အိုဆာကာမြို့သည် ဂျပန်နိုင်ငံ၏ ပင်မကျွန်းဖြစ်သော ဟွန်ရှူးကျွန်းပေါ်ရှိ မြို့တစ်မြို့ ဖြစ်ပြီး အိုဆာကာ ပရီဖက်ချာ၏ မြို့တော်ဖြစ်သည်။ ကျိုတိုမြို့၊ အိုဆာကာမြို့နှင့် ကိုဘေးမြို့တို့ ပါဝင်သော ကေဟန်ရှင်း ဧရိယာတွင် အကြီးဆုံးအပိုင်းလည်း ဖြစ်သည်။ အိုဆာကာ ပင်လယ်အော် ပေါ်ရှိ ယိုဒိုမြစ်ဝတွင် တည်ရှိပြီး ဂျပန်နိုင်ငံ အတွင်း တိုကျိုမြို့ နှင့် ယိုကိုဟားမားမြို့ တို့ပြီးလျှင် လူဦးရေ အများဆုံးမြို့ဖြစ်သည်။

အိုဆာကာမြို့
အိုဆာကာရဲတိုက်

ကေဟန်ရှင်းသည် လူဦးရေ အားဖြင့် ကြည့်လျှင် ဂျပန်နိုင်ငံအတွင်း တိုကျိုမြို့ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင်လည်း လူဦးရေ အားဖြင့် အများဆုံးသော မက်ထရိုပိုလစ်တန် ဒေသများတွင် တစ်ခု အပါအဝင်ဖြစ်၍ လူဦးရေ ၁၈ သန်းမျှ ရှိသည်။ ဂျီဒီပီ အနေဖြင့် ကြည့်လျှင် ဂျပန်နိုင်ငံအတွင်း ဒုတိယမြောက် အများဆုံး ဧရိယာဖြစ်ပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် အများဆုံး ဧရိယာ ဖြစ်သည်။

သမိုင်းကြောင်းအားဖြင့် အိုဆာကာမြို့သည် စီးပွားရေးမြို့တော် တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ စီးပွားရေးအား ထိန်ချုပ်မောင်းနှင်သည့် မြို့တော် တစ်ခုပင်ဖြစ်သည်။ နေ့ဘက် နှင့် ညဘက် လူဦးရေ အချိုး အစားမှာ ၁၄၁ % မျှ ရှိသဖြင့် ဂျပန်နိုင်ငံအတွင်း အချိုးအဆ အများဆုံးဖြစ်သည်။ ထိုအချက်က စီးပွားရေး အချက်အချာ ဒေသဖြစ်ရခြင်းကို ပိုမိုသိသာ ထင်ရှားစေသည်။ ညဘက် လူဦးရေ မှာ ၂.၆ သန်းမျှ ရှိပြီး ဂျပန်နိုင်ငံ အတွင်း အများဆုံးဖြစ်သည်။ နေ့ဘက်လူဦးရေမှာ ၃.၇ သန်းရှိပြီး တိုကျိုမြို့ ပြီးလျှင် အများဆုံး ဖြစ်သည်။ အိုဆာကာအား မြေရှင်ပဒေသရာဇ်ခေတ် ကာလအတွင်းက နိုင်ငံ၏ မီးဖိုဆောင်အဖြစ် တင်စားခေါ်ဝေါ်ကြသည်။ အကြောင်းမှာ ထိုအချိန်က ဆန်စပါး ရောင်းဝယ်မှု ပြုရာ ဒေသဖြစ်ခဲ့ပြီး အိုဆာကာသည် ကမ္ဘာပေါ်တွင် ပထမဆုံး ခေတ်သစ် ကုန်စည်ဖလှည်သည့် ဈေးကွက် ဒေသဖြစ်ခဲ့လေသည်။


အိုဆားကားမြို့သည် ဂျပန်နိုင်ငံတွင် တိုကျိုမြို့မှလွဲလျှင် အကြီးဆုံးမြို့ဖြစ်သည်။ တိုကျိုမှ သုံးနာရီကြာ ရှင်ကန်းဆန်း ရထားစီးပါက အိုဆားကာမြို့ရောက်သည်။ ဟွန်းရှူးကျွန်း တောင်ဘက်ကမ်းခြေတွင် ယိုဒိုမြစ်ဝကမ်းနှစ်ဖက်ပေါ်၌ တည်ရှိ သည်။ အိုဆားကားမြို့ကို တူးမြောင်းများနှင့် ချောင်းငယ်၊ မြောင်းငယ်ပေါင်းမြောက်မြားစွာ ဖြတ်သန်းလျက်ရှိရာ မြို့တွင်း၌ တံတားပေါင်း ၈ဝဝ ကျော် ရှိလေသည်။ ဂျပန်နိုင်ငံတွင် စက်မှုလက်မှုထွန်းကားရာ မြို့ကြီးဖြစ်သည့်အပြင်၊ နိုင်ငံခြားနှင့် ကုန်သွယ်ရေးအတွက် ထင်ရှားသောဆိပ်ကမ်းမြို့လည်းဖြစ်သည်။ ထုတ်ကုန်များမှာ ချည်ထည်၊ သံနှင့်သတ္တုပစ္စည်း၊ သားရေ ပစ္စည်း၊ ဖန်ထည်၊ စားစရာအချိုမုံ့များနှင့် ဆေးဝါးတို့ဖြစ်သည်။ အိုဆားကားမြို့တွင် အထူးသဖြင့် ရက်ထည်များကို အကြီး အကျယ်ထုတ်လုပ်သည်။

ရှေးအခါက အိုဆားကားမြို့သည် ဂျပန်ဘုရင် ထီးနန်း စိုက်ရာမြို့ဖြစ်ခဲ့သည်။ ယခုအခါ တိုကျိုမြို့သည် နိုင်ငံ၏ မြို့တော်ဖြစ်သော်လည်း အိုဆားကားမြို့သည် ကူးသန်းရောင်း ဝယ်ရေးအတွက် အချက်အချာမြို့အဖြစ် တည်လျက်ရှိနေသေး သည်။ မြို့နှင့်သုံးမိုင်ခန့် ဝေးသောနေရာတွင် ၁၅၈၄ ခုနှစ်က တည်ဆောက်ခဲ့သော ရဲတိုက်ရှိသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း၌ အမေရိကန်လေတပ်သည် အိုဆားကားမြို့ကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ တစ်ဝက်ကျော်မျှ ပျက်စီးခဲ့ရလေသည်။ လူဦးရေ ၂၉၈ဝ၄၈၇ ယောက် (၁၉၇၃) ရှိသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)