အိုအေစစ်
အိုအေစစ် (အင်္ဂလိပ်: oasis) သည် ပထဝီဝင်ဘာသာရပ်၌ ကန္တာရ (သို့) တစ်ပိုင်းကန္တာရတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သောမြေ (ရံခါတွင် စွန်ပလွံပင်များရှိသောမြေ) ဟူ၍ ဖွင့်ဆိုသည်။[၁] အိုအေစစ်များသည် တိရစ္ဆာန်၊ အပင်များအတွက် ပေါက်ဖွားမှီခိုရာနယ်မြေကိုလည်း ထောက်ပံ့ပေးထားကြ၏ ။
လေယူဆောင်သွားသော သဲများသည် တစ်နေရာ၌ ကျရောက်စုပုံမိသောအခါ ရိုးကလေးများ၊ တောင်တန်းကလေးများသဖွယ် သဲခုံများဖြစ်ပေါ်လာသည်။ ကန္တာရအတွင်း၌ စိမ့်စမ်းများ၊ ရေတွင်းများ၊ မြက်ပင်များ၊ စွန်ပလွံပင်များရှိသော နေရာကလေးများ ရှိ၏။ ထိုနေရာမျိုးကို အိုအေစစ်ဟု ခေါ်သည်။ ရေမွတ်သိပ်လျက် ပင်ပန်းနွမ်းနယ်လာသော ကန္တာရခရီးသည်များသည် ထိုအိုအေစစ်ခေါ် ကန္တာရရိပ်သာများ၌ ခေတ္တဝင်နားကြရ၏။ အချို့အိုအေစစ်များမှာ ခရီးသည်များအပန်းဖြေရန် စခန်းငယ် မျှသာ ဖြစ်သော်လည်း အချို့မှာမူ လူနေအိမ်ခြေ စည်ကားသော ရွာကြီးများဖြစ်ကြသည်။ ကန္တာရများအတွင်း သက်ရှိသတ္တဝါဟူ၍ မရှိသလောက် ရှားပါး၏။ သစ်ပင်ဆိုကလည်း အချို့နေရာများ၌သာ ရှား စောင်းပင်များကို တွေ့ရ၏။ လူများသည်လည်း အိုအေစစ်ခေါ် ကန္တာရရိပ်သာတို့နှင့် သဲကန္တာရအစွန်အဖျား အရပ်များ၌သာ အိုးအိမ် အတည်တကျနှင့် နေထိုင်ကြသည်။ မြက်အနည်းငယ် ပေါက်ရောက်သော နေရာများ၌ သိုးဆိတ်များကို ထိန်းကျောင်း ၍ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေထိုင်ကြ သည်။
ယေဘုယျဖော်ပြချက်
ပြင်ဆင်ရန်အိုအေစစ်များသည် မြေအောက်ရှိမြစ်များ (သို့) မြေအောက်ရေများ ပုန်းခိုအောင်းနေသည့်အလွှာကဲ့သို့သော ရေချိုရင်းမြစ်များသည် မြေမျက်နှာပြင်ပေါ်သို့ သဘာဝအတိုင်းသော်လည်းကောင်း လူလုပ်တွင်းများမှသော်လည်း ရောက်ရှိလာသောအခါ ဖြစ်ပေါ်လာကြသည်။ သို့မဟုတ်ပါက ခြောက်သွေ့သောနယ်မြေသာဖြစ်ပေါ်နေမည်ဖြစ်၏ ။ အိုအေစစ်များသည် တစ်ခုနှင့်တစ်ခု အရွယ်အစားမတူညီကြပေ။ ရေတွင်း (သို့) စမ်းချောင်းငယ်ဘေးရှိ စွန်ပလွံပင်များပေါက်ရောက်မှုမှသည် မြို့ကြီးတစ်ခုနှင့် ရေသွင်းစိုက်ပျိုးနိုင်သော ကောက်ပဲသီးနှံ့စိုက်ခင်းများရှိသည်အထိ ဖြစ်နိုင်သည်။ စွန်ပလွံပင်၊ ဝါပင်၊ သံလွင်ပင်၊ ရှောက်ပင်၊ ဂျုံ၊ ပြောင်း စသည်တို့သည် အိုအေစစ်များတွင် တွေ့ရများသော အပင်များဖြစ်ကြ၏ ။
ကန္တာရကတိုက်သောလေကြောင့် သဲများသည် ရေတွင်း၊ ရေအိုင်နှင့် စိုက်ပျိုးနိုင်သောနေရာများကို ခြိမ်းခြောက်ကြသည့်အပြင် သဲများသည် ကောက်ပင်များကို ဖျက်ဆီးပြီး ရေထုကို ညစ်ညမ်းစေနိုင်လေသည်။ အိုအေစစ်များတွင် နေထိုင်သော လူမှုအသိုင်းအဝိုင်းများက အိုအေစစ်ပတ်လည်တွင် ထန်းပင်ကဲ့သို့သော သန်မာခိုင်ခန့်သည့် အပင်များကို စိုက်ပျိုးကြသည်။ အကြောင်းမှာ ကန္တာရ၏ သဲများက အပင်များကို မဖျက်ဆီးစေရန်နှင့် ရေထုကို ကာကွယ်ရန်ဖြစ်သည်။[၂]
မိုးရွာသွန်းမှုသည် သဘာဝအတိုင်းဖြစ်ပေါ်နေသော အိုအေစစ်များကို အရှည်တည်တန့်စေရန် မြေအောက်ရေကို ဖြစ်ပေါ်စေသည်။ ရေစိမ့်မဝင်နိုင်သော ကျောက်တုံး၊ ကျောက်ခဲ မြေအောက်အလွှာများက ရေကို ဖမ်းယူထား၍ ၎င်းတို့၏ အပေါက်များထဲတွင် ထိန်းသိမ်းထားသည်။ နောက်ထပ်ထိန်းသိမ်းထားနိုင်ပုံမှာ မြေလွှာပြတ်ရွေ့မှုများကြောင့် ဖြစ်ပေါ်လာသော မြေအောက်တောင်ကြောတစ်လျှောက် (သို့) မီးတောင်ချော်ရည်လမ်းကြောင်းများတွင် ရေများစုဝင်နိုင်ပြီး မြေပြင်ပေါ်သို့ စမ့်ထွက်လာသည့်ပုံစံဖြစ်သည်။
ဆာဟာရကန္တာရအောက်တွင် ကမ္ဘာ့အကြီးဆုံး မြေအောက်ရေကြောအချို့တည်ရှိကြသဖြင့် အိုအေစစ်ပေါင်း (၉၀) ခန့် ဆာဟာရတွင်ရှိသည်။ အမေရိကန်ပြည်ထောင်စု ပမာဏခန့်ရှိသော ကမ္ဘာ့အကြီးဆုံး ဆာဟာရကန္တာရသည် အိုအေစစ်များစွာရှိသော်လည်း တစ်လုနှင့်တစ်ခုကြား ခရီးသွားရန် ရက်များစွာကြာနိုင်သည်။
ထိုအကြောင်းများကြောင့် ဆာဟာရနှင့် အခြားသော ကန္တာရများ၏ အိုအေစစ်များသည် ကုန်သွယ်ရေးခရီးအတွက် အရေးပါသော တစ်ထောက်နားစခန်းများဖြစ်လာခဲ့ကြလေသည်။ ဆော်ဒီရှိ အယ်လ် ဟာဆာ အိုအေစစ်သည် နှစ်ပေါင်းထောင်ချီ၍ အာရေးဘီးယားကျွန်းဆွယ်အတွက် အရေးပါသော စိုက်ပျိုးရေးနေရာဒေသတစ်ခုဖြစ်ခဲ့ပြီး ယနေ့ထိတိုင် စိုက်ပျိုးရေးဒေသအဖြစ် ဦးဆောင်တာ်ရှိနေဆဲဖြစ်၏ ။
ကန္တာရအချို့ကို ဖြတ်သန်းစီးဆင်းသော မြစ်များသည် ကြီးမားရှည်လျားသော အိုအေစစ်ကြီးများ၏ ထာဝရရေထောက်ပံ့ရာရင်းမြစ်ဖြစ်သည်။ စိုက်ပျိုးဖြစ်ထွန်းသော နိုင်းမြစ်ဝှမ်းနှင့် အီဂျစ်မြစ်ဝကျွန်းပေါ်သည် နိုင်းမြစ်မှ ရေအထောက်အပံ့ရယူ၍ ကြီးမားသော အိုအေစစ်အမျိုးအစား၏ စံပြဖြစ်လေသည်။ ၂၂,၀၀၀ စတုရန်း ကီလိုမီတာရှိကာ ကမ္ဘာပေါ်တွင် အရှည်ဆုံးသော အိုအေစစ်ဖြစ်သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ (in ပြင်သစ်) Battesti, Vincent (2005) Jardins au désert: Évolution des pratiques et savoirs oasiens: Jérid tunisien. Paris: IRD éditions. ISBN 978-2-7177-2584-1.
- ↑ ၂.၀ ၂.၁ "oasis" (in en)၊ National Geographic Society၊ 2011-06-10။[လင့်ခ်သေ]