အိမ်၌ ယဉ်ကျေးခြင်း သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။ အိမ်၌ ယဉ်ကျေးခြင်းတွင် ယေဘုယျအားဖြင့် (၃၂) မျိုးရှိသည်။[၁] ထို (၃၂) မျိုးမှာ -

  1. မိမိနှင့် သင့်လျှော်သော နေရာတွင် နေရာ၏။
  2. လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲ မသွားရာ။
  3. ရွှင်ပျသော မျက်နှာထား အမူအရာ ရှိအပ်၏။
  4. ကျယ်လောင်စွာ စကားမပြောရ။ ဆူညံခြင်း မရှိစေရ။
  5. လူငယ်အချင်းချင်း သင့်တင့်စွာ နေရာ၏။
  6. လူကြီးများ၏ အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။
  7. အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာ နေလှန်းရာ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကို တင်၍ (သို့) ခေါက်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျ ရှိစေရာ၏။
  8. အိပ်ခန်းမှ မထွက်မီ နေရာတကျ ရှိမရှိ ကြည့်ရှုစီစဉ်ရာ၏။
  9. သူများမနှိုးမီ သင်နိုးလျှင် သတိပြုရာ၏။ အိပ်နေသောသူများ မနိုးအောင် သတိပြုရာ၏။
  10. ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှု မမှန်ဖြစ်တတ်သည်။
  11. တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဖက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင်လည်း လက်နှစ်ဖက်ဖြင့် ပေးရာ၏။
  12. တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ ဖြစ်စေ ဝင်သည့်ထွက်သည့်အခါတိုင်း တံခါးကို ပိတ်ရာ၏။ ဤသို့ပိတ်သည့်အခါ အသံမမြည်အောင် ဖြည်းညင်းစွာ ပိတ်ရာ၏။
  13. အိမ်ကို ဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ပါ။ ဖိနပ်ကို ချွတ်သင့်သောနေရာတွင် ချွတ်၍ ထားရာ၏။
  14. မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ်စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။ သို့မဟုတ် လဲလှယ်ရာ၏။
  15. အစာစားသောအခါ အချိန်မှန်စွာ စားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။
  16. အလျင်စလို မစားရာ။
  17. ထမင်းလုတ်မကြီးစေရ။ ထမင်းလုတ်နှင့် ထမင်းဝါးနေရင်း စကားမပြောရ။
  18. ထမင်းလုတ်အနီးသို့ မရောက်မီ ပါးစပ်ကို ဟ၍ မထားပါနှင့်။ ပျတ်ပျတ်မြည်အောင် မစားပါနှင့်။
  19. ဟင်းရည်သောက်လျှင် အသံမမြည်စေရ။
  20. ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။
  21. ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။
  22. လက်ကို ဟင်းရည်မပေစေရ။ ထမင်းလုံး မကပ်စေရ။ ဟင်းခွက်ကို လက်နှင့် မနှိုက်နှင့်။
  23. ထမင်းစားပြီးလျှင် သွားကိုမစုပ်နှင့် ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမမြင်ရာသို့ သွားပါလေ။
  24. ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။
  25. တည့်တည့်ထိုင်၍ စားရာ၏။
  26. တစ်စုံတစ်ရာ အလိုရှိလျှင် အနီးဆုံးလူကို တိုးတိုးတောင်းရာ၏။
  27. သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟတ်ခြင်းတို့ မပြုအပ်။
  28. ထမင်းစားပွဲပေါ်ရှိ အရာများကို ဟိုရွှေ့ဒီရွှေ့ မလုပ်ရ။ (ဣန္ဒြေမရသော အပြုအမူဖြစ်သည်)
  29. လူကြီးမိဘများ ဧည့်သည်များသည် ဘာကိုအလိုရှိသနည်းဟု သတိနှင့် ကြည့်ရာ၏။ သိလျှင် အသံမကြားစေရာဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။
  30. လက်ဖက်ရည် ကော်ဖီသောက်သောအခါ အောက်ခံပန်းခံပြားထဲတွင့် ထည့်၍ သောက်ခြင်းသည် မယဉ်ကျေးဟု အချို့က ယူဆကြ၏။ ၎င်းပန်းကန်ပြားသည် ဖိတ်၍မကျန်ရန်၊ မပေရန် အောက်ကခံသော အရာဖြစ်၏။ လက်ကို အပူလောင်ခြင်းမှလည်း ကာကွယ်ပေး၏။
  31. ဖဲ့၍ စားနိုင်သောအရာကို ဖဲ့၍စားပါ။ ကိုက်၍ မစားပါနှင့်။
  32. ထမင်းစားစဉ် စကားများများ မပြောရ။ ရွှင်ပျသောမျက်နှာ ထားရာ၏။ နှစ်သက်ဖွယ်သော စကားကိုသာ ပြောရာ၏။

ကိုးကား ပြင်ဆင်ရန်

  1. လိမ္မာယဉ်ကျေး ပြည့်ရင်သွေး၊ ပြည်သူ့နီတိ နှင့် လောကနီတိ၊ မောင်⁠မောင်တိုး။ (စာမျက်နှာ ၁၃-၁၆)