အိမ်ရာကျောင်းငါးမျက်နှာ

  • စေတီပုထိုးအမှတ် = ၁၈၃၁

အိမ်ရာကျောင်းငါးမျက်နှာဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံရှိ ဘုရားတစ်ဆူ ဖြစ်သည်။ ဥပါလိသိမ် အနောက်ဘက်အနီး ခေမင်္ဂဘုရားအဝင်လမ်း၏ အနောက်ဘက်ကပ်လျက် တည်ရှိသည်။ ပုဂံ၌ မုခ်(၅)မုခ်ရှိ (ငါးမျက်နှာ)ဘုရား (၁၇)ဆူခန့်သာ ရှိ၍ ပုဂံဘုရား အရေအတွက်နှင့် စာသော် နည်းပါးသော အဆောက်အဦအမျိုးအစားတွင် ပါဝင်သည်။ ထိုငါးမျက်နှာ ဘုရားအနက် အိမ်ရာကျောင်းငါးမျက်နှာ ဘုရားမှာ ထင်ရှားပါသည်။ ငါးမျက်နှာဘုရား ဖြစ်ပေါ်လာပုံ ပုဂံခေတ်အကြောင်းအရာက ပို၍ ထင်ရှားသဖြင့် သံဝေဂယူစရာ ဖြစ်သည်။

နရပတေစည်သူမင်းကြီး၏ သားတော် ကင်္ကသူမင်းသား ပျံလွန်တော်မူပြီး (အနိစ္စရောက်ပြီး) နောက် မယားဖြစ်သူ ညောင်ရမ်းကြီးသမီးက သက္ကရာဇ် ၆၁၄-ခုနှစ်တွင် လွမ်းဆွတ်ခြင်း အထိမ်းအမှတ်အဖြစ် ခင်ပွန်းဖြစ်သူ ကင်္ကသူမင်းသားနှင့် မိဘတို့အား ရည်စူးပြီး မိမိနေထိုင်ရာ အိမ်ရာကျောင်းနေရာတွင် ဂူဘုရားတည်ထား၍ ကျွန်များ လှူဒါန်းခဲ့သည်။ ယင်းကျောက်စာထွက် စကားအရ ပုဂံခေတ်က မင်းမျိုးမင်းနွယ်များ နေထိုင်သည့် နေရာကို အိမ်ရာကျောင်းဟု ရဟန်းတော်များ သီတင်းသုံးနေထိုင်ရာ ကျောင်းနှင့်တန်းတူထား ခိုင်းနှိုင်းခေါ်ဆိုခဲ့ပုံကို သတိပြုနိုင်သည်။

ထို့ပြင် ပုဂံမင်းနွယ်စုတို့ နေထိုင်ရာ မြို့နယ် နယ်နိမိတ်မှာ (ဤ ငါးမျက်နှာ အိမ်ရာကျောင်း) အထိ ကျယ်ပြန့်ခဲ့သည်ဟု ယူဆရသည်။ ညောင်ရမ်းကြီးသမီးကျောက်စာ၌ ငါးမျက်နှာ အိမ်ရာကျောင်းနှင့်အတူ တန်ဆောင်းဂူအိမ်ရာကျောင်းလည်း တစ်ပါးဟု ဂူဘုရားပြုကြောင်း ဖော်ပြထားသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်ကြည်ပန်း(မြင်းကပါ)၊ ယဉ်ကျေးမှုအမွေ ပုဂံမြေမှ စေတီပုထိုးများ