ပိရမစ်များကို တည်ဆောက်သည့် မင်းဆက်ပျက်သုဉ်းသွားသည့် နောက်တွင် အီဂျစ်ပြည်သည် နှစ်ပေါင်း အတော်ကြာကြာ မငြိမ်မသက်ဖြစ်နေခဲ့သည်။ အရည်အချင်းပြည့်ဝပြီး တစ်နိုင်ငံလုံးကို ပြန်လည် တည်ထောင်စုစည်းနိုင်သည့် ခေါင်းဆောင်ကောင်းလည်း ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ ထိုကာလများအတွင်း နယ်စားအသီးသီးက ဖာရိုးဘွဲ့အသီးသီးခံယူကာ ကိုယ့်နယ်ကိုယ့်မင်း ပုံစံဖြင့် တကွဲတပြား သီးခြားစီ အုပ်စိုးနေကြသည်။ နှစ်ပေါင်း အတော်ကြာမှ ဖာရိုးတစ်ပါးသည် ကျန်ပြိုင်ဖက်များကို အနိုင်ယူကာ တိုင်းပြည်ကို ပြန်လည် စုစည်းနိုင်ခဲ့သည်။ အဆိုပါ နှစ်ပေါင်း ၆၀၀ကျော်ကြာ နယ်စားခေတ်မှာ အီဂျစ်တောင်ပိုင်းတွင် အခြေတည်ပြီး တောင်ပိုင်းမင်းများ၏ ရာဇဝင်တစ်ရပ်ပင်ဖြစ်တော့သည်။

ယဉ်ကျေးမှု ပြင်ဆင်ရန်

နယ်စားခေတ်သည် ပိရမစ်များခေတ်ကဲ့သို့ အဆောက်အဦးကြီးများကို အားသွန်ခွန်စိုက် ဆောက်လုပ်ရန် ကြိုးပမ်းသည် မရှိတော့ပေ။ စာရိတ္တမဏ္ဍိုင် ကြံခိုင်လာစေရေးကိုသာ ပြုပြင်ရန် အားထုတ်တော့သည်။ နယ်စားများ၏ နန်းဆောင်များတွင် စာကြည့်တိုက်များပါရှိကြသည်။ ၎င်းတို့မှာ ကမ္ဘာ့ရှေးအကျဆုံး စာကြည့်တိုက်များလည်း ဖြစ်ကြသည်။ စာအုပ်များမှာ ယခုခေတ် စာအုပ်များကဲ့သို့ မဟုတ်ဘဲ ပပိုင်းရပ်စ်စက္ကူလိပ်ပေါ်တွင် လက်ရေးဖြင့် ရေးသားထားသည့် စာအုပ်စာလိပ်မျိုးဖြစ်သည်။ အများအားဖြင့် ပြည်သူလူထု၏ ပင်ပန်းဆင်းရဲမှုများနှင့် အခက်အခဲများကို ရေးဖွဲ့ထားခြင်းဖြစ်ပြီး အချို့စာအုပ်များတွင်မူ ကယ်တင်ရှင်အဖြစ် မျှော်လင့်ထားကြသည့် မက်ဆိုင်းယား(Messiah) အကြောင်း ဖွဲ့နွဲ့မျှော်လင့် ရေးသားထားသည်များ ဖြစ်ကြသည်။ အကျိုးဆက်အနေဖြင့် အုပ်စိုးသူလူတန်းစား နှင့် ပြည်သူများအကြားတွင် နားလည်မှု၊ သဘောထားပျော့ပြောင်းညင်သာမှုနှင့် လွတ်လပ်ပွင့်လင်းမှုများ တိုးပွားစေပြီး အုပ်စိုးသူများ၏ ဖြောင့်မတ်မှန်ကန်ရေးကို ဖြစ်ထွန်းစေသည်။ ဘာသာရေးအားဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကိုလည်း ကိုင်းရှိုင်းယုံကြည်လာကြသည်။ ထူးခြားချက်မှာ အချို့သော ဖာရိုးများသည့် အာဖရိကန်သွေးနှောနေခြင်းဖြစ်သည်။

ဟစ်ဆောများနှင့် တိုက်ခိုက်ခြင်း ပြင်ဆင်ရန်

နယ်စားများခေတ်တွင် အုပ်ချုပ်သူများသည် အမြော်အမြင်ရှိပြီး ကမ္ဘာတွင် ရှေ့တန်းနိုင်ငံ အဖြစ်သို့ရောက်အောင် တွန်းတင်နိုင်ခဲ့ကြသည်။ ဘီစီ ၁၈၀၀ခန့်တွင် အီဂျစ်အရှေ့မြောက်ပိုင်းဒေသများမှ အာရှအနွယ်ဝင် ဟစ်ဆော(Hyksos)လူရိုင်းများက ဝင်ရောက်ကျူးကျော်ကြသည်။ ဟစ်ဆောများသည် စစ်မြင်းရထားများ၊ သံလက်နက်များကို အသုံးပြုကြသည်။ အီဂျစ်တို့အနေဖြင့် ထိုအချိန်အထိ မြင်း သတ္တဝါအား ကောင်းသွာ မရင်းနှီးသေးသဖြင့် စစ်ရေးစစ်ရာအားဖြင့် ကျွမ်းကျင်သည့်တိုင် ဟစ်ဆောများ၏ လျင်မြန်မှုကို မယှဉ်နိုင်သဖြင့် အညံ့ခံလိုက်ရသည်။

သို့ဖြင့် လူရိုင်းဟစ်ဆောများသည် ဝတ်ကျောင်းများကိုဖျက်ဆီးခြင်း၊ ရွှေငွေ အဖိုးတန်များကို လုယူကြခြင်း စသည့်လုပ်ရပ်များကို ကျူးလွန်လာကြသောအခါ အီဂျစ်အမျိုးသားတို့သည်လည်း ၎င်းတို့ကို တတ်စွမ်းသ၍ ခုခံတော်လှန်လာကြသည်။ ထိုသို့ တော်လှန်နေကြသည့်တိုင် ဟစ်ဆောများသည် သိုးကျောင်းသား ရှင်ဘုရင်များဟု အမည်ခံကာ အီဂျစ်နိုင်ငံကို နှစ် ၂၀၀နီးပါးမျှ အုပ်စိုးခဲ့သေးသည်။ ဘီစီ ၁၆၀၀ ခန့်ရောက်သော အခါမှ အေးမို့စ်(Amos) အမည်ရှိ အီဂျစ်အမျိုးသားခေါင်းဆောင် တစ်ဦးပေါ်ထွန်းလာပြီး အုပ်စိုးသူ ဟစ်ဆောတို့အား တိုက်ထုတ်လိုက်သဖြင့် အီဂျစ်လူမျိုးတို့ တစ်ဖန် လွတ်လပ်ကြသည်။