နှစ်ပေါင်းများစွာကပင် လူတို့သည် အိမ်ထောင်ပရိဘောဂများကို သုံးစွဲခဲ့ကြသည်။ စားပွဲ၊ ကုလား ထိုင်၊ ဘီရို၊ ကုတင်စသောပစ္စည်းများကို ရှေးခေတ်မှစ၍ သုံးစွဲ လာခဲ့ကြသော်လည်း ပုံပန်းသဏ္ဌာန်၊ အမျိုးအစား၊ အဆင် အပြင်သည် တစ်ခေတ်နှင့်တစ်ခေတ် မတူချေ။ ဘီစီ ၃ယ၄ဝဝ ခန့်ကပင် အီဂျစ်နိုင်ငံတွင် ဘုရင်များသည် ကုတင်များဖြင့် အိပ်ခဲ့ကြလေသည်။ ရှေးဦးပေါ် ကုလားထိုင်များသည် ယခု ခေတ်ကဲ့သို့ ကျောမှီ၊ လက်တင်စသည် မပါသေးဘဲ ခြေလေး ချောင်းတပ် ထိုင်ခုံ (ခွေးခြေ) များသာဖြစ်ကြ၏။ ရှေးအီဂျစ် လူမျိုးတို့သည် သစ်သားကို ကောင်းစွာ ပြုပြင်လုပ်ကိုင်နိုင်ကြ၍ အိမ်ထောင်ပရိဘောဂများ သုံးစွဲခဲ့ကြောင်းကို သူတို့၏ ရှေး ဟောင်းဂူသင်္ချိုင်းနံရံရှိ အရုပ်ကားများတွင် တွေ့မြင်ရသည်။ အီဂျစ်၊ ဂရိနှင့် ရောမလူမျိုးများသည် သစ်သားအပြင် ဆင်စွယ်၊ ကြေးညို၊ ရွှေ၊ ငွေ စသည်တို့ဖြင့် အိမ်သုံးပစ္စည်းများ ကို လုပ်ကိုင်သုံးစွဲခဲ့ကြသေး၏။ အီဂျစ်နိုင်ငံ တူတန်ခမင် သင်္ချိုင်းမှရရှိသော အီဂျစ်မိဖုရားကြီး၏ ရာဇပလ္လင်မှာ အလွန် လှပဆန်းကြယ်၍ အထက်တန်းကျလှသော သုခုမလက်ရာများ ဖြစ်ပေသည်။

ထိုမျှမကသေးဘဲ အိမ်သုံးပစ္စည်းများကို ပန်းခက်ပန်း နွယ်များထွင်းထုကာ ကျောက်မျက်ရွဲများ၊ ရောင်စုံဖန်များစသော တောက်ပသည့်ဝတ္ထုများဖြင့် စီခြယ်ခဲ့ကြသည်။ အချို့ရှေးဟောင်း ထိုင်ခုံများကို လှပသေးသွယ်သောခြေများဖြင့် ဆန်းကြယ်စွာပြု လုပ်ခဲ့၍ တစ်စတစ်စ တိုးတက်လာသောအခါ ထိုင်ခုံများကို နောက်မှီနှင့် လက်တင်များတပ်၍ သုံးကြသည်။ ယင်းသည့် အခါတွင် ထိုင်ခုံတစ်ခုလုံး၊ ခြေလက်တင်၊ နောက်မှီစသည်တို့ တွင် ပန်းကြွများ၊ ရုပ်လုံးပေါ်များဖြင့် လှပအောင်ပြုလုပ်ခဲ့ကြ ၏။ ထိုစနစ်သည် ယခုတိုင် တိမ်ကောခြင်းမရှိချေ။ ထိုင်ရန် အခင်းများကိုလည်း ယခုခေတ် ကြိမ်အခင်းများကဲ့သို့ပင် ကြိမ်၊ သို့မဟုတ် ကျူပင်များကို ကျစ်၍ရက်လုပ်ကြသည်။ တစ်ခါ တစ်ရံ အဝတ်အထည်များဖြင့်လည်းကောင်း လှပသောတိရစ္ဆာန် အရေများဖြင့်လည်းကောင်း ပြုလုပ်ကြသည်။

အင်္ဂလန်၊ အမေရိကန်စသောနိုင်ငံများတွင် သုံးစွဲသော အိမ်ထောင်ပရိဘောဂများသည် ရှေးဂရိတို့ အစဉ်အလာသုံး ပစ္စည်းမျိုးပင်ဖြစ်၏။ အီဂျစ်နိုင်ငံသည် ပူအိုက်ခြောက်သွေ့သော ကြောင့် ရှေးဟောင်းသင်္ချိုင်းဂူများရှိ ပစ္စည်းများသည် ဆွေးမြေ့ ပျက်စီးခြင်းမရှိသော်လည်း ဂရိနိုင်ငံသည် အေးမြစိုစွတ်သော ကြောင့် ရှေးဟောင်းသစ်သားပစ္စည်းများ ဆွေးမြေ့ပျက်စီးကုန် သဖြင့် ရှေးပရိဘောဂလက်ရာဟူ၍ တစ်စုံတစ်ရာ မကျန်ရစ် ချေ။

အီဂျစ်နိုင်ငံ၌ကဲ့သို့ ဂရိနိုင်ငံတွင် ရှေးဟောင်းသင်္ချိုင်း များလည်းမရှိသဖြင့် ယင်းတို့၏အိမ်ထောင် ပရိဘောဂလက်ရာ များကို နှောင်းလူတို့ မတွေ့ခဲ့ကြရသော်လည်း သူတို့အသုံးပြုခဲ့ သော အိုးခွက်များတွင် ရေးခြယ်ခဲ့သည့်ရုပ်ပုံများ၌ သူတို့၏ နေထိုင်မှုအခြေအနေနှင့် အသုံးအဆောင်ပစ္စည်းများကို တွေ့မြင် နိုင်ပေသည်။ ဂရိအိမ်များတွင် ရှေးဦးက ဆန်းဆန်းပြားပြား အိမ်ထောင်ပရိဘောဂများကို ထားသိုသုံးစွဲခြင်း မရှိချေ။ အိမ် တွင် အပိုပရိဘောဂဟူ၍ မထားဘဲ လိုအပ်သော ကုတင်၊ ကုလားထိုင်၊ အစားအသောက်တင်ရန် စားပွဲ စသည်တို့ကိုသာ ထားကြသည်။ အစားအစာစားသည့်အခါ ယောက်ျားများသည် ခုံရှည်တွင် လျောင်းရင်း စားတတ်၍ မိန်းမများကသာ ကုလား ထိုင်နှင့်ထိုင်၍ စားကြသည်။ ဘီစီ ၄ ရာစုနှစ်တွင် အယ်လက် ဇန္ဒာ-သ-ဂရိတ် ဘုရင်ကြီးသည် အိန္ဒိယစသည့် အရှေ့ဘက် နိုင်ငံများကို အောင်နိုင်ပြီးနောက် အရှေ့တိုင်း၏ ခန့်ညားလှပ သောအနုပညာများကို အနောက်တိုင်းသို့ ယူဆောင်အသုံးပြုခဲ့ သဖြင့် ဂရိလူမျိုးတို့၏ အိမ်များတွင် ခမ်းနားသောအရှေ့တိုင်း အိမ်ထောင်ပရိဘောဂများဖြင့် ခင်းကျင်းထားခဲ့ကြလေသည်။

ရောမခေတ်တွင်မူကား ရောမလူမျိုးတို့သည် အခြား သောယဉ်ကျေးမှုများနည်းတူ အိမ်ထောင်ပရိဘောဂ အသုံးအစွဲ ကိုလည်း အတုခိုးခဲ့ကြသည်။ သို့ရာတွင် ရောမနိုင်ငံ၌ သန်း ပေါင်းများစွာ ကြွယ်ဝသူများ ပေါလှသဖြင့် သူတို့သည် အခန်း ရာပေါင်းများစွာရှိသော တိုက်အိမ်ကြီးများကို ဆောက်လုပ်နေ ထိုင်ခဲ့ပြီးလျှင် အလွန်ခမ်းနားလှပသော စားပွဲ၊ ကုလားထိုင်၊ ဘီဒိုစသည့် အိမ်ထောင်ပရိဘောဂများကို ပုံအမျိုးမျိုးဖြင့် ပြု လုပ်သုံးစွဲခဲ့ကြသည်။ သို့ရာတွင် ရောမအိမ်ထောင်ပရိဘောဂ လုပ်ပုံဟန်သည် ဂရိနှင့် အထူးသဖြင့် တူသည်။ ရောမခေတ်သုံး ကုတင်သည် ဂရိခေတ်က အစားအစာစားရာ၌ ယောက်ျားများ လျောင်းနေရာ ကုတင်နိမ့်မျိုးပင်ဖြစ်သည်။

ခရစ်နှစ် ၇၉ ခုက ရောမနိုင်ငံ ပွန်ပီယိုင်မြို့သည် ဗီဆူးဗီးယပ်မီးတောင် ပေါက်ကွဲသဖြင့် ချော်ရည်များဖုံးလွှမ်း၍ ပျက်စီးခဲ့လေသည်။ ထိုမြို့ကြီးကို တူးဖော်ရာတွင် ရောမခေတ် ကောင်းချိန်က သုံးစွဲခဲ့သော အိမ်ထောင်ပရိဘောဂများကိုတွေ့ရ ၏။ ထိုပစ္စည်းများသည် ရောမခေတ်၏အနုပညာအဆင့်အတန်း ကို ဖြော်ပခဲ့လေသည်။ ဗိုင်ဇင်တိုင်းခေတ်သုံး အိမ်ထောင်ပရိ ဘောဂများကိုမူ ရုပ်ပုံများ၌သာ တွေ့ရှိရ၍ ပုံသဏ္ဌန်များသည် ကြမ်းတမ်း၍ လေးလံပုံရလေသည်။

တစ်ဆယ့်သုံးရာစုနှစ်မှ ၁၅ ရာစုနှစ်များတွင် သုံးစွဲကြ သော အိမ်ထောင်ပရိဘောဂများကို ဂေါ့သစ်ပုံဟုခေါ်သည်။ ဂေါ့သစ်ပုံ အိမ်ထောင်ပရိဘောဂများသည် ခိုင်ခံ့ရုံမက ခန့်ညား သည်။ ဂရိနှင့် ရောမခေတ်မှတစ်ဆင့် အိမ်ထောင်ပရိဘောဂ သုံးစွဲမှုသည် ပြင်သစ်၊ အင်္ဂလန်စသည်တို့သို့ ပျံ့နှံ့ခဲ့၏။ အင်္ဂလန်ပြည်၏ ၁၆ ရာစုနှစ်က အိမ်ထောင်ပရိဘောဂများသည် အလှအပထက် အသုံးဝင်မှုကိုအရေးထားပြီး ပြုလုပ်ခဲ့ကြ၍ ထူ ထဲ တောင့်တင်းလှပေသည်။ အယ်လစ်ဇဘက် ဘုရင်မကြီး၏ စားပွဲသည် သင်္ဘောကုန်းပတ်ပမာ တောင့်တင်းထူထဲ၍ ခြေ ထောက်များသည် တုတ်ခိုင်လှပေသည်။ အယ်လစ်ဇဘက်ခေတ် သုံး အိမ်ထောင်ပရိဘောဂများသည် ဝက်သစ်ချသားဖြင့် အလုပ် များသည်။ ကုလားထိုင်၊ စားပွဲစသည်တို့၏ ခြေထောက်များ သည် ပွတ်လုံးခံ၍ အလှအပထွင်းထုထားပြီးလျှင် ကုလားထိုင် နောက်မှီကိုမူ သစ်သားပြားရိုးရိုး၊ သို့မဟုတ် သေးသွယ်သော ပွတ်လုံးများဖြင့် ပြုလုပ်ထားသည်။

အိမ်ထောင် ပရိဘောဂများအနက် ကုလားထိုင်သည် အများသုံးအဖြစ် အရောက်နှေးသည်ဟု ဆိုရပေမည်။ အယ်လစ် ဇဘက်ခေတ်က ထိုကုလားထိုင်ကို အိမ်ရှင်သခင်၊ သခင်မများ နှင့် အထူးဧည့်သည်များမှအပ မည်သူမျှထိုင်လေ့မရှိချေ။ သာ မန်လူများသည် ခွေးခြေ၊ သို့မဟုတ် ခုံရှည်များနှင့် ထိုင်လေ့ရှိ ကြသည်။

တစ်ဆယ့်ခုနစ်ရာစုနှစ်သုံး အိမ်ထောင်ပရိဘောဂများ သည် ပိုမို၍ပေါ့ပါးလာသည်။ ကုလားထိုင်များကို ကြိမ်ခင်း၊ ကြိမ် နောက်မှီဖြင့် ပြုလုပ်လာကြသည်။ ထိုခေတ် တရုတ်နိုင်ငံမှ ကြွေထည်များ၊ ယွန်းထည်များ ရောက်ရှိလာသဖြင့် အိမ်ထောင် ပရိဘောဂများကို ရောင်စုံပန်းခက်များ ထွင်းထုကာ ကြွေဆေး၊ ယွန်းဆေးသုတ်လိမ်း၍ တစ်ခါတစ်ရံ ရွှေချကာပင် သုံးစွဲခဲ့လေ သည်။

အင်္ဂလန်ပြည်တွင် ၁၇ ရာစုနှစ်ကုန်ခါနီး အသုံးပြု သော အိမ်ထောင်ပရိဘောဂများကို ဝက်သစ်ချသားဖြင့် ပြုလုပ် ခြင်းမရှိတော့ဘဲ သစ်ကျားသားဖြင့် ပြုလုပ်သည်ကိုတွေ့ရသည်။ ပြုလုပ်သည့် ဟန်မှာလည်း ဒပ်ချဟန်ပါလာသည်။ အဘယ် ကြောင့်ဆိုသော် ထိုစဉ်က အင်္ဂလန်ပြည့်ရှင် ဘုရင်မဖြစ်သော ဝီလျံနှင့် မေရီတို့သည် ဟော်လန်နိုင်ငံမှ ပြောင်းရွှေ့လာသော အခါ ဒပ်ချလုပ် အိမ်ထောင်ပရိဘောဂများကို သယ်ဆောင်ခဲ့ရာ မှ အင်္ဂလန်ပြည်သို့ ဒပ်ချဟန်ရောက်လာခြင်းဖြစ်သည်။ ထို ခေတ်သုံး အိမ်ထောင်ပရိဘောဂများကို ဝီလျံနှင့် မေရီပုံဟု အမည်ပေးထားကြလေသည်။

ပြင်သစ်နိုင်ငံ၌မူ ၁၄ ဆက်မြောက် လူဝီဘုရင်ပုံ၊ ၁၅ ဆက်မြောက် လူဝီဘုရင်ပုံ၊ ၁၆ ဆက်မြောက် လူဝီဘုရင်ပုံ စသည်ဖြင့် အုပ်ချုပ်သောဘုရင်များအမည်ဖြင့် အိမ်ထောင်ပရိ ဘောဂများကို အမည်မှည့်ကြသည်။ ၁၄ ဆက်မြောက် လူဝီ ဘုရင်သည် ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကြိုက်တတ်သူ ဖြစ်သည့်အလျောက် သူ့လက်ထက်အသုံးပြုသော အိမ်ထောင်ပရိ ဘောဂများသည် အထွေအထူး ထွင်းထုခြယ်လှယ်ကာ ခမ်းနား ထည်ဝါစွာပြုလုပ်ထားလေသည်။ ၁၅ ဆက်မြောက် လူဝီလက် ထက်သုံး အိမ်ထောင်ပရိဘောများသည် ၁၄ ဆက်မြောက် လူဝီ လက်ထက်ကထက် ပေါ့ပါး၍ ထုထွင်းထားမှု နည်းပါးလာ သည်။ ၁၆ ဆက်မြောက် လူဝီလက်ထက်သုံး အိမ်ထောင်ပရိ ဘောဂပုံလည်း ယခင်ကကဲ့သို့ အကွေ့အကောက်များ နည်းပါး ၍ ပုံသည်လည်း ပို၍ရိုးလာသည်။

တစ်ဆယ့်ရှစ်ရာစုနှစ်ကား အင်္ဂလိပ် အိမ်ထောင်ပရိ ဘောဂများ ခေတ်အကောင်းဆုံးအချိန် ဖြစ်သည်။ အိမ်သုံး အတွက် အံဝင်ခွင်အကျဆုံး၊ အပေါ့ပါးဆုံး အိမ်ထောင်ပရိ ဘောဂများကို ထွင်နိုင်ခဲ့သည်။ မဟောဂနီသစ်သားများကို ရှေး ခေတ်နှင့် လုံးဝမတူသောပုံများဖြင့် တစ်မျိုးတစ်ဖုံပြုလုပ်၍ သုံး စွဲခဲ့ကြသည်။ တောမတ်ချစ်ပင်ဒေး၊ ဟယ်ပယ်ဝှိုက်၊ အဒမ်ညီ နောင်၊ ရှာရတန်တို့သည် အိမ်ထောင်ပရိဘောဂ လုပ်ကိုင် သည့်အတတ်တွင် နာမည်အကျော်ဆုံးဖြစ်၏။ ချစ်ပင်ဒေး၏ လက်ထက်မှစ၍ အိမ်ထောင်ပရိဘောဂများသည် ရှေးခေတ်နှင့် လုံးဝမတူတော့ဘဲ ခေတ်သစ်တစ်ခုထွန်းကားလာခဲ့သည်ဟု ဆိုရ ပေမည်။

တစ်ဆယ့်ကိုးရာစုနှစ်မှစ၍ အိမ်ထောင်ပရိဘောဂများ လုပ်ကိုင်ရာတွင်သုံးသော လက်နက်ကိရိယာများကိုလည်း တိုး တက်ပြုပြင်၍ သုံးစွဲခဲ့ကြရာ သစ်တုံးများကို ခွဲရာတွင်လည်း ကောင်း၊ ပွတ်လုံးများကိုလုပ်ရာ၌လည်းကောင်း၊ ရွေဘော်ထိုးရာ ၌လည်းကောင်း စက်ကိုအသုံးပြုလာကြသည်။ ၁၉ ရာစုနှစ် နောက်ပိုင်းတွင် ပန်းပွတ်စသည့် ဆင်ပြင်မှု အလွန်နည်းသော မစ်ရှင်ဟန်များခေတ်စားလာသည်။ ဝိတိုရိယခေတ်က ခေတ်စား သော အလွန်ပန်းပွတ်များသည့်ဟန်ကို လူတို့မျက်စိနောက်လာ ၍ အလွန်ရှင်းလင်းဖြောင့်စင်းသောဟန်ကို လူကြိုက်များလာလေ သည်။

နှစ်ဆယ်ရာစုနှစ် အိမ်ထောင်ပရိဘောဂ လုပ်သူများက မူ ရှေးဟောင်းပုံများကို အတုယူ၍ ပုံသစ်ထွင်ကြသည်။ ၁၉၂၅ ခုနှစ်တွင် ပါရစ်မြို့၌ကျင်းပသော ဆင်ပြင်မှုဆိုင်ရာ အနုပညာပြ ပွဲမှစ၍ ဆိုင်ရာလုပ်ငန်းအတွက် အသုံးဝင်မည့် လုပ်ငန်းအံဝင် ခွင်ကျပုံစံများ လုပ်ကိုင်အသုံးပြုရန် စိတ်ကူးရလာကြသည်။ မည်သည့်နေရာတွင် မည်သို့အသုံးပြုမည်၊ မည်သည့် အိမ် ထောင်ပရိဘောဂကို မည်သို့သောအသားနှင့် မည်သည့်ပုံမျိုးကို မည်သို့လုပ်မည်ဟူသော အစီအမံကို ပြုလုပ်ပြီးမှ ပြုလုပ်ကြ သည်။ ရှေးကကဲ့သို့ အလှအပအမွမ်းအမံကိုသာ အဓိကထား၍ မလုပ်ကိုင်တော့ဘဲ ညီညာပျံ့ပျူး ကြည့်လိုက်လျှင် ရှင်းလင်း သော အိမ်ထောင်ပရိဘောဂမျိုးကို လုပ်ကိုင်ကြသည်။ နေ၍ ထိုင်၍ သုံး၍ စွဲ၍ အဆင်ပြေမည့် ပုံစံမျိုး၊ နေရာမပုပ်၊ အသယ်အပိုး အရွှေ့အပြောင်းလွယ်သော ပုံစံမျိုးကို ပိုမိုနှစ်သက် လာကြသည်။ မီးရထား၊ သင်္ဘောတို့ဖြင့် သယ်ဆောင်နိုင်သော သေတ္တာများတွင် ခေါက်၍ထည့်သွားနိုင်သော အသယ်လွတ် အသုံးလွယ်သည့် ပုံများကို ပြုလုပ်သုံးစွဲကြသည်။ နေ၊ ရေ၊ လေ၊ အပူငွေ့ စသည်တို့ကို ကောင်းစွာခံနိုင်သော သစ်သား၊ မှန်၊ ပလပ်စတစ် စသည်တို့ကို အသုံးများလာကြသည်။ နှစ်ဆယ်ရာစုနှစ်တွင် ရှေးကထက် အိမ်ထောင်ပရိ ဘောဂများကို အသုံးများလာကြရာ၊ ၁၉၄ဝ ပြည့်နှစ် နောက် ပိုင်းတွင် အိမ်ထောင်ပရိဘောဂလုပ်သူများသည် အိမ်ငယ် အိမ် သေးများ၌ သုံးစွဲနိုင်သည့် ဈေးနည်းသော ပရိဘောဂမျိုးကို စက်ဖြင့် အရေအတွက်များများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်လုပ် ကိုင်ကြသည်။ လေးလံ၍ ထုထည်ရှိသည့် အိမ်ထောင်ပရိဘောဂ များအစား ပေါ့ပါးသောပစ္စည်းများကို ခေတ်မီသော ပုံအမျိုးမျိုး ဖြင့် ပြုလုပ်သုံးစွဲကြလေသည်။

အိမ်ထောင်ပရိဘောဂ လုပ်ငန်းသည် အခြားသောအနု ပညာရပ်များကဲ့သို့ပင် အနုပညာသည်တို့၏ စိတ်ကူးများမှာ တစ်ခေတ်ထက်တစ်ခေတ် ဆန်းလျက်ရှိပေရာ၊ ရှေ့တွင်လည်း ခေတ်အလိုက် တိုးတက်ပြောင်းလဲမှုများနှင့် တစ်ပြေးတည်းလိုက် နေမည်မှာ မလွဲပေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)