ်သောနေရာဖြစ်သည်။ မိမိ၏နေအိမ်သည် ရေ နေ လေ စသည်တို့ ကောင်းမွန်စွာရရှိ ၍ ကျန်းမာရေးနှင့်ညီညွတ်ပြီးလျှင် အိမ်သူအိမ်သားတို့နှင့် လျော်ကန်သင့်မြတ်ဖို့လိုသည်။ နေအိမ်သည် လူတို့၏ကိုယ်စိတ် နှစ်ပါး အနားယူရာနေရာဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်စွာ ရှိသင့် ရုံမက အဖြစ်နိုင်ဆုံး ဆိတ်ငြိမ်မှုကို ရစေသင့်သည်။ အိမ်ကို နေချင့်စဖွယ်သာယာတင့်တယ်အောင် ပြင်ဆင် မွမ်းမံတတ်ရန်လည်း အိမ်ရှင်မ၏တာဝန်ပင်ဖြစ်သည်။ မိမိ၏ ငွေကြေးအခြေအနေ အင်အားအလိုက် မွမ်းမံတတ်ဖို့လိုသည်။ စားပွဲ၊ ကုလားထိုင်မှ စ၍ ကန့်လန့်ကာ၊ ကော်ဇော၊ ခန်းဆီး စသည့် ပစ္စည်းအသုံးအဆောင်တို့ကို ခွဲခြားဝေဖန်၍ထားသို သုံး စွဲတတ်ခြင်းသည် အိမ်တွင်းမှူသိပ္ပံတွင် အကျုံးဝင်သော ပညာ တစ်ရပ်ဖြစ်သည်။ ဒဒလူမှာအဝတ်၊ တောင်းမှာအကွပ်ဒဒ ဆိုသကဲ့ သို့ အိမ်ကိုပြင်ဆင်ထားသိုတတ်လျှင် အိမ်သည် တစ်မျိုး ကျက်သရေရှိသည်။

အိမ်ကိုတန်ဆာဆင်ရာ၌ အိမ်ရှင်မသည် အိမ်ထောင်ပရိ ဘောဂမျိုးစုံကို တွေ့ဖူးမြင်ဖူးထားရပြီးလျှင် မည်သည့်ပစ္စည်းကို မည်သည့်နေရာ၌ အသုံးချရမည်ကိုပါ သိထားရပေလိမ့်မည်။ အိမ်၏ ဧည့်ခန်း၌ထားသိုသော အိမ်ထောင်ပရိဘောဂများကို မျက်စိရှင်းစေရန်နှင့် ကြည့်ကောင်းစေရန် မည်ကဲ့သို့ နေရာချ ထားရမည်၊ ဧည့်ခန်းရှိနံရံက မည်သည့်အရောင်ဖြစ်လျှင် အခန်း ဆီးကိုမည်သည့်အရောင်တပ်မည် စသည်ဖြင့် ဆင်ပြင်နည်း၊ အရောင်အသွေးရွေးနည်းများကို နားလည်ထားဖို့လိုသည်။ ဧည့် ခန်း၌ သာယာသော ရှုမျှော်ခင်းဓာတ်ပုံများ၊ ပန်းချီကားများကို မည်ကဲ့သို့ချိတ်ဆွဲရမည်ထားရမည်။ ပန်းအိုးများ၌ မည်ကဲ့သို့ ပန်းစိုက်ထားရမည်။ ဧည့်ခန်းကြမ်းပြင်ကို နေ့စဉ် ဖုန် အမှိုက် မရှိအောင်လှဲကျင်း၍ ပြောင်လက်နေအောင် ကြမ်းတိုက်ဆေးဖြင့် ဘယ်နှစ်ရက် တစ်ကြိမ် ပွတ်တိုက်ပေးရမည်စသော အိမ်တွင်းမှု လုပ်ငန်းများကို ကျောင်း၌လက်တွေ့သင်ယူရသည်။ ဧည့်ခန်း တစ်ခုတည်းသာမဟုတ်၊ အိမ်တစ်အိမ်လုံးရှိအခန်းများအတွက် မီးဖိုဆောင် ရေချိုးခန်း အိမ်သာအထိ စီစဉ် ပြင်ဆင်ထားရေး သည် အိမ်တွင်းမှုသိပ္ပံပညာရပ်တွင် ပါဝင်လေသည်။

အစားအစာ ပြင်ဆင်ရန်

အိမ်ထောင်တစ်ခု၏ နေ့စဉ်စားသောက်ရေးအတွက် အချက်အပြုတ်လုပ်ငန်း၌ အစားအသောက်များကို ရွေးချယ် တတ်ဖို့ ပထမဆုံးအရေးကြီးလေသည်။ ဤသို့ရွေးချယ်တတ်ရန် အိမ်ရှင်မသည် အစားအစာများ၌ပါသည့် ဩဇာဓာတ် အမျိုးမျိုး ကိုနားလည်ထားရပေမည်။

ကျောင်းသင်အိမ်တွင်းမှုသိပ္ပံပညာရပ်၌ အစားအစာတို့၌ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ စသောဓာတ်များ မည်သည့်အချိုး အစားအလိုက်ပါသည်။ မည်သည့်အစာသည် အသားကိုဖြစ်စေ၍ မည်သည့်အသီးအနှံသည် သွေးသားကို သန့်ရှင်းစင်ကြယ်စေ သည် စသည်တို့ကို အားလုံးသင်ကြားရလေသည်။

လူတို့စားသုံးလျက်ရှိသည့် အစားအစာတို့သည် လူတို့ ၏ခန္ဓာကိုယ်ကို အသက်ဆက်ပေးနေ၍ ထိုအစားအစာတို့တွင် ပါသော ကာဗိုဟိုက်ဒရိတ်နှင့် အဆီဓာတ်တို့သည် အပူဓာတ်နှင့် အားအစွမ်းကိုဖြစ်စေ၍ ပရိုတင်းဓာတ်သည် ကြွက်သားနှင့် အကြောတို့ကို သန်မာတောင့်တင်းအောင်ပြုပေး၏။ ဗီတာမင် ဓာတ်သည် ကိုယ်ခန္ဓာ၌ ရောဂါများကျရောက်မည့်ဘေးမှ ကာကွယ်ပေး၍ ဆားဓာတ်သည် အရိုးကိုသန်မာစေသည်။

ဤသို့ အစားအစာများ အကြောင်းကိုလည်းကောင်း၊ ယင်းတို့တွင်ပါဝင်သည့် ဩဇာဓာတ်များ အကြောင်းကိုလည်း ကောင်း အိမ်ရှင်မသည် သိထားလျှင် နေ့စဉ်စားသောက်နေရ သော အစားအစာများကို စီမံချက်ပြုတ်ရာ၌ ဩဇာဓာတ်များ အစုံအလင်ပါနိုင်ရန် အထူးသတိပြုနိုင်လေသည်။ တစ်နေ့စာ မည်သည့် အစားအသောက်တို့ကို ဖွယ်ဖွယ်ရာရာချက်ပြုတ် စားသောက်မည်ဟု စဉ်းစားပြီးသော် ဈေး၌ အသား၊ ငါး၊ နို့ စသော ချက်ပြုတ်ရန်ဟင်းလျာများကို ဝယ်ခြမ်းသည့်နေရာ၌ လတ်ဆတ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တို့ကို ရွေး ချယ်၍ ဈေးသက်သာချောင်ချိစွာ ဝယ်တတ်ဖို့လည်း လိုလေ သည်။

ချက်ပြုတ်နည်း ပြင်ဆင်ရန်

ဝယ်ခြမ်းပြီးခဲ့သော် ထိုပစ္စည်းများကို ယင်းတို့၌ပါရှိ သောဓာတ်များ မပျက်စီးရအောင် ချက်ပြုတ်တတ်ဖို့ အရေးကြီး ပြန်လေသည်။ ပမာအားဖြင့် အာလူးတွင် ဗီတာမင်ဓာတ်များ သည် အခွံ၌များစွာပါလေသည်။ ထိုဓာတ်ကို အလိုရှိပါမူ အခွံ ကိုမသင်ဘဲ အာလူးကိုရေစင်စင်ဆေးပြီးချက်လျှင် ရနိုင်ကြောင်း အိမ်ရှင်မသည် သိထားရပေမည်။ ဝမ်းဘဲဥ၊ ကြက်ဥ စသည်တို့ သည် ကျက်ကျက်ပြုတ်ခြင်း၊ ကြော်ခြင်းပြုသော် အစာမကြေ တတ်သဖြင့် အစိမ်းလိုက်ဖောက်စားခြင်း၊ သို့မဟုတ် မကျက် တကျက်ကြော်စားခြင်း ပြုတ်စားခြင်းက ပို၍အကျိုးဖြစ်ထွန်း သည်။ ဤသို့ချက်ပြုတ်ရာဝယ် ဉာဏ်အမြင်ကျယ်ဖို့ အိမ်တွင်း မှု သိပ္ပံပညာကို သင်ရလေသည်။ ချက်ပြီးသားအစားအစာကို စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်တတ်ရန်လည်း လိုပြန်သေး သည်။ အချက်အပြုတ်လုပ်ငန်း တစ်ခုတည်းနှင့်ပင် အိမ်တွင်းမှု သိပ္ပံပညာသည် အတော်ကျယ်ဝန်းလှပေသည်။

အချုပ်အလုပ်ပညာ ပြင်ဆင်ရန်

အိမ်တွင်းအလုပ်တစ်ခုဖြစ်သော အချုပ်အလုပ်ပညာသည် မိန်းကလေးကျောင်းတိုင်း၌ အချိန်ယူ၍သင်ကြားပေးရ သော ဘာသာရပ်တစ်ခုဖြစ်လေသည်။ အစပထမ၌ ကျောင်းများတွင် လက်ဖြင့်အပ်ချုပ်နည်းရိုးရိုးကို သင်ကြားပေး၏။ သို့သော် တဖြည်းဖြည်းချဲ့ထွင်ကာ စက်ဖြင့်ချုပ်လုပ်နည်း အမျိုးမျိုးကို လည်း သင်ကြားပေးလေသည်။ ယခုအခါ၌ လက်ဖြင့်ချုပ်လုပ် နည်းထက် စက်ဖြင့်ချုပ်လုပ်နည်းကို အထူးအားပေးကာ သင် ကြားလျက်ရှိ၏။ လက်အလျဉ်းမကူရဘဲ သူ့အလိုအလျောက် လျှပ်စစ်ဓာတ်အားကြောင့် ချုပ်သွားနိုင်သော အပ်ချုပ်စက်များ တီထွင်ထားပြီးဖြစ်လေသည်။ ထိုစက်များကို အသုံးပြုတတ်ဖို့ တလုံ့တလ အားထုတ်ကာ သင်ရလေသည်။

အခြေအနေအလိုက် မိမိ၏အိမ်သူအိမ်သားများကို ဝတ်စားဆင်ယင်စေရာ၌ အဝတ်အထည် ချုပ်လုပ်သော အထည်အလိပ်များ၏ အမျိုးအစား၊ တန်ဖိုး၊ ခိုင်ခန့်မှုတို့ကို နားလည် ထားစေရန် အိမ်တွင်းမှုသိပ္ပံပညာက သင်ပေးလေသည်။ မိမိ ကိုယ်တိုင် ချုပ်တန်ချုပ်၊ အပ်တန်အပ်၊ ဝယ်တန်ဝယ်၍ အဝတ် အစားပြဿနာကို ဖြေရှင်းပေးရာ၌ အဝတ်အစား ချုပ်ပုံချုပ် နည်းများကိုလည်း အိမ်ရှင်မတို့ တတ်သိ နားလည်ထားရမည့် တာဝန်တစ်ခုဖြစ်ပေသည်။ သို့မှသာလျှင် အဆိုးအကောင်း ရွေး ချယ်ဝယ်ချမ်းချုပ်လုပ်၍ ငွေကုန်ရသည်နှင့်တန်အောင် ချင့်ချိန် နိုင်ခြင်းဖြင့် အိမ်ရှင်မကောင်းပီသကြောင်း ပြနိုင်လေသည်။

အထည်အဝတ်အစားခွဲခြားနည်း ပြင်ဆင်ရန်

အပ်ချုပ်ပညာ၌ ချုပ်လုပ်တတ်ရုံသာမက အထည်အဝတ် အစားစား ခွဲခြားတတ်ဖို့လည်း သင်ယူရလေသည်။ ပိုးထည် ဆိုလျှင်လည်း ပိုးကောင်းပိုးညံ့ ရွေးတတ်ရန်လည်းကောင်း၊ သိုး မွေး သက္ကလပ်တို့ကိုလည်း ပိုးမတောက်စေရန် သိမ်းဆည်းသို ထားတတ်ရန်နှင့် ချည်ထည်အမျိုးမျိုးတို့ကို ခွဲခြားရွေးချယ်တတ် ရန်လည်းကောင်း အထူးလိုအပ်ပေသည်။ အိမ်ရှင်မကိုယ်တိုင်က မိမိကိုယ်တိုင် ဝယ်ယူသုံးဆောင်ရမည့် ပစ္စည်းအကြောင်းကို အစအဆုံးနားလည်တတ်ဖို့လို၏။

ကလေးသူငယ်ပြုစုထိန်းသိမ်းမှု ပြင်ဆင်ရန်

အိမ်တွင်းမှုသိပ္ပံပညာ၌ ကလေးများကို ကြည့်ရှုထိန်း သိမ်းရေးလည်း ပါဝင်လေသည်။ အိမ်ရှင်မအတတ်၌ ကလေး များကိုပြုစုတတ်ဖို့နှင့် ကျန်းမာရေးနှင့် လိုက်လျောညီစွာ ထား တတ်ဖို့ ကလေးအတွက် အစားအသောက်စီမံရေး၊ ကိုယ်လက် သန့်ရှင်းစွာထားရှိရေး၊ ရာသီအလိုက် အဝတ်အစားဆင်မြန်းပေး ရေး၊ ကလေး၏စိတ်အလိုသဘောကို နားလည်အောင် ဆောင် ရွက်ရေး စသည်တို့အားလုံးကို တတ်မြောက်အောင် သင်ကြားရ လေသည်။ အိမ်တွင်းမှုသိပ္ပံပညာ၌ သန့်ရှင်းမှု၊ သပ်ရပ်မှုနှင့် ကျန်းမာမှုကို အဓိကထား၍ လူတို့အဖို့လိုလားအပ်သော အခြား လုပ်ငန်းအဖြာဖြာကိုလည်း လေ့လာရလေသည်။

အိမ်တွင်းလူနာပြုစုနည်း ပြင်ဆင်ရန်

အိမ်ရှင်မသည် အိမ်သူအိမ်သားများ နာမကျန်းဖြစ် သည့်အခါ ဆေးဆရာကိုချည်း အစစအားကိုးနေ၍ မဖြစ်နိုင် ချေ။ ဆေးကုသည့်ဆရာဝန်ကဲ့သို့ပင် လူနာရှင်မှာလည်း တတ် သိလိမ္မာဖို့ အရေးကြီးသည်။ ဆရာဝန်သည် ရောဂါအမျိုးအမည် ခွဲခြား၍ ဆေးပေးကာ ပြုစုစောင့်ရှောက်ရန် နည်းလမ်းများကို ပြောပြရုံမျှသာဖြစ်၍ လူနာရှင်ကမူ လူနာ၏အကဲကိုခတ်၍ နှိုင်း ဆချင့်ချိန်ကာ ဆရာဝန်အကြံပေးချက်များကို ဆောင်ရွက်ပေးရ သူဖြစ်လေသည်။ ထို့ကြောင့် လူနာရှင်ဖြစ်သည့် အိမ်ရှင်မများ သည် လူနာကို ဆေးတိုက်တတ်ရုံနှင့် မလုံလောက်ချေ။ အိမ် တွင်းမှုသိပ္ပံတွင် အိမ်တွင်းလူနာပြုစုနည်း ပညာရပ်များပါရှိ၍ အိမ်ရှင်မလောင်းကလေးများအတွက် အလွန်အဖိုးထိုက်တန်လေ သည်။

လူနာရှင်သည် လူနာ၏ အဖျားအပူချိန် ယူတတ်ရခြင်း၊ နှလုံးသွေးအခုန်ကိုလည်း စမ်းသပ်တတ်ရခြင်း၊ အသက်ရှူပုံရှူ နည်းကို နားလည်ထားရခြင်း၊ လူနာအား နေရောင်ခြည်ရရှိ၍ လေကောင်းလေသန့် ဝင်ထွက်နိုင်သောနေရာ၌ထားကာ လူနာ အတွက် အနေအထား သက်သာချောင်ချိမှုဖြစ်အောင် ပြုစုတတ် ရခြင်းတို့ဖြစ်လေသည်။ လူနာလာရောက် မေးမြန်းကြ၍ လူနာ၌ အနှောင့်အယှက်ဖြစ်စေလျှင် မေးသူလည်း ကျေနပ်၍ လူနာ၌ လည်းမပင်ပန်းစေအောင် စီစဉ်ဆောင်ရွက်ပေးတတ်ရလေသည်။ ရောဂါတစ်စုံတစ်ခု ကပ်ရောက်သည့်အခါ ဆေးစားဆေးထိုး၍ တစ်မျိုး၊ ခွဲစိတ်ကုသ၍တစ်ဖုံ၊ ကုထုံးကုနည်းအမျိုးမျိုးရှိလေရာ ဓာတ်စာဖြင့်ကုသနည်းသည်လည်း ထိရောက်သောအကျိုးကျေးဇူး ပေးနိုင်လေသည်။ ဓာတ်စာဖြင့်ကုသရာ၌ အိမ်ရှင်မသည် လူနာ နှင့် သင့်လျော်ရာဓာတ်စာများကို လူနာ၌အကျိုးကျေးဇူးရှိလေ အောင် ချင့်ချိန်နှိုင်းဆ စီမံကျွေးမွေးတတ်ဖို့ လိုလေသည်။ အိမ် ရှင်မများကား အိမ်သူအိမ်သားများ အတန်ငယ်နေထိုင်မကောင်း ဖြစ်လျှင် ဆရာဝန်မခေါ်ဘဲနှင့် ကုသတတ်စေရန် နည်းလမ်းများ ကို နားလည်တတ်မြောက်ထားသင့်၍ ဆေးဝါးများကိုလည်း အသင့်အတင့် အိမ်၌ဆောင်ထားသင့်ကြလေသည်။

တိုင်းပြည်အုပ်ချုပ်မှုအစ မီးဖိုချောင်က ဟူ၍ ဆိုရ လောက်အောင် အိမ်တွင်းကိစ္စတာဝန်များကို စီမံခန့်ခွဲရသည်မှာ အိမ်ရှင်မတို့အဖို့ မလွယ်ကူလှချေ။ စီးသည့်ရေ ဆည်သည့် ကန်သင်း ဆိုသကဲ့သို့ ရှာဖွေရရှိသော ပစ္စည်းဥစ္စာများကို အလဟဿအကျိုးမဲ့ ကုန်ခန်းခြင်းမဖြစ်စေဘဲ စည်းစနစ်ကျစွာ သုံးစွဲတတ်ရန် အိမ်ရှင်မတို့ တတ်သိလိမ္မာ ကျွမ်းကျင်ကြဖို့ လို လေသည်။ ထိုသို့ဖြစ်စေရန်လည်း ပြောင်းလဲနေသော ပတ်ဝန်း ကျင်အလိုက် နေထိုင်တတ်မှဖြစ်လေရာ ထိုပတ်ဝန်းကျင်၏ ဗဟုသုတတို့ကို သိရှိထားရန်များစွာလိုလေသည်။ ထိုကြောင့်ပင် အိမ်တွင်းမှုသိပ္ပံပညာသည် မသေးငယ်ဟုဆိုရပေမည်။ ထိုပညာ ရပ်ကို ခေတ်မီလိုသူအိမ်ရှင်မနှင့် အိမ်ရှင်မလောင်းများသည် အရေးတယူ ဂရုထားလာကြရ၍ ခေတ်မီနိုင်ငံကြီးများတွင် ကျောင်း၌ သင်ကြား၍လည်းကောင်း၊ ဂျာနယ်မဂ္ဂဇင်းစသည်တို့၌ အရေးတယူ ထည့်သွင်းရေးသားကြ၍လည်းကောင်း၊ အိမ်တွင်းမှု သိပ္ပံပညာအခန်းများကို အသံလွှင့်၍လည်းကောင်း ထိုပညာရပ် များဆိုင်ရာ ဗဟုသုတများကို သင်ကြားပေးလျက် ရှိလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)