အမည်ရင်းမှာ ဘဂဝံရှရီရပ်ဂျနီးရှ် (Bhaghwan Shree Rajnessh) ဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင်မွေးဖွားပြီး ၁၉၉၀ ခုနှစ် တွင်ကွယ်လွန်သည်။ အိန္ဒိယနိုင်ငံမှ ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ ဟောပြောသွန်သင်ပြသသည့် ဆရာတစ်ဦးအနေဖြင့် လူသိများသည်။ အမေရိကန်၊ ဥရောပနှင့်အာရှနိုင်ငံများတွင် ထောင်ပေါင်းများစွာသောတပည့်သာဝကများရှိခဲ့သည်။ သူ့ဒဿနများသည် အနောက်တိုင်း နှင့်အရှေ့တိုင်းဒဿများကို ရောမွှေပေါင်းစပ်ထားခြင်းဖြစ်သည်။ အထူးသဖြင့် ဈင်ဗုဒ္ဓဝါဒကိုအခြေခံသည်ကများသည်။ သူဟောကြားသည့် တရားဒေသနာများတွင် တရားထိုင်ခြင်း၊ အတ္တကိုပယ်ခွာခြင်း၊ ပုဂ္ဂလိက ဆန္ဒများကိုစွန့်ပယ်ခြင်း၊ ဘဝအဓိပ္ပာယ်ကို စိတ်ကူးနှင့်လက်တွေ့ ပေါင်းစပ်စေခြင်းစသည့် ဦးတည်ချက်များဖြင့် ဟောပြောသွန်သင်ဆုံးမလေ့ရှိသည်။

ဒဿနပညာကို Jabalpur တက္ကသိုလ်တွင် သင်ကြားခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ထိုတက္ကသိုလ်မှ ဘီအေဘွဲ့ကိုရရှိခဲ့သည်။ Saugar တက္ကသိုလ်တွင် M.A ဘွဲ့ကို ၁၉၅၇ ခုနှစ်တွင် ထပ်မံရရှိခဲ့သည်။ သူ့မူလအမည်မှာ ချန်ဒရာမိုဟန်ဂျိန်း (Chandra Mohan Jain) ဖြစ်ပြီး၊ သူ့ကိုနောက်ပိုင်းတွင် ရဂျ်နီးရှ် ဟူ၍ခေါ်ကြသည်။ ဘဂဝံ ဆိုသည်မှာ ဟင်ဒီဘာသာစကားအရ "နတ်ဘုရား" ဟူ၍အဓိပ္ပာယ်ရသည်။ အိန္ဒိယ တစ်နိုင်ငံလုံးလှည့်လည်သွားလာပြီး သူ့အတွေးအခေါ်များကို ဟောပြောပို့ချခဲ့ပြီး Pune (Poona) တွင် တရားစခန်းတစ်ခုဖွင့်လှစ်ခဲ့သည်။ ၁၉၇၀ အစောပိုင်းမှစပြီး သူ၏ယုံကြည်မှုဆိုင်ရာသဘောထား၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ လွတ်လပ်သည့်အမြင်၊ လက်တွေ့ကျသည့် လိင်မှုဆိုင်ရာ အတွေးတို့ကြောင့် ဥရောပနှင့် အမေရိကနိုင်ငံများ အပါအဝင် ဘာသာဝင်ပေါင်း ၂၀၀၀၀၀ ခန့်အထိတိုးပွားလာသည်။

သူ့ကို အိန္ဒိယနိုင်ငံ Kuchwada တွင်မွေးဖွားခဲ့သည်။ ၁၉၆၆ ခုနှစ်လောက်ကတည်းက တက္ကသိုလ်ကိုစွန့်ခွာကာ နိုင်ငံအနှံ့ လှည့်လည်ပြီး ဘာသာရေးဆိုင်ရာ သူ့အယူအဆများကို လွတ်လပ်စွာ လှည့်လည်ဟောပြောပို့ချခဲ့သည်။ သူမကွယ်လွန်မီကာလအထိ သူ့တရား စခန်းသို့ ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူများ ထောင်သောင်းချီပြီး လာရောက်ဖူးမြော်ရင်း တရားနာခဲ့ကြသည်။

သူ၏ Ashram တရားစခန်းတွင် တရားအားထုတ်နိုင်ခြင်း၊ စိတ်တင်းကျပ်မှုများ ခံစားရမှုများကို ပြေရာပြေကြောင်းရင်ဖွင့်နိုင်ခြင်း၊ စိတ်တည်ငြိမ်ရာ တည်ငြိမ်ကြောင်း ဆောက်တည်ခြင်းများကို ပြုလုပ်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများ သွန်သင်ဆုံးမမှုများကို လူကြိုက်များလှသဖြင့် နောက်လိုက်တပည့်သာ၀ကများ အတော်လေးတိုးပွားလာသည်။ အနောက်တိုင်းမှ တပည့်သာဝကများဆိုလျှင် သူတို့၏ အမည်များကို အိန္ဒိယသက္ကတဘာသာဖြင့် အမည်ပြောင်းကြသည်အထိ ဩဇာတိက္ကမကြီးထွားခဲ့သည်။ ထိုသို့အမည်ပြောင်းလိုက်ခြင်းဖြင့် သူတို့၏စိတ်ဓာတ်များ အသစ်တဖန်ပြန်လည်မွေးဖွားလာပြီဟူ၍ ယူဆကြသည်။ ၁၉၇၀ ကာလများအတွင်း သူ့တရားစခန်းတွင် တရားလာ အားထုတ်နေသူအချင်းချင်း အယူအဆများကွဲပြားကာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ ရပ်ဂျ်နီးရှ်ကလည်း ဤကမ္ဘာလောကကြီးတွင် သူ၏ တပည့်သာဝကများသာလျှင် လွတ်မြောက်ကျော်လွှားနိုင်သည်ဟူ၍မြင်လာသည်။

၁၉၈၁ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်နိုင်ငံ Oregon နယ် Big Muddy Ranch သို့ ရောက်လာပြီးအခြေချသည်။ ၁၉၈၅ ခုနှစ် တွင် ရပ်ဂျ်နီးရှ်ဘုံရွာကြီးတစ်ခုကို သူ၏တပည့်များနှင့်ထူထောင်ပြီး စုပေါင်းလယ်ယာလုပ်ငန်းများကို စုပေါင်းလုပ်အားဖြင့် အကောင်အထည် ဖော်ရန် ကြိုးစားတည်ဆောက်ခဲ့ သည်။ သူ့စီမံချက်များသည် ငွေကြေးဆိုင်ရာပြဿနာ၊ ဥပဒေနှင့်နိုင်ငံရေးဆိုင်ရာအခက်အခဲ၊ အဆိပ်ခပ်ခြင်း တယ်လီဖုန်းကြားဖြတ်နားထောင်ခြင်းစသည့် စွပ်စွဲချက်များကြောင့် အကောင်အထည်မဖော်နိုင်လောက်အောင်ဖြစ်လာသည်။ ရပ်ဂျ်နီးရှ်သည် အမေရိကန်နိုင်ငံမှ ၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် လူဝင်မှုကြီးကြပ်ရေး ဌာနအားလိမ်လည်သည်ဟူသော စွပ်စွဲချက်ဖြင့် ရှောင်တိမ်းခဲ့ရသည်။ ကမ္ဘာအနှံ့ခြေဆန့်ပြီး မူလအက်ရှ်ရမ် တရားစခန်းသို့ ၁၉၈၇ ခုနှစ်တွင်ပြန်ရောက်လာသည်။ နောင် ၂ နှစ်အကြာတွင် သူ့အမည်ကို အိုရှိုဟူ၍ ပြောင်းလိုက်သည်။ အိုရှိုဆိုသည်မှာ အဓိပ္ပာယ်အမျိုးမျိုးသတ်မှတ်နိုင်သော်လည်း သူက သမုဒ္ဒရာအတွင်း ဘဝတွေအားလုံး သက်ဆင်းကွယ် ပျောက်ခြင်းဆိုသည့် အဓိပ္ပာယ်ကိုယူထားသည်။

အက်ရှ်ရမ်တွင် တပည့်သာဝကပေါင်း ၁၅၀၀၀ အထိတိုးပွားလာသည်။ သူကွယ်လွန်သည့် ၁၉၉၀ နောက်ပိုင်းတွင် သူ့ပည့်များသည် အက်ရှ်ရမ်တွင်ဆက်လက်နေထိုင်ပြီး အိုရှိုနိုင်ငံတကာဘုံအဖွဲ့ကို တည်ထောင်ခဲ့ကြသည်။ ယနေ့တိုင် သူ့ဝါဒ သူ့သဘောတရား၊ သူ့ဒဿနများကိုလေ့လာရန် တရားစခန်းသို့လာရောက်ခြင်း၊ တရားထိုင်ခြင်း၊ တရားမှတ်ခြင်းများပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။