ခေတ်မီကင်းထောက် ရေဒါလေယာဉ်ဖြစ်သည်။ အင်္ဂလိပ် အက္ခရာ အတိုကောက် အေ၊ ဒဗလျူ၊ အေ၊ စီ၊ အက်စ ဖြစ်၍ ဝေဟင်မှ ကြိုတင်သတိပေး ထိန်းချုပ်ရေးစနစ်သုံး လေယာဉ် ဟူ၍ အဓိပ္ပာယ်ရသည်။

အမေရိကန်ပြည်ထောင်စု ဘိုအင်းကုမ္ပဏီမှ ထုတ်လုပ်ပြီး တီအက်ဖ ၃၃ အင်ဂျင်လေးလုံးတပ်ဆင်ထားသည်။ လေယာဉ် အမြင့် ၄၂′၊ အလျား ၁၂၅′နှင့် တောင်ပံတစ်ဘက်စွန်းမှ တစ်ဘက်စွန်း ၁၄၅′ ရှိသည်။ ယာဉ်၏အလေးချိန်သက်သက် ၁၇၂ဝဝဝ ပေါင်ရှိသည်။ အများဆုံးဝန်ချိန် ၃၂၅ဝဝဝ ပေါင်ဖြင့် ပျံသန်းနိုင်သည်။ အမြင့်ပျံတနာရီမိုင် ၆ဝဝ နှုန်းခန့်၊ အနိမ့်ပျံတစ်နာရီမိုင် ၃ဝဝ နှုန်းခန့် ပျံသန်းနိုင်သည်။ ပုံမှန်အားဖြင့် အမြင့်ပေ ၄ဝဝဝဝ အထက်မှနေ၍ ပျံသန်းထောက် လှမ်းနိုင်သည်။ ဆီထပ်မံဖြည့် တင်းခြင်းမပြုရပဲ ၁၂ နာရီ တောက်လျှောက် ပျံသန်းနိုင်သည်။

အေဝက်စလေယာဉ် ထုတ်လုပ်ရေး စီမံချက်ကို ၁၉၆၃ ခုနှစ်တွင် စတင်ခဲ့သည်။ အေဝက်စသည် အခြေခံအားဖြင့် အမှတ် ၇ဝ၇-၃၂ဝ ဘီ ဘိုးအင်းလေယာဉ်ကို အီး-၃ အေ ကင်းထောက်လေယာဉ်အဖြစ် ပုံစံပြောင်းထားခြင်းဖြစ်သည်။ ယင်းကို ၁၉၇၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စမ်းသပ်ပျံသန်းခဲ့သည်။ ယခုအခါ နေတိုးစစ်စာချုပ်ဝင် နိုင်ငံများတွင် ၁၈ စင်းနှင့် အမေရိကန်လေတပ်တွင် ၃၄ စင်းရှိသည်။

အေဝက်လေယာဉ်တွင် လက်နက်တပ်ဆင်ထားခြင်းမရှိချေ။ သို့သော် အဆင့်မြင့်ရေဒါများနှင့် ဆန်းပြားသော အီလက်ထရွန်းနစ် ထောက်လှမ်းရေး ပစ္စည်းကိရိယာ မျိုးစုံကို တပ်ဆင်ထားသည်။ လေယာဉ်ကိုယ်ထည်၏ နောက်ပိုင်းအပေါ်ဘက်တွင် အချင်းဝက် ပေ ၃ဝ နှင့်အထူ ၆ ပေရှိသော သံပရာခြမ်းလိပ်ခုံးကြီး ရှိသည်။ ယင်းလိပ်ခုံးအတွင်းတွင် အကျယ် ၂၄ ပေ၊ အမြင့် ၅ ပေရှိပြီး တစ်မိနစ်လျှင် ခြောက်ကြိမ်ကျ လည်ပတ်နေသော သတင်းဖမ်းယူထုတ်လွှင့်သည့် ရေဒါနှင့် ကွန်ပျူတာကိရိယာများ တပ်ဆင်ထားသည့်အပြင် အထူးခေတ်မှီသည့် ဘက်စုံထောက်လှမ်းရေး ကိရိယာများလည်း တပ်ဆင်ထားသည်။

အေဝက်စ အီး-၃ အေ တစ်စင်းလျှင် ဒေါ်လာသန်းပေါင်း ၅ဝဝ ခန့်တန်ဖိုးရှိသည်။ ဒေါ်လာသန်း ၁ဝဝ ခန့်မှာ ယင်းကွန်ပျူတာများအတွက် ကုန်ကျရသည်။ ယင်းကွန်ပျူတာများသည် တစ်စက္ကန့်လျှင် အလုပ်မျိုးစုံ လုပ်ဆောင်နိုင်သည်။ အေဝက်စတွင် လေသူရဲလေးဦးနှင့် ထိန်းသိမ်းကွပ်ကဲရေးစနစ်ကို ကိုင်တွယ် ထိန်းသိမ်းသူ ၁၃ ဦး တာဝန်ထမ်းဆောင်သည်။ အေဝက်စလေယာဉ်သည် ပျံသန်းရေးနှင့် ထောက်လှမ်းရေး လေယာဉ်ဖြစ်သကဲ့သို့ စီမံကွပ်ကဲ ထိန်းသိမ်းရေး ဌာနလည်း ဖြစ်သည်။ ကွန်ပျူတာလမ်းညွှန်စနစ်၊ မိုက်ကရိုဝေ့များကို အသုံးပြု၍ ရန်သူ လေယာဉ်အား ကြိုတင်ထောက်လှမ်းနိုင်ရုံမျှမက လေကြောင်းတိုက်ခိုက်ရေး စနစ်တစ်ခုလုံးကို အမြန်ဆုံး ကြိုတင်ပြင်ဆင် ကွပ်ကဲလမ်းညွှန်ပေးနိုင်သည်။ ပေ ၂၉ဝဝဝ အမြင့်မှပျံသန်းယင်း ထောက်လှမ်းလိုသည့် ပစ်မှတ်နှင့် ယင်း၏မိုင် ၂ဝဝ စက်ဝန်းအတွင်း တစ်နာရီမိုင် ၉ဝ နှုန်းအထက် အမြန်နှုံးဖြင့် လှုပ်ရှားပျံသန်းနေသော ရန်သူပစ်မှတ်အားလုံးကို အသေးစိတ်ကြည့်နိုင်သည့်အပြင် မြေပြင်ရေဒါများ ထောက် လှမ်းမရသည့် ယာဉ်ရထား သွားလာလှုပ်ရှားမှုတို့ကိုပါ အကုန်အစင် သိနိုင်စွမ်းရှိသည်။ ယင်းသို့ လှုပ်ရှားထောက်လှမ်းမှုများကို အခြားရေဒါစခန်းများက ဖမ်းမိနိုင်စွမ်းမရှိပဲ ယင်းကသာ အခြားလေယာဉ်ပျံသန်းပုံ အလုံးစုံကို ဖမ်းယူနိုင်စွမ်းရှိသည်။ ထို့ပြင် ရန်သူ့လေယာဉ် လာတိုက်မည့်အကြောင်းကို ကြိုတင် သတိပေးနိုင်ခြင်း၊ လေကြောင်းတိုက်ပွဲကို ညွှန်ကြားနိုင်ခြင်း၊ ရန်သူ့လေယာဉ်ကို ဆီးကြိုတိုက်ခိုက်နိုင်ရန် မိမိလေယာဉ်များကို ကြိုတင်ခေါ်ထားနိုင်ခြင်း၊ ရန်သူ့နယ်မြေ အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် ထောက်လှမ်းနိုင်ခြင်း၊ မိမိကွန်ပျူတာမှ မြေပြင်ကွန်ပျူတာသို့ပို့၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်နိုင်ခြင်း၊ မိုက်ကရိုဝေ့ကိုတွင် ကျယ်စွာသုံးသဖြင့် ထိရောက်မြန်ဆန်မှုရှိခြင်း စသည့်ရည်မှန်း ချက် ၁၃ ခုကို တပြိုင်တည်း ဆောင်ရွက်နိုင်သည်။ ထို့ပြင် လေယာဉ်ကို ရန်သူက ပြန်ပေးဆွဲသွားခြင်းမျိုးမှ ကာကွယ်နိုင်ရန် လိုအပ်ပါက မြေပြင်မှနေ၍ လေယာဉ်အား ဖောက်ခွဲပစ်နိုင်သော ကိရိယာလည်း တပ်ဆင်ထားသည်။ အေဝက်စ၏ အီလက်ထရွန်းနစ် တုံ့ပြန်နှောင့်ယှက်မှုနည်းစနစ်သည် ရန်သူ၏ ရေဒါနှောင့်ယှက်မှုများကို ကျော်လွှားနိုင်စွမ်းရှိသည်။

အေဝက်စသည် လေယာဉ်သမိုင်းတစ်လျှောက်တွင် အဖိုးအတန်ဆုံးနှင့် အစွမ်းအထက်မြက်ဆုံး ကင်းထောက် ရေဒါလေယာဉ်ဖြစ်သည်။ ထိုနည်းတူ စွမ်းအားထက်မြက်သော ဆိုဗီယက်ပြည်ထောင်စုလုပ် လေယာဉ်အမျိုးအစားမှာ တီယူ-၁၂၆ မော့စ အမျိုးအစားဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ ဆအူးဒီအာရေဗျနိုင်ငံသို့ အေဝက်စ ငါးစင်းအပါအဝင် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးရေးကိစ္စကို ၁၉၈၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် အမေရိကန်အထက်လွှတ်တော်မှ သဘောတူ အတည်ပြုခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)